backup og meta

စိတ်ပူပန်ခြင်း (Anxiety) ၏ ကိုယ်ခန္ဓာပေါ် ရိုက်ခတ်မှုများ


Dr. Thant Zin မှ ရေးသားသည်။ · 03/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    စိတ်ပူပန်ခြင်း (Anxiety) ၏ ကိုယ်ခန္ဓာပေါ် ရိုက်ခတ်မှုများ

    လူတိုင်းမှာ စိုးရိမ်ပူပန်မှုဆိုတာ ရှိကြပါတယ်။ နေ့စဉ် လှုပ်ရှားရုန်းကန်နေကြတဲ့ဘဝမှာ စိုးရိမ်ပူပန်ရခြင်းကိစ္စဟာ လူတိုင်းအတွက် အသားကျနေတတ်ပါတယ်။ ဒါပေမယ့် စိုးရိမ်ပူပန်မှုဟာ ကာလကြာရှည်လာရင်တော့ ဘဝတစ်ခုလုံးကို အကျိုးသက်ရောက်လာနိုင်ပါတယ်။ စိတ်ပိုင်းဆိုင်ရာသာမကဘဲ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုပါ ထိခိုက်လာနိုင်ပါတယ်။

    ယခုဆောင်းပါးမှာ ဖော်ပြပေးမယ့် အကြောင်းအရာကတော့ စိတ်ပူပန်ခြင်းကြောင့် ကိုယ်ခန္ဓာအပေါ် ထိခိုက်လာနိုင်တဲ့ အကျိုးသက်ရောက်မှုတွေပဲ ဖြစ်ပါတယ်။

    သင့်အနေနဲ့ စိတ်ပူပန်ရချိန်မှာ ခဏတာအားဖြင့် အသက်ရှူသံ၊ နှလုံးခုန်သံမြန်ခြင်း၊ ဦးနှောက်ကို သွေးပိုမိုစီးဆင်းသွားခြင်း စတဲ့အပြောင်းအလဲတွေ ဖြစ်ပေါ်ပါတယ်။ ဒါဟာ ကိုယ်ခန္ဓာရဲ့ ရုပ်ပိုင်းဆိုင်ရာ တုံ့ပြန်ချက်ဖြစ်ပြီး ပတ်ဝန်းကျင်မှာ ရင်ဆိုင်ရတဲ့ အခြေအနေတစ်ခုခုကြောင့် ပေါ်ပေါက်လာခြင်း ဖြစ်ပါတယ်။ ပိုမိုပြင်းထန်တဲ့ အခြေအနေမှာဆိုရင် ပျို့အန်ချင်စိတ်ပေါ်ခြင်း၊ သတိလစ်ချင်သလိုဖြစ်ခြင်း စတာတွေနဲ့ ကြုံနိုင်ပါတယ်။

    ကိုယ်ခန္ဓာရဲ့ စနစ်တွေအပေါ် အဓိကအကျိုးသက်ရောက်မုတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

    ဗဟိုအာရုံကြောစနစ်

    စိုးရိမ်ထိတ်လန့်ခြင်းကို အချိန်ကြာမြင့်စွာခံစားလာရရင် ဦးနှောက်ကနေ စိတ်ဖိစီးချိန်ထွက်တဲ့ ဟော်မုန်းတွေ ထွက်လာစေပါတယ်။ ဒါကြောင့် ခေါင်းမူးခြင်း၊ ခေါင်းကိုက်ခြင်း၊ စိတ်ကျခြင်း စတာတွေ ခံစားရတတ်ပါတယ်။ စိတ်ဖိစီးချိန်မှာ သင့်ဦးနှောက်ထဲမှာ သင့်ကို ခြိမ်းခြောက်ရန်ပြုနေတဲ့အကြောင်းအရာကို တွန်းလှန်တုံ့ပြန်မယ့် ဟော်မုန်းတွေ၊ ဓာတ်ပစ္စည်းတွေ များပြားပြည့်လျှံလာပါတယ်။ ဥပမာ ပေးရရင် အဒရီနယ်လင်နဲ့ ကော်တီဆောဟော်မုန်း ဖြစ်ပါတယ်။

    ခဏတာရင်ဆိုင်ရတဲ့ အခြေအနေမှာ အထောက်အကူဖြစ်စေပေမယ့် ဒီဟော်မုန်းတွေဟာ ထိတွေ့ဖန်များလာတဲ့အခါ ရေရှည်မှာ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ထိခိုက်လာစေပါတယ်။ ဥပမာ ကော်တီဆောဟော်မုန်းထွက်တာများလာရင် ကိုယ်အလေးချိန်တက်လာနိုင်ပါတယ်။

    နှလုံးနှင့်သွေးကြောအဖွဲ့အစည်း

    စိတ်ပူပန်မှုပြဿနာများ (Anxiety Disorder) ဟာ နှလုံးခုန်မြန်ခြင်း၊ ရင်တုန်ခြင်း၊ ရင်ဘတ်အောင့်ခြင်း စတဲ့ပြဿနာတွေကို ဖြစ်လာနိုင်ပါတယ်။ နှလုံးရောဂါ၊ သွေးတိုးခြင်း စတာတွေ ဖြစ်နိုင်ခြေများလာပါတယ်။ နှလုံးရောဂါအခံရှိရင်လည်း စိတ်ပူပန်ခြင်းပြဿနာများကြောင့် နှလုံးသွေးကြောဆိုင်ရာ အရေးပေါ်ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။

    အစာခြေအဖွဲ့အစည်း

    စိုးရိမ်ပူပန်ခြင်းကြောင့် အစာအိမ်အောင့်ခြင်း၊ ပျို့အန်ခြင်း၊ ဝမ်းပျက်ခြင်းနဲ့ အူလမ်းကြောင်းဆိုင်ရာ ပြဿနာများ ဖြစ်ပွားနိုင်ပါတယ်။ အစားအသောက်ပျက်နိုင်ပါတယ်။ ဒါ့အပြင် မကြာခဏဝမ်းပျက်တတ်တဲ့ အူလမ်းကြောင်း ခံနိုင်ရည်နည်းခြင်းပြဿနာ (Irritable Bowel Syndrome) နဲ့ စိတ်ပူပန်ခြင်းအကြား ဆက်နွယ်မှု ရှိနေပါတယ်။

    ကိုယ်ခံအားစနစ်

    စိတ်ပူပန်စိုးရိမ်ခြင်းဟာ ရင်ဆိုင်မလား ထွက်ပြေးမလားဆိုတဲ့ တုံ့ပြန်မှု (flight or fight) ကို ဖြစ်ပေါ်စေပါတယ်။ အဒရီနယ်လင်လို ဓာတုပစ္စည်းနဲ့ ဟော်မုန်းတွေ ထွက်လာနိုင်ပါတယ်။ ခဏတာအချိန်မှာ သွေးခုန်နှုန်းမြန်ပြီး အသက်ရှုနှုန်းမြန်လာတာကြောင့် ဦးနှောက်ဟာ အောက်ဆီဂျင်ကို ပိုမိုရရှိပါတယ်။ ကိုယ်ခံအားစနစ်ကိုလည်း မြှင့်တင်ပေးလိုက်ပါတယ်။ အခြေအနေပုံမှန်ပြန်ဖြစ်သွားရင် ကိုယ်ခန္ဓာအခြေအနေတွေလည်း ပုံမှန်ပြန်ရောက်သွားပါတယ်။

    ဒါပေမယ့် စိတ်ပူပန်ဖိစီးတဲ့အခြေအနေကို ဆက်တိုက်ကြုံလာရရင်တော့ မူလအခြေအနေပြန်ရောက်ဖို့ ခက်ခဲပါတယ်။ ကိုယ်ခံအားစနစ်လည်း အားနည်းလာပြီး မကြာခဏ နေထိုင်မကောင်းဖြစ်ခြင်း၊ ရောဂါပိုးဝင်ခြင်း စတဲ့အခြေအနေတွေ ကြုံလာတတ်ပါတယ်။

    အသက်ရှူလမ်းကြောင်း

    စိတ်ပူပန်ခြင်းကြောင့် အသက်ရှူမြန်လာပါတယ်။ နာတာရှည်အဆုတ်ရောဂါရှိသူဆိုရင် ရောဂါအခြေအနေ ပိုဆိုးသွားတတ်ပါတယ်။ ဒါ့အပြင် ပန်းနာရင်ကျပ်ကိုလည်း ပိုဆိုးစေနိုင်ပါတယ်။

    တခြားအကျိုးသက်ရောက်မှုတွေကတော့

    ခေါင်းကိုက်ခြင်း

    – ကြွက်သားများတောင့်တင်းခြင်း

    အိပ်မပျော်ခြင်း

    စိတ်ကျခြင်း

    – လူမှုပတ်ဝန်းကျင်ကို ရှောင်ဖယ်လာခြင်း စတာတွေ ဖြစ်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thant Zin မှ ရေးသားသည်။ · 03/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement