backup og meta

ကလေးများ အူကျ ခြင်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 27/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးများ အူကျ ခြင်း

    လူကြီးတွေမှာ အူကျ တာကတော့ လူသိများပါတယ်။ ဒီလိုပဲ ကလေးတွေမှာလည်း အူကျတတ်ပါတယ်။ မွေးစအရွယ်ကနေစပြီး လမ်းလျှောက်တဲ့အရွယ်အထိ  ကလေးများ အူကျ တတ်ပါတယ်။

    ကလေးများ အူကျ တဲ့ပြဿနာ

    ကလေးတွေမှာ အူကျတာက လူကြီးတွေနဲ့ တူပါတယ်။ ဝမ်းဗိုက်ကြွက်သားတွေမှာ အားပျော့နေတဲ့နေရာရှိတဲ့အခါ အဲ့ဒီနေရာကနေ အူက ကျွံထွက်လာတာပါ။ အပြင်ကနေ ကြည့်ရင်တော့ ဖောင်းနေတာလေးပဲ မြင်ရမှာပါ။

    ကလေးတွေမှာ အဖြစ်များတဲ့ အူကျတဲ့ ပြဿနာ ၂မျိုးရှိပါတယ်။

    ကလေးလေးတွေမှာ ဘာကြောင့် အူကျ ရတာလဲ။

    ကလေးတွေမှာ အူကျတာက မွေးကင်းစအရွယ်တည်းက ဖြစ်နိုင်ပါတယ်။ မွေးစမှာ တခြားအင်္ဂါတွေ ဖွံ့ဖြိုးဆဲဖြစ်နေသလို ဝမ်းဗိုက်ကြွက်သားတွေကလည်း ကောင်းကောင်း မဖွံ့ဖြိုးသေးပါဘူး။ ဒါကြောင့် ကြွက်သား အားနည်းတဲ့ နေရာတွေကနေ အူကျလာတာပါ။

    • ပေါင်ခြံမှာ အူကျခြင်း

    လူကြီးတွေမှာလိုပဲ ကလေးတွေမှာ inguinal canal ဆိုတဲ့ ပိုက်လိုမျိုး လှိုဏ်ခေါင်းလေးရှိပါတယ်။ ပေါင်ခြံမှာ ရှိပြီး ဗိုက်နဲ့ အောက်က မျိုးပွားအင်္ဂါ (မိန်းမကိုယ်/ ကပ္ပာယ်အိတ်)ကို ဆက်ထားတာပါ။ ယောကျာ်းလေးတွေရဲ့ ဝှေးစေ့က အမေ့ဗိုက်ထဲမှာတုန်းက ဝမ်းဗိုက်ထဲမှာ ရှိတာပါ။ ဒီကနေ ကပ္ပာယ်အိတ်ထဲကို ဆင်းလာဖို့ ခုနကလှိုဏ်ခေါင်းလေးကို ဖြတ်လာရပါတယ်။

    မွေးစမှာ လှိုဏ်ခေါင်းလေးရဲ့ ဟိုဘက်  ဒီဘက် အပေါက်နှစ်ခုက ကျပ်ပြားဝိုင်းနှစ်ခု ထပ်ထားသလို တိုးလျိူးပေါက် ဖြစ်နေပါတယ်။ မွေးပြီးရင် ဒီလှိုဏ်ခေါင်းလေးက ရှည်ပြီး စောင်းလာတဲ့အခါ အပေါက်နှစ်ခုလွဲသွားပါတယ်။ ဆိုလိုတာက အူတွေက အပေါက်မကျွံတော့ပါဘူး။

    ဒါပေမယ့် တချို့ကလေးတွေမှာ ဒီလှိုဏ်ခေါင်းလေးက ကောင်းကောင်းရှည်မလာတဲ့အတွက် အူက အပေါက်ကနေ တိုးထွက်လာပါတယ်။ ဒါကို အူကျတယ်လို့ ခေါ်တာပါ။ ဒီလို ပေါင်ခြံကနေ အူကျတာကို မွေးကင်းစ ယောကျာ်းလေးတွေမှာ အတွေ့ရများပါတယ်။

  • ချက်ကနေ အူကျခြင်း
  • ကိုယ်ဝန်ဆောင်ချိန် သန္ဓေသားဘဝ ချက်ကြိုးထွက်တဲ့နေရာလေးမှာ အပေါက်လေး ရှိနေပါတယ်။ မွေးလာပြီးရင်တော့ ဒီအပေါက်လေးက ပိတ်သွားရမှာပါ။ တစ်ခါတလေတော့ ဒီအပေါက်လေးက ပိတ်မသွားတာမျိုး ရှိပါတယ်။ ဒါဆိုရင်တော့ အူက အဲ့ဒီအပေါက်ကနေ  ကျွံလာမှာပါ။

    ကလေးတိုင်း အူကျ မှာလား။

    ကလေးတိုင်းက အူကျတာမျိုးတော့ မဟုတ်ပါဘူး။ အောက်ပါအချက်တွေ ရှိနေရင်တော့ အူကျနိုင်ခြေ များပါတယ်။

    • လမစေ့ဘဲ မွေးတာ
    • မိဘ ဒါမှမဟုတ် မောင်နှမတွေကြားမှာ ကလေးဘဝတည်းက အူကျတတ်တဲ့ မျိုးရိုးရှိတာ
    • cystic fibrosis လို့ခေါ်တဲ့ ရောဂါတစ်မျိုး ရှိနေတာ
    • မွေးရာပါ ပေါင်ရိုးချောင်နေတဲ့ ရောဂါရှိနေတာ
    • ယောကျ်ားလေးတွေမှာ မွေးရာပါ ဝှေးစေ့က ဗိုက်ထဲမှာ ကျန်နေတာ
    • ဆီးလမ်းကြောင်း ဒါမှမဟုတ်  မျိုးပွားအင်္ဂါတွေမှာ ပြဿနာတစ်ခုခု ရှိနေတာ စတဲ့ ကလေးတွေမှာ ပိုပြီး ဖြစ်နိုင်ပါတယ်။

    ကလေးများ အူကျ ခြင်း

    ကလေးများ အူကျ တဲ့အခါ

    အူကျတာက မွေးစတည်းက ဖြစ်နိုင်ပေမယ့် လက္ခဏာကို သတိထားမိကြတာက မွေးပြီး ရက်သတ္တပတ် အနည်းငယ် ဒါမှမဟုတ် လပိုင်းလောက်နေမှပါ။

    •  ပေါင်ခြံမှာ အူကျရင် ပေါင်ခြံ ဒါမှမဟုတ် ကပ္ပာအိတ်မှာ ဖောင်းနေမှာပါ။
    • ချက်မှာ အူကျွံရင်တော့ ချက်ပတ်လည်မှာ ဖောင်းနေတတ်ပါတယ်။

    ၂ခုလုံးမှာ တူညီတဲ့အချက်ကတော့

    • ကလေးငိုတဲ့အခါ၊ ချောင်းဆိုးတဲ့အခါ၊ ဝမ်းညှစ်တဲ့အခါ ပိုပြီး ဖောင်းလာပါတယ်။
    • ကလေး သက်သောင့်သက်သာ ဖြစ်နေတဲ့အခါ ဖောင်းတာ လျော့သွားပါတယ်။
    • ဖောင်းတာက အလိုလို ပြန်ဝင်သွားတာ ရှိသလို လူကြီးက လက်နဲ့ တွန်းကြည့်တဲ့အခါ ဝင်သွားတာလည်း ရှိပါတယ်။

    တစ်ခါတလေမှာ ဖောင်းတာက ပြန်မဝင်သွားတာလည်း ရှိပါတယ်။ ဒါဆိုရင်တော့ အရေးကြီးပါတယ်။ အထဲက အူမှာ တစ်ခုခုဖြစ်နေတာ ဖြစ်နိုင်ပါတယ်။ ဖောင်းတာ ပြန်မကျတာနဲ့အတူ

    -ဗိုက်ကြီးတင်းနေရင်

    -ဗိုက်နာနေရင်

    -အန်ရင်

    ကလေးဂျီကျလွန်းရင်

    -ဖျားရင်

    -အူကျတဲ့နေရာက ရဲနေရင် ဆေးရုံအမြန်သွားသင့်ပါတယ်။

    အူကျတာကို မကုသဘဲ ထားလို့ရသလား။

    တချို့အခြေအနေတွေမှာ ဝမ်းဗိုက်က ကြွက်သားတွေ သန်မာလာရင် ကုစရာ မလိုဘဲ အလိုလို ပြန်ကောင်းလာတာမျိုးတွေရှိပါတယ်။

    ဒါပေမယ့် ဒါက အမြဲတမ်းတော့ မဟုတ်ပါဘူး။ ဘယ်အချိန်မှာပဲဖြစ်ဖြစ် အူကျတာက ပြန်မဝင်တော့ရင်၊ အပေါ်မှာ ပြောခဲ့တဲ့ လက္ခဏာတွေ ခံစားနေရရင် အူညပ်နေတာ ဖြစ်နိုင်ပါတယ်။ ဒီလိုမျိုး ညပ်နေရာကနေ အူကို သွေးမလျှောက်ဘဲ အူပုပ်တာ ဖြစ်နိုင်ပါတယ်။

    ဒါကြောင့် အူကျနေတဲ့ ကလေးမှာ အပေါ်မှာ ပြောခဲ့တဲ့ လက္ခဏာတွေကို အမြဲစောင့်ကြည့်သင့်ပါတယ်။

    ကလေးအူကျတာကို ဘယ်လိုကုသနိုင်မလဲ။

    ကုသနည်းတွေက လက္ခဏာ၊ ကလေးအသက်၊ သူရဲ့ နဂိုကျန်းမာရေး အခြေအနေ၊ အူကျတာ ဘယ်လောက်ဆိုးလဲပေါ် မူတည်ပါတယ်။

    • ပေါင်ခြံအူကျခြင်း

    ပေါင်ခြံအူကျတာကတော့ ခွဲဖို့ လိုနိုင်ပါတယ်။ အူကျတာကို သိသိချင်းပဲ ခွဲရမှာပါ။ လှိုဏ်ခေါင်းလေးထဲမှာ အူညပ်နေမှာ စိုးလို့ပါ။ ခွဲစိတ်မှုက ကြီးကြီးမားမား မဟုတ်ပါဘူး။ ဘာပြဿနာမှ မရှိရင် တစ်ရက်၊ ၂ရက်လောက်နေရင် ဆေးရုံဆင်းလို့ရပါတယ်။

    ချက်အူကျတာက များသောအားဖြင့် ကလေး အသက် ၁နှစ်လောက်ဆို အလိုလိုပြန်ကောင်းတတ်ပါတယ်။ ၅နှစ်လောက်ဆိုရင်တော့ ချက်က အပေါက်က ပိတ်သလောက်ရှိလို့ ကလေးတိုင်းတော့ ခွဲစိတ်စရာ မလိုပါဘူး။ ဒါပေမယ့်

    -အသက်ကြီးလာပေမယ့် အူကျတာ မသက်သာလာရင်

    -ဗိုက်ထဲကို ပြန်သွင်းလို့မရရင်

    -၃နှစ်ကျော်ပေမယ့် ဆက်ရှိနေသေးရင်တော့ ခွဲစိတ်ဖို့ လိုနိုင်ပါတယ်။

    ခွဲစိတ်တာကလည်း ပေါင်ခြံအူကျတာ ခွဲသလိုပါပဲ။ အခြေအနေကောင်းရင် ရက်ပိုင်းလောက်နဲ့ အိမ်ပြန်လို့ ရပါတယ်။

    ဒါကြောင့် ကလေးတွေမှာ အူကျတာက အဖြစ်များပါတယ်။ လတ်တလောမှာ ဆေးရုံမသွားနိုင်သေးရင်တောင် အရေးကြီးလက္ခဏာတွေကို သိထားဖို့ လိုပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 27/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement