ဘာလို့ အူကျ ရတာလဲ။ ဘယ်လိုကုသကြမလဲ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 4 ပတ် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဘာလို့ အူကျ ရတာလဲ။ ဘယ်လိုကုသကြမလဲ။

    အူကျ တယ်ဆိုတာ ခန္ဓာကိုယ်ထဲက ကလီစာတစ်ခုခု (ဥပမာ အူဖြစ်ဖြစ် ) အပြင်ကို ကျွံထွက်လာတာပါ။ အထူးသဖြင့် ဝမ်းဗိုက်ရဲ့ အားနည်းတဲ့ အပိုင်းကနေပေါ့။ အူကျတာက ဘာလက္ခဏာမှ မပြဘဲ ဒီတိုင်း ဖောင်းရုံလေးပဲ ဖြစ်နိုင်သလို တစ်ခါတလေ အရေးပေါ် ခွဲစိတ်ရမယ့် အခြေအနေမျိုးလည်း ရှိနိုင်ပါတယ်။ အူကျတာက လူတိုင်းသိတဲ့ ကပ္ပာယ်အိတ်ထဲကို အူကျတာ အပါအဝင် ပေါင်ခြံကနေ အူကျတာ၊ ချက်ပတ်လည်ကနေ အူကျတာ၊ အရင်ဗိုက်ခွဲထားတဲ့ နေရာကနေ အူကျတာ အမျိုးမျိုး ရှိနိုင်ပါတယ်။ အူကျတာရဲ့ အဓိက ကုသမှုကတော့ ခွဲစိတ်တဲ့ နည်းလမ်းပါပဲ။ ဒီဆောင်းပါးမှာ အူကျရင် ဘယ်လို ခံစားရမှာလဲ။ ဘယ်လိုနည်းလမ်းတွေနဲ့ ခွဲစိတ်ကုသလို့ ရလဲဆိုတာ ပြောပြပေးသွားပါမယ်။

    အူကျခြင်း အမျိုးအစားများ

    ခန္ဓာကိုယ်ရဲ့ တစ်နေရာရာမှာ အားနည်းတဲ့နေရာ weak point ရှိနေပြီဆိုရင် အဲ့ဒီနေရာကနေ အူကျတတ်ပါတယ်။ အတွေ့များတဲ့ အူကျခြင်း အမျိုးအစားတွေကတော့

    • Inguinal hernia (ဗိုက်ထဲက ကလီစာတွေက ဝမ်းဗိုက်အောက်ပိုင်းရဲ့ ကြွက်သားအားနည်းတဲ့နေရာ inguinal canalကနေ ထွက်လာတာပါ။ ပေါင်ခြံမှာ ခပ်ဖောင်းဖောင်း ဖြစ်နေတတ်ပါတယ်။)
    • Umbilical hernia (ချက်နားမှာ ရှိတဲ့ ဗိုက်ကြွက်သားတွေ အားနည်းတဲ့အတွက် ကလီစာတွေ ကျွံပြီး အပြင်ကို ဖောင်းထွက်နေတာပါ။)
    • Incisional hernia (အရင်ဗိုက်ခွဲထားတဲ့နေရာက ကြွက်သားတွေ အားနည်းလို့ ခွဲကြောင်းအမာရွတ်ကနေတဆင့် ကလီစာတွေ အပြင်ကို ဖောင်းထွက်တာပါ။)
    • Femoral hernia (Inguinal herniaလိုပဲ ပေါင်ခြံမှာ ခပ်ဖောင်းဖောင်းလေး တွေ့ရပါတယ်။ သေချာစမ်းကြည့်ရင် ဒီနှစ်မျိုးကို ခွဲနိုင်ပါတယ်။ အမျိုးသမီးတွေမှာ ပိုတွေ့ရပါတယ်။)

    အူကျ ရတဲ့ အကြောင်းရင်းများ

    အူကျတာဟာ ကြွက်သားအားနည်းတာနဲ့ အပေါ်က ဖိအား တစ်ခုခုကြောင့်ပါ။ ဖြစ်တဲ့ အကြောင်းရင်းပေါ်မူတည်ပြီး ခပ်မြန်မြန်ဖြစ်မှာလား၊ တဖြည်းဖြည်း ပိုဆိုးလာမှာလား စသဖြင့် ရှိပါတယ်။

    ကြွက်သားအားနည်းတာကို ဖြစ်စေတဲ့ အကြောင်းတွေကတော့

    • ကလေးတွေမှာ မွေးရာပါ ကြွက်သားအားနည်းတာ
    • အသက်ကြီးလာလို့ ကြွက်သားအားနည်းတာ
    • ခွဲစိတ်မှု ဒါမှမဟုတ် ထိခိုက်ဒဏ်ရာကြောင့် ကြွက်သားတွေ ထိခိုက်တာ
    • နာတာရှည် ချောင်းဆိုးတာ ဒါမှမဟုတ် နာတာရှည် အဆုတ်ရောင် ရောဂါကြောင့် ဗိုက်မှာ ဖိအားများလာတာ
    • ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေ လုပ်တာ၊ အလေးအပင်တွေ မ လွန်းတာ
    • ကိုယ်ဝန်ဆောင်တဲ့အချိန် (အထူးသဖြင့် အမြွာကိုယ်ဝန်)
    • ဝမ်းချုပ်တာကြောင့် ဝမ်းသွားတိုင်းမှာ အားနဲ့ ညှစ်ရတာ
    • အဝလွန်တာ
    • ဝမ်းဗိုက်ဖောရောင်တာ စတာတွေပဲ ဖြစ်ပါတယ်။

    အူကျခြင်းရဲ့ လက္ခဏာများ

    အတွေ့အများဆုံးကတော့ အူကျတဲ့နေရာမှာ ဖောင်းနေတာပါပဲ။ ဥပမာ ပေါင်ခြံမှာ အူကျတယ်ဆိုရင် ပေါင်ခြံနေရာမှာ ဖောင်းနေပါတယ်။ ဒီဖောင်းတဲ့ နေရာလေးက လှဲချလိုက်ရင် အထဲကို ပြန်ဝင်သွားပါတယ်။ မတ်တတ်ရပ်ရင်၊ ချောင်းဆိုးရင်၊ ရှေ့ကို ကုန်းလိုက်ရင် ပြန်ထွက်လာပါတယ်။

    တစ်ခါတလေ ဖောင်းနေတဲ့ နေရာမှာ နာတာ၊ အောင့်သက်သက် ဖြစ်တာမျိုး ဖြစ်တတ်ပါတယ်။ တချို့တွေမှာတော့ ဖောင်းရုံအပြင် ဘာလက္ခဏာမှ မခံစားရပါဘူး။

    အူကျတာကို ဘယ်လို ကုမလဲ။

    အူကျတာအတွက် အကောင်းဆုံး ကုသမှုကတော့ ခွဲစိတ်တဲ့ နည်းလမ်းပါပဲ။ အူကျတာက သေးတယ်၊ ဘာလက္ခဏာမှ မပြဘူး။ ဒါမှမဟုတ် လှဲလိုက်လို့ ပြန်ဝင်သွားတယ်ဆိုရင် မခွဲဘဲ ခဏစောင့်ကြည့်လို့ရပါတယ်။ ဒါပေမယ့် ထိရောက်တဲ့ ကုသနည်းကတော့ ခွဲစိတ်ပြီး ပြုပြင်တာပါပဲ။ မဟုတ်ရင် အောက်က အခြေအနေမျိုးအထိ ရောက်ပြီး အရေးပေါ်ကုသရတတ်ပါတယ်။

    • ဖောင်းတဲ့နေရာက နီရဲပြီး ပြာနှမ်းလာတာ (ဒါက အူကျတဲ့နေရာ သွေးမလျှောက်တော့လို့ အူပုပ်တော့မယ့် လက္ခဏာပါ။)
    • ရုတ်တရက် မခံနိုင်အောင် နာလာတာ
    • ပျို့အန်တာ
    • ဖျားတာ
    • ဝမ်းလည်းမသွားဘဲ လေပါမလည်တော့တာ စတာတွေပဲ ဖြစ်ပါတယ်။

    အူကျ တာကို ခွဲစိတ်ကုသမယ်ဆိုရင်

    အူကျတာကို ခွဲစိတ်ကုသမယ်ဆိုရင် နည်းလမ်းတွေ အများကြီး ရှိပါတယ်။ အူကျတဲ့ နေရာပေါ် မူတည်ပြီး ခွဲစိတ်မှု နည်းလမ်းတွေ အမျိုးမျိုးရှိပါတယ်။

    • Open surgery

    မေ့ဆေးပေးပြီး အူကျတဲ့နေရာနားမှာ ခွဲကြောင်းလေး ပေးလိုက်ပါတယ်။ ပြီးရင် ကျနေတဲ့ ကလီစာတွေ အူတွေကို ပြန်ထည့်ပြီး လျော့ရဲနေတဲ့ ကြွက်သားတွေကို ပြန်ချုပ်လိုက်ပါတယ်။ ကြွက်သားအားနည်းလွန်းပြီး အူကျတဲ့ အပေါက်ကျယ်လွန်းရင်တော့ နိုင်လွန်ဇကာကွက်နဲ့ ချုပ်ကြိုးတွေကို သုံးပြီး ခံချုပ်ပေးလိုက်ပါတယ်။ ဒါမှ နောက်တစ်ခါ အူကျွံနိုင်ခြေ နည်းသွားမှာပါ။

    • Laproscopic surgery

    ဒါကတော့ ပေါင်ခြံမှာ အူကျွံတာတွေအတွက် အသုံးများပါတယ်။ ခုနလို ခွဲကြောင်းပေးစရာ မလိုပါဘူး။ အူကျတဲ့နေရာနားမှာ အပေါက်သေးသေးလေးတွေ ဖောက်ပြီး laparoscope လို့ ခေါ်တဲ့ ကိရိယာလေးနဲ့ အပေါက်လေးကနေတဆင့် ခွဲစိတ်မှု လုပ်တာပါ။ ကင်မရာတပ်ထားတာကြောင့် ကိုယ်တွင်း အင်္ဂါတွေကို ရှင်းရှင်းလင်းလင်း မြင်ရပါတယ်။ ခွဲစိတ်တဲ့ အဆင့်တွေကတော့ တူတူပါပဲ။ ဗိုက်မှာ အကြီးကြီး ခွဲစရာ မလိုတဲ့အတွက် နာလန်ထ ပိုမြန်ပြီး ဆေးရုံမြန်မြန် ဆင်းလို့ရပါတယ်။

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 4 ပတ် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement
    advertisement
    advertisement
    advertisement