home

သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

ကလေးတွေမှာဖြစ်တဲ့ အရေပြားခြောက်တဲ့ပြဿနာ

ကလေးတွေမှာဖြစ်တဲ့ အရေပြားခြောက်တဲ့ပြဿနာ

အရေပြားခြောက်သွေ့တဲ့ပြဿနာကမွေးကင်းစကလေးတွေရော ကလေးငယ်တော်တော်များများမှာပါကြုံတွေ့ရနိုင်တဲ့ အရေပြားပြဿနာတစ်ခုပါ။ အရေပြားခြောက်တာက အရွယ်သုံးပါးစလုံးရှောင်လွှဲလို့မရတဲ့ အရာတစ်ခုဆိုပေမယ့် နူးညံ့အထိအခိုက်မခံတဲ့ကလေးငယ်တွေရဲ့ အရေပြားမှာတော့ ပိုဆိုးနိုင်ပါတယ်။

အသားအရေခြောက်တယ်ဆိုတာ

အရေပြားမှာ အသားအရေကိုစိုစွတ်ချောမွေ့နေစေအောင်ထိန်းသိမ်းပေးထားတဲ့ သဘာဝအဆီဓါတ်တွေရှိနေပါတယ်။ ကောင်းမွန်စွာမဖွံ့ဖြိုးတဲ့ ကလေးငယ်ရဲ့အရေပြားက အဆီကိုလုံလောက်စွာ မထုတ်လုပ်နိုင်ပါဘူး။ ဒီလိုမျိုး ကလေးအရေပြားကအဆီမထုတ်လုပ်တော့တဲ့အခါ အရေပြားကခြောက်သွေ့တာ၊ ဓါတ်မတည့်တာနဲ့ ယားယံခြောက်သွေ့တာမျိုးတွေဖြစ်စေနိုင်ပါတယ်။ တကယ်လို့ကလေးငယ်တွေမှာဖြစ်တဲ့ အရေပြားခြောက်တာကိုသေချာမကုဘူးဆိုရင် အရေပြားမှာကွဲအက်တာတွေ၊ ပိုးဝင်တာတွေဖြစ်လာနိုင်ပါတယ်။ကလေးငယ်တော်တော်များများကမွေးကင်းစကတည်းက အရေပြားကခြောက်သွေ့ပြီး အဖတ်လေးတွေလန်နေတာမျိုးရှိပါတယ်။ ဒါကပုံမှန်အနေအထားပါပဲ။ အချိန်ကြာလာတဲ့အမျှ သက်သာလာပါတယ်။

အရေပြားခြောက်သွေ့စေနိုင်တဲ့ အကြောင်းရင်းခံတွေ

ရေအလွန်အကျွံချိုးခြင်းနဲ့ ဆပ်ပြာအသုံးပြုခြင်း

ရေကိုအလွန်အကျွံချိုးတာနဲ့ ဆပ်ပြာတွေအသုံးပြုတာက အသားအရေကိုခြောက်သွေ့စေနိုင်ပါတယ်။ အရင်ကတည်းကအသားအရေခြောက်သွေ့နေမယ်ဆိုရင်တော့ ပိုပြီးဆိုးစေမှာသေချာပါပဲ။ ဆပ်ပြာကအရေပြားပေါ်က အဆီဓါတ်တွေကို ဖယ်ရှားလိုက်သလို အစိုဓါတ်ထိန်းသိမ်းမှုကိုလည်းခက်ခဲစေနိုင်ပါတယ်။ တချို့မိဘတွေကို ကလေးငယ်တွေကိုရေမကြာခဏချိုးပေးတတ်ပါတယ်။ ဒီအတွက် အရေပြားခြောက်သွေ့တာတွေပိုဆိုးလာပါတယ်။

ရာသီဥတုအနေအထား

ရာသီဥတုအနေအထားကလည်း ကလေးငယ်ရဲ့အရေပြားကိုထိခိုက်စေနိုင်ပါတယ်။ ပူပြင်းပြီး ခြောက်သွေ့တဲ့ရာသီဥတု (သို့မဟုတ်) အေးမြတဲ့ရာသီဥတုအခြေအနေတွေက အရေပြားပေါ်က အစိုဓါတ်ကိုနည်းပါးစေပြီး အရေပြားခြောက်သွေ့စေနိုင်ပါတယ်။

မျိုးရိုးလိုက်တဲ့ဝေဒနာ

နှင်းခူ (eczema) လိုမျိုး မျိုးရိုးလိုက်တဲ့ အရေပြားပြဿနာတွေကြောင့်လည်း ကလေးကအသားခြောက်နိုင်ပါတယ်။

အသားခြောက်နေပြီဆိုတဲ့ လက္ခဏာရပ်တွေ

အသားအရေခြောက်တာက တစ်ခါတလေမှာယားယံပြီး အဖတ်လေးတွေလန်တာမျိုးဖြစ်နေတတ်ပါတယ်။ ကလေးအရေပြားပေါ်မှာ ခပ်ကြမ်းကြမ်းအကွက်လေးတွေဖြစ်နေတာမျိုးလည်းရှိနိုင်ပါတယ်။ ဒီလိုမျိုးယားယံမှုတွေဖြစ်တဲ့အခါ ကလေးကအရေပြားကို ကုတ်တာ၊ ပွတ်တာမျိုးတွေဖြစ်လာပြီး အရေပြားမှာ ထိခိုက်တာမျိုးတွေဖြစ်လာနိုင်ပါတယ်။

ကလေးအသားအရေက အရမ်းခြောက်နေမယ်ဆိုရင် အရေပြားကွဲအက်တာမျိုးတွေဖြစ်လာနိုင်ပါတယ်။ အရေပြားကခြောက်သွေ့ကွဲအက်တာက ကလေးကိုနာကျင်စေနိုင်သလိုသွေးထွက်တာမျိုး ပိုးဝင်တာမျိုးတွေအထိလည်းဖြစ်စေနိုင်ပါတယ်။ အရေပြားခြောက်သွေ့တဲ့အခါအရေပြားမှာ နီမြန်းနေတာမျိုးတွေလည်းဖြစ်နိုင်ပါတယ်။

ကလေးငယ်တွေမှာ အရေပြားခြောက်သွေ့တာကနေရာမရွေး၊အချိန်ကာလမရွေးဖြစ်နိုင်ပါတယ်။ ကလေးအများစုက မျက်နှာ၊လက်မောင်းနဲ့ခြေ၊လက်တွေ၊ အထူးသဖြင့်တော့ တံတောင်ဆစ်တို့မှာဖြစ်ကြတာများပါတယ်။

တကယ်လို့အရေပြားခြောက်တဲ့နေရာက အရမ်းယားနေမယ်။ခြောက်သွေ့နီရဲနေမယ်။ ဒါ့အပြင် အရေပြားခြောက်တာက တံတောင်ဆစ်အတွင်းပိုင်းနဲ့ဒူးအနောက်ပိုင်းတွေမှာဖြစ်နေမယ်ဆိုရင်တော့ နှင်းခူဖြစ်နေတာမျိုးလည်းဖြစ်နိုင်ပါတယ်။

အရေပြားခြောက်သွေ့တဲ့အခါ အခုလိုမျိုးလက္ခဏာတွေလည်းတွေ့နိုင်ပါသေးတယ်။

  • ခြောက်သွေ့မယ်
  • အရေပြားအဖတ်လန်မယ်
  • အရေပြားမှာ ကျိန်းစပ်စပ်ဖြစ်နေမယ်
  • အရေပြားကိုအကိုင်မခံနိုင်တာမျိုးဖြစ်မယ်
  • အရေပြားကွဲအက်မယ်
  • အပေါ်ယံအရေပြားလွှာကွာကျမယ်

အရေပြားခြောက်တာကိုပိုဆိုးစေနိုင်တဲ့အချက်များ

ကလေးအရေပြားခြောက်တာကို ပိုဆိုးစေနိုင်တဲ့အရာတွေရှိပါတယ်။ ဘယ်လိုအရာတွေက ပိုဆိုးနိုင်စေလဲဆိုတော့

  • အေးမြခြောက်သွေ့တဲ့ အနေအထား
  • ကလေးငယ်ရဲ့နေ့စဉ်နေထိုင်မှုပုံစံ
  • ဆေးဝါးတွေ
  • ဟော်မုန်းမတည်ငြိမ်တာ
  • ဖျားနာတာ
  • ရေချိုးများတာ
  • ရေချိုးနည်းတာ
  • ဆပ်ပြာရည်တွေနဲ့အလွန်အကျွံထိတွေ့တာ
  • ကလေးကို သေးခံအစိုကြီးနဲ့အချိန်အကြာကြီးထားတာ
  • ကလေးအတွက်အသုံးပြုနေတဲ့ပစ္စည်းတွေက ဓါတ်မတည့်မှုဖြစ်စေတာ
  • အပြင်းစားဆပ်ပြာတွေနဲ့antibacterial ဆပ်ပြာ တွေကြောင့်လည်းကလေးအသားအရေခြောက်သွေ့မှုကို ပိုဆိုးစေနိုင်ပါတယ်။

အသားအရေမခြောက်အောင်ဒါတွေလုပ်ပေးပါ

  • အရေပြားပေါ်က သဘာဝအဆီဓါတ်ကိုထိန်းသိမ်းပေးပါ။
  • ရေကိုအချိန်အကြာကြီးချိုးပေးတာမျိုးမလုပ်ပါနဲ့။
  • ရေမချိုးပေးဘဲလည်းမနေပါနဲ့။
  • ရေချိုးပေးတဲ့အခါ ကြက်သီးနွေး ရေနွေးနဲ့ခဏလောက်ပဲချိုးပေးပါ။
  • အနံ့ပြင်းပြီး အရောင်ပါတဲ့ ဆပ်ပြာရည်တွေမသုံးပါနဲ့။
  • antibacterial ဆပ်ပြာတွေကိုမသုံးပါနဲ့။ အရေပြားခြောက်စေနိုင်တဲ့ ဆပ်ပြာတွေမသုံးပါနဲ့။
  • ကလေးအခန်းထဲမှာ အစိုဓါတ်ထိန်းစက်လေးထားပေးပါ။
  • ကလေးကို moisturizer လူးပေးပါ။

အသားအရေကလူတိုင်းအတွက်အရေးကြီးတာကြောင့် ကလေးတွေကို ငယ်စဉ်ကစပြီး အသားအရေတွေကိုသေချာထိန်းသိမ်းပေးဖို့လိုပါတယ်။ အခုအပေါ်မှာပြောခဲ့တဲ့ဆောင်ရန်၊ရှောင်ရန်အချက်လေးတွေအတိုင်းလိုက်လုပ်ကြည့်ပြီးဘေဘီလေးတွေကို အသားအရေခြောက်သွေ့တာမျိုးမဖြစ်အောင် ကာကွယ်ပေးနိုင်ကြပါစေကြောင်း

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Aye Thi Mon မှ ရေးသားသည်။ 13/10/2021 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။