site wide icon
မွေးစကလေးတွေရဲ့ ဝမ်းအရောင်က လူကြီးတွေနဲ့ မတူတာကြောင့် ပုံမှန်ဟုတ်ရဲ့လားဆိုတာကို ခုပဲစစ်ဆေးလိုက်ပါ။
brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

  1. ကလေးပြုစုစောင့်ရှောက်ခြင်း
  2. ကလေးငယ်
  3. ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဘယ်သူသိမလဲ ကလေးတွေလည်း စိတ်ဖိစီးမှုရှိနေနိုင်တယ်ဆိုတာ

စိတ်ဖိစီးမှုဆိုတာ လူကြီးတွေမှ ခံစားတတ်တဲ့ အရာမဟုတ်ပါဘူး။ ဘာမှမလုပ်ရ၊ အိမ်ကနေ ကျွေးတာစား၊ အချိန်တန်ရင်အိပ် သက်သောင့်သက်သာနေရတဲ့ ကလေးတွေက စိတ်ဖိစီးစရာ ဘာရှိနိုင်မှာလဲလို့ တွေးစရာရှိတတ်ပါတယ်။ ဒီလိုသာဆို ပိုက်ဆံတွေ အများကြီး ချမ်းသာတဲ့ သူဌေးတွေလည်း ဘယ်စိတ်ညစ်စရာ ရှိပါ့မလဲ။ စိတ်ဖိစီးမှုဆိုတာ ကိုယ့်စိတ်ထဲမှာ ထင်သလိုဖြစ်မလာတဲ့အခါ ဖြစ်လာတဲ့ ခံစားချက်ပဲမို့လို့ ကလေးတွေလည်း သူဖြစ်ချင်တာ မဖြစ်ရတဲ့အခါ စိတ်ဖိစီးတတ်ပါတယ်။

ဘယ်သူသိမလဲ ကလေးတွေလည်း စိတ်ဖိစီးမှုရှိနေနိုင်တယ်ဆိုတာ

ကလေးတွေက စိတ်ဖိစီးတတ်လို့လား

ဖိစီးမှုတွေနဲ့ ရင်ဆိုင်လာရတိုင်း အပူအပင်မရှိတဲ့ ကလေးဘဝကို တစ်ခါပြန်ပြီးရချင်သေးတယ်ဆိုပြီး တမ်းတကြလေရဲ့။ တကယ်တမ်းပြန်စဉ်းစားကြည့်ရင် ကိုယ်ငယ်ငယ်က တကယ်ရောအပူအပင်မရှိခဲ့တာသေချာရဲ့လား။ လူကြီးတွေနဲ့မတူတဲ့ စိတ်ဖိစီးစရာလေးတွေ သူ့အထွာနဲ့သူ ရှိခဲ့ကြမှာပါ။ ဒါ့ကြောင့် ကလေးပဲ ဘာမှမသိပါဘူး၊ ဖြစ်ပြီးရင်မေ့သွားလိမ့်မယ်၊ ကလေးတွေက အေးဆေးပဲ လို့ သူတို့ရဲ့ခံစားချက်တွေကို ပေါ့ပေါ့မတွေးသင့်ပါဘူး။

ဥပမာ “နောက်တစ်ခါစကားနားမထောင်ရင် မေမေထွက်သွားမှာနော်”ဆိုတာမျိုး ကိုယ်က ဘာရယ်မဟုတ်ပြောမိလိုက်တဲ့စကားအတွက် ကလေးမှာ အမေပျောက်သွားမှာစိုးတဲ့ကြောက်စိတ်ဝင်နေမယ်ဆိုတာ ကိုယ်သိနိုင်ပါ့မလား။ ဒါ့ကြောင့်ပြဿနာတွေကို နုနယ်တဲ့ကလေးတွေရှေ့ အထုပ်မဖြည်မိဖို့ သတိပေးကြတာဖြစ်ပါလိမ့်မယ်။

ကျောင်းမှာအဆင်ပြေရဲ့လား၊ အိမ်ကပြဿနာတွေရော သူတို့နားလည်နေသလား၊ ဘာကိုစိုးကြောက်နေသလဲ၊ စိတ်ဖိစီးစေတဲ့အရာတွေ ရှိနေသလား ကိုယ့်ကလေးကို သတိထားကြည့်သင့်ပါတယ်။ သူတို့ဘာသာလည်း ဘာဖြစ်နေမှန်းမသိတဲ့ဖိစီးမှုတွေအတွက် မိဘတွေကို ဖွင့်ပြောပြလာဖို့ဆိုတာဖြစ်နိုင်ခြေနည်းပါတယ်။

ကလေးအရွယ်ကတော့ ဘာကိုပဲဖြစ်ဖြစ် လူကြီးတွေနဲ့အမြင်မတူနိုင်တာ၊ လူကြီးတွေလောက် နားမလည်သေးတာ သဘာဝမို့ ဘယ်အခြေအနေ၊ ဘယ်အကြောင်းအရာမှာမဆို လူကြီးတွေဆီက အသိပညာပေးတာ၊ နားလည်အောင်ရှင်းပြတာတွေကို ရရှိဖို့လိုအပ်ပါတယ်။ ကိုယ်က အသေးအဖွဲလေးလိုမြင်ပေမယ့် သူတို့တွေရဲ့ကလေးအတွေးမှာတော့ အကြီးကြီးစိတ်ညစ်စရာဖြစ်နေတဲ့ကိစ္စတွေရှိတယ်။

ဒါပေမယ့်လည်း မိဘအများစုက ကလေးရဲ့စိတ်အတွင်းက ခံစားချက်မျိုးစုံကို မသိကြတာများပါတယ်။ အပြုအမူလေးတွေ သိသာလာမှ၊ပြောင်းလဲလာမှ၊ ကျန်းမာရေးယိုယွင်းလာမှ သိရတာထက် ကြိုတင်ဂရုစိုက်နိုင်မယ်ဆို ပိုကောင်းပါတယ်။ စိတ်သောကတွေရှိနေတာက စိတ်ညစ်ရုံတင်မဟုတ်ဘဲ ကလေးရဲ့ဘက်စုံဖွံ့ဖြိုးမှုမှာ ထိခိုက်လာနိုင်ပါတယ်။

ကလေးတွေ စိတ်ဖိစီးတဲ့အခါ 

သုတေသနစစ်တမ်းတွေအရ ကလေး ၈ယောက်မှာ ၁ယောက်နှုန်းက စိတ်ပူပန်မှုပြဿနာတစ်ခုခုရှိနေတတ်တယ်လို့တွေ့ရပါတယ်။ ဒါကို မဖြေရှင်းပေးနိုင်ဘဲ ပိုတိုးလာစေခဲ့ရင် လူမှုဆက်ဆံရေးတွေမှာ အခက်အခဲရှိလာတာ၊ အိပ်စက်မှုမူမမှန်တာတွေဖြစ်လာနိုင်ပြီး ကလေးရဲ့အနာဂတ်အတွက်ကောင်းကျိုးမရှိပါဘူး။

ကလေးရဲ့အပြုအမူ၊ အပြောအဆို၊ အတွေးတွေကို ဂရုစိုက်ပေးပါ။ တစ်ခါတလေ သူတို့မှာရှိနေတဲ့စိတ်ဖိစီးမှုက ကိုယ်ထင်ထားတာနဲ့ ကွာခြားနေနိုင်လို့ ချစ်ခင်နွေးထွေးမှုနဲ့ ဂရုစိုက်ပေးသင့်ပါတယ်။

တကယ်လို့ –

  • စိတ်ညစ်စရာ၊ စိတ်ဖိစီးစရာဖြစ်လာတိုင်း ဗိုက်အောင့်တတ်ရင်
  • စိတ်လှုပ်ရှားလွယ်တတ်ရင်
  • အငြိမ်မနေနိုင်တဲ့အပြုအမူဖြစ်နေရင်
  • လူတချို့ သို့မဟုတ် အနေအထားတချို့ကို မသိမသာလေးရှောင်ပုန်းနေတတ်ရင်
  • အသေးအဖွဲကိစ္စလေးတွေမှာ စိတ်ထိခိုက်လွယ်ရင်
  • ပြီးပြည့်စုံချင်၊ အကောင်းဆုံးဖြစ်ချင်စိတ် လွန်ကဲနေရင်
  • စိတ်ညစ်လာတိုင်း ထူးထူးဆန်းဆန်း (ကိုယ့်ကိုယ်ကိုယ်ထိခိုက်စေမယ့်) အပြုအမူမျိုးနဲ့ဖြေရှင်းတတ်ရင်၊ ဥပမာ လက်သည်းကိုက်တာ၊ ကုတ်တာ၊ ဆံပင်တွေဆွဲနုတ်တာမျိုး။
  • ထိုင်းမှိုင်းတွေနေတတ်ရင်
  • တစ်ခုခုပြောလို့ တုံ့ပြန်မှုက သိပ်နှေးနေရင်
  • လူစိမ်းကြောက်တတ်ရင် ကလေးရဲ့စိတ်ခံစားချက်တွေကို သတိထားလေ့လာသင့်နေပါပြီ။

စိတ်ဖိစီးမှုတွေက ကလေးကို ဘယ်လိုထိခိုက်စေနိုင်သလဲ။

စိတ်ဖိစီးတွေက လက်ဆုပ်လက်ကိုင် ပြလို့မရ၊ ရေရာတဲ့ လက္ခဏာမရှိပေမယ့်လည်း ကလေးတွေရဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေကို ဖြစ်စေနိုင်ပါတယ်။ စိတ်ဖိစီးမှုကို ကြာရှည်စွာ ခံစားခဲ့ရတဲ့ ကလေးတွေက

  • ကြီးထွားဖွံ့ဖြိုးမှု နှောင့်နှေးပါတယ်။
  • ပေါင်းသင်းဆက်ဆံရေး မကောင်းပါဘူး။
  • သောင်းကျန်းတတ်ပါတယ်။
  • မှတ်ဉာဏ်ထိခိုက်ပြီး ကျောင်းစာမှာ အခက်အခဲရှိနိုင်ပါတယ်။
  • အစားအသောက်ပျက်တာကြောင့် ကိုယ်အလေးချိန် မပြည့်ဘဲ ညှပ်နေတတ်ပါတယ်။
  • မကြာခဏ ဖျားနာပါတယ်။

ကလေးတွေကို စိတ်ဖိစီးမှု ကင်းစေဖို့ ဘယ်လို ကူညီပေးမလဲ။

ကလေးကို စိတ်ဖိစီးမှုတွေ ကင်းပြီး စိတ်ဖိစီမှုကြောင့် ထိခိုက်မှု မဖြစ်စေဖို့ဆိုရင်

  • သူ့ကိုနွေးထွေးတဲ့ဂရုစိုက်မှုတွေပေးပါ၊
  • တစ်ခုခုဆို သေချာ ရှင်းပြပါ၊
  • သူရှောင်ပုန်းနေတဲ့အရာတွေကို ရင်ဆိုင်ရဲအောင် အားပေးပါ။
  • နားထောင်ပေးပါ။
  • အော်တာမျိုး၊ ဥပေက္ခာ ပြုတာမျိုး မလုပ်ပါနဲ့။
  • လိုအပ်တဲ့ ဆေးဝါး ထောက်ပံ့မှုတွေ လုပ်ပေးပါ။
  • ကလေးရဲ့စိတ်ပူပန်စရာတွေကိုစောစောသိလေနောင်ဖြစ်လာမယ့်အကျိုးဆက်တွေကိုကာကွယ်နိုင်လေဖြစ်ပါတယ်။ ကလေးတွေရဲ့စကားကို အလေးထား နားထောင်ပါ။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Yun Sandi Nan Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 07/02/2022 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

hellobacsi white

Helloဆရာဝန်အနေဖြင့် ပိုမို ကျန်းမာပျော်ရွှင်စေဖို့ နှင့်ကျန်းမာရေးနှင့်ပတ်သက်သည့် ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် စိတ်ချရသော ကျန်းမာရေး အချက်အလက်များကို ထောက်ပံ့ပေးသည့် ယုံကြည်စိတ်ချရသော ကျန်းမာရေး စောင့်ရှောက်ပေးသူ ဖြစ်ချင်ပါတယ်။

FOLLOW US

  • ကျန်းမာရေး ဆောင်းပါးများ
  • ကျန်းမာရေး ကိရိယာများ

သတင်းအချက်အလက်

  • ဝဘ်ဆိုက်အသုံးပြုမှု စည်းမျဉ်းများ
  • ကိုယ်ရေးအချက်အလက်စောင့်ထိန်းခြင်းမူဝါဒ
  • တည်းဖြတ်ခြင်းနှင့် ပြင်ဆင်ခြင်းဆိုင်ရာမူဝါဒ
  • ကြော်ငြာနှင့် စပွန်ဆာ လက်ခံခြင်းဆိုင်ရာ မူဝါဒ

Hello Health

  • Hello Health အကြောင်း
  • ကျွန်ုပ်တို့အကြောင်း

  • HelloSehat
  • HelloKhunmor
  • HelloDoktor
  • HelloKrupet
  • HelloYishi
  • HelloSwasthya
  • HelloBacsi
  • HelloDoctor
  • HelloJiankang
  • https://www.dmca.com/ProtectionPro.aspx?r=m
©2025 Hello Health Group Pte. Ltd. All Rights Reserved. Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။