backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

ကလေးငယ် အာဟာရအကြောင်းနဲ့ ပတ်သက်လို့

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 15/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ကလေးငယ် အာဟာရအကြောင်းနဲ့ ပတ်သက်လို့

ကလေးငယ်လေးတွေကို သူတို့ရဲ့ အသက် ပထမ ၂ နှစ်တာအတွင်းမှာ အာဟာရ ပြည့်ဝအောင် ကျွေးတာက ကျန်းကျန်းမာမာ ဖွံ့ဖြိုးကြီးထွားစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ကောင်းမွန်တဲ့ အာဟာရ အလေ့အထကို စောစော လေ့ကျင့်ပေးတာက ဘေဘီလေးကို နောက်ပိုင်းမှာ ကျန်းမာစွာ စားသုံးတတ်စေဖို့ ထောက်ကူပေးသလို အကောင်းဆုံး ကြီးပြင်းလာစေမှာပါ။ ကလေးတစ်ယောက်ကို အာဟာရပြည့်ဝအောင် ဖြည့်ဆည်းပေးဖို့က မိဘတိုင်းမှာ တာဝန်ရှိပါတယ်။ ဒီတော့ ကလေးငယ် အာဟာရအကြောင်းနဲ့ ပတ်သက်လို့ သိထားသင့်တဲ့ အကြောင်းအရာလေးတွေကို ဝေမျှပေးချင်ပါတယ်။

ဘေဘီလေးတိုင်း အာဟာရ ပြည့်ဝဖို့ လိုပါမယ်

ဘေဘီလေးတွေ ကျန်းကျန်းမာမာ ကြီးပြင်းအရွယ်ရောက်လာစေဖို့အတွက် လုံလောက်ပြည့်ဝတဲ့ အာဟာရကို ရရှိဖို့က အခြေခံအကျဆုံး အချက်ပါ။ ဘေဘီလေးကို သူတို့လေးတွေရဲ့ ပထမဆုံး ၃ လမှာ အာဟာရပြည့်ဝအောင် ကျွေးမွေးပေးတာက ကလေးကို  ကြီးထွားမှု နှေးတာ၊ ညှက်တာမျိုးတွေ မဖြစ်စေဖို့ ကာကွယ်ပေးသလို သေဆုံးနိုင်ခြေကိုလည်း လျှော့ချပေးရာ ရောက်ပါတယ်။

နောက်ပြီး ကလေးကို အာဟာရ ပြည့်ဝအောင် ကျွေးမွေးတာက ကလေးကို ဘဝသက်တမ်း တလျှောက်လုံး နာတာရှည်ရောဂါတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်သလို အသက်အရွယ်အလိုက် ရှိသင့်တဲ့ စိတ်ပိုင်းဆိုင်ရာ နဲ့ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုကို ရရှိစေမှာဖြစ်ပါတယ်။

ဘေဘီလေးကို မွေးစကနေ ၆ လ အထိ မိခင်နို့တစ်မျိုးတည်း တိုက်ပါ

ဘေဘီလေးကို မွေးဖွားပြီးချိန်ကနေစပြီး အသက် ၆ လအထိမှာ မိခင်နို့ တစ်မျိုးတည်း တိုက်ရုံနဲ့ အဆင်ပြေပါတယ်။ ဘေဘီလေးကို ရေတိုက်တာမျိုး၊ ထမင်းခွံ့တာမျိုးတွေ လုပ်ပေးဖို့ မလိုပါဘူး။ တကယ်လို့ မေမေက အကြောင်းတစ်ခုခုကြောင့် နို့တိုက်လို့ အဆင်မပြေဘူးဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ပြီး ဘေဘီလေးတွေအတွက် သီးသန့်ထုတ်ထားတဲ့ ဖော်မြူလာနို့ကို တိုက်ပေးလို့ ရပါတယ်။

ကလေးကို မိခင်နို့တိုက်ကျွေးပေးတာက ကလေးကို ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ မိခင်နို့မှာ ကလေးကျန်းမာဖို့ ကြီးထွားဖွံ့ဖြိုးဖို့လိုအပ်တဲ့ အာဟာရဓာတ်တွေ ပြည့်ဝစွာ ပါဝင်နေပါတယ်။

မိခင်နို့ တိုက်ကျွေးတာက ကလေးကို နီးနီးကပ်ကပ် ထိတွေ့ခွင့်ရတာ၊ မျက်လုံးချင်း ဆက်သွယ်ခွင့်ရတာကြောင့် မေမေနဲ့ ဘေဘီလေးတို့ကြားမှာ ချစ်ခြင်းမေတ္တာတိုးစေနိုင်ပါတယ်။ ဒီလို လုပ်ပေးတာက ကလေးကို စိတ်သက်သာရာရစေပြီး ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။

မိခင်နို့က ကလေးတွေကို ကျန်းမာစေဖို့ အကောင်းဆုံး အာဟာရ အရင်းအမြစ်ပါ။ မိခင်နို့ကို ဘာနဲ့မှ အစားထိုးလို့ မရပါဘူး။  မိခင်နို့မှာ ကလေးတစ်ယောက်အတွက် မရှိမဖြစ် အာဟာရတွေပြည့်ဝပြီး ထိခိုက်ဘေးဖြစ်စေတာ တစ်ခုမှ မပါအောင် ဖွဲ့စည်းထားတာကလည်း ကလေးတွေအတွက် အကောင်းဆုံးသောအရာ ဖြစ်နေရတဲ့ အကြောင်းအရင်းပါ။

ကလေးကို မိခင်နို့တစ်မျိုးတည်း တိုက်မယ်။ အာဟာရလည်း ပြည့်ဝစေချင်တယ်ဆိုရင် မေမေက အာဟာရ ပြည့်ဝအောင် စားသုံးပေးဖို့ လိုပါမယ်။

ကလေးကို အသက် ၆ လအထိ မိခင်နို့ တစ်မျိုးတည်း တိုက်ပြီး အသက် ၆ လကျော်လာပြီဆိုရင် မိခင်နို့အပြင် ဖြည့်စွက်အာဟာရတွေကိုပါ ကျွေးပေးလို့ ရပါပြီ။ အစာတွေ ကျွေးနေပြီဆိုပေမယ့် ဘေဘီလေးကို အသက် ၂ နှစ်ပြည့်တဲ့အထိ မိခင်နို့ ဆက်တိုက်တိုက်နိုင်ပါတယ်။

ဘေဘီလေးရဲ့ နေ့စဉ်အာဟာရတွေထဲမှာ မပါမဖြစ် ပါဝင်သင့်တဲ့ အစားအစာတွေ

ကြီးထွားဖွံ့ဖြိုးဖို့ အရှိန်ယူနေတဲ့ ဘေဘီလေးအတွက် အာဟာရ ပြည့်ဝဖို့က အတော်လေး အရေးကြီးတာပါ။ ကလေးကို အာဟာရအရင်းအမြစ်တွေ စုံလင်စွာ ပါဝင်နေအောင် ပြင်ဆင်ပေးဖို့ကလည်း မေ့ထားလို့ မရပါဘူး။ ဒီတော့ ကလေးရဲ့ နေ့စဉ်အာဟာရတွေထဲမှာ မပါမဖြစ် ပါဝင်အောင် ပြင်ဆင်ပေးသင့်တဲ့ အစားအစာလေးတွေကို ကြည့်လိုက်ရအောင်နော်။

  • ပရိုတင်း 

ဘေဘီလေးရဲ့ အရိုးတွေ၊ ကြွက်သားတွေ၊ ကိုယ်ခံအားတွေကို တည်ဆောက်ဖို့အတွက် ပရိုတင်းက မရှိမဖြစ် လိုအပ်တဲ့ ဇာတ်လိုက်ပါ။  ပရိုတင်း ပြည့်ဝစွာ ရရှိမှလည်း ကလေးက ကျန်းမာပျော်ရွှင်စွာနဲ့ ကြီးပြင်းလာမှာပါ။

ကလေးကို ပရိုတင်း ပြည့်ဝစေဖို့ဆိုရင် ပရိုတင်း ကြွယ်ဝတဲ့ ဥအမျိုးမျိုး၊ အနီရောင်အသား၊ ငါး၊ ပဲပြားတို့ကို ပြင်ဆင်ပေးလို့ ရပါတယ်။ နို့ကလည်း ပရိုတင်း ပြည့်ဝစေဖို့ ထောက်ကူပေးနိုင်မှာပါ။

  • ကယ်လ်ဆီယမ်

မိခင်နို့မှာရော ဖော်မြူလာနို့မှာပါ ကယ်လ်ဆီယမ် ကြွယ်ဝစွာ ပါဝင်နေပါတယ်။ ဒါ့အပြင် ကယ်လ်ဆီယမ် လုံလောက်စွာ ရရှိစေဖို့ ကလေးကို ကယ်လ်ဆီယမ် ကြွယ်ဝတဲ့ အစားအစာတွေဖြစ်တဲ့ နွားနို့၊ ချိစ်၊ ဒိန်ချဉ်စတာတွေကို ပြင်ဆင်ပေးလို့ ရပါတယ်။ နို့နဲ့ နို့ထွက်ပစ္စည်းတွေကိုတော့ ကလေးအသက် ၁နှစ်ကျော်မှ စတင်ကျွေးမွေးပါ။

  • နှံစားသီးနှံတွေ

နှံစားသီးနှံတွေက ကာဗိုဟိုက်ဒရိတ် ကြွယ်ဝစွာ ပါဝင်နေပြီး ကလေးလေးတွေ ကြီးထွားဖွံ့ဖြိုးစေဖို့ လိုအပ်တဲ့ ဗီတာမင်တွေနဲ့ သတ္တုဓာတ်တွေ ပါဝင်နေပါတယ်။ ကလေးကို ဂျုံကြမ်း ပေါင်မုန့်၊ ဆီရီယယ် စတာတွေ ပြင်ဆင်ပေးလို့ ရပါတယ်။

ထမင်းလေးကို ခပ်ပျော့ပျော့လေး ချက်ပြီး ကြေနေအောင် ချေပြီး ကျွေးပေးတာလည်း အဆင်ပြေပါတယ်။ ဆန်လုံးညို၊ ပဲနီလေး၊ ပဲအမျိုးမျိုး၊ ပဲလုံးလေးတွေကို စားလို့ အဆင်ပြေမယ့် ပုံစံမျိုးနဲ့ ပြင်ဆင်ကျွေးမွေးပေးလို့လည်း ရပါတယ်။

  • ဗီတာမင် A၊ B၊ C နဲ့  E

ဒီဗီတာမင် ၄ မျိုးက ဘေဘီလေးကို ခေါင်းအစ ခြေအဆုံး ကြီးထွားဖွံ့ဖြိုးစေဖို့ ထောက်ကူပေးပါတယ်။ ဦးနှောက်ကျန်းမာစေဖို့ ထောက်ကူပေးသလို အာရုံကြောတွေ ဖွံ့ဖြိုးစေဖို့လည်း ထောက်ကူပေးပါတယ်။

မျက်လုံးကျန်းမာစေပြီး အမြင်အာရုံ ဖွံ့ဖြိုးစေဖို့ ထောက်ကူပေးပါတယ်။ ။ အရေပြား ကျန်းမာစေပြီး ကိုယ်ခံအား ကောင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။

ဘေဘီလေးကို ဒီဗီတာမင် ၄ မျိုး ပြည့်ဝစေဖို့ မေမေ့နို့အပြင် မုန်လာဥနီ၊ ကန်စွန်းဥ၊ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ၊ ငှက်ပျောသီး၊ ပဲအမျိုးမျိုးတို့ကို ကျွေးပေးလို့ ရပါတယ်။ ဒါ့အပြင် ခရမ်းချဉ်သီး၊ စတော်ဘယ်ရီ၊ သခွားမွှေး စတာတွေ ပြင်ဆင်ပေးလို့ ရပါတယ်။

  • အဆီဓာတ်

ဘေဘီလေး ကြီးထွားစေဖို့ လိုအပ်မယ့် နောက်ထပ် အာဟာရဓာတ် တစ်မျိုးက အဆီဓာတ်ပါ။ ဘေဘီလေးက မေမေ့နို့နဲ့ ဖော်မြူလာနို့တွေကနေ ကိုလက်စထရောကို ရရှိတယ်ဆိုပေမယ့် ကိုလက်စထရော လိုအပ်ချက်ကို ပြည့်မီစေဖို့အတွက် အဆီဓာတ် ရရှိစေနိုင်တဲ့ အစားအစာတွေကို ပြင်ဆင်ပေးဖို့လည်း လိုပါမယ်။

ဒါကြောင့် ဘေဘီလေးကို အဆီထုတ်မထားတဲ့ နို့၊ ချိစ်၊ ဒိန်ချဉ်စတာတွေကို ပြင်ဆင်ပေးလို့ ရပါတယ်။ ထောပတ်သီး၊ ကာနိုလာဆီ၊ သံလွင်ဆီတို့ သုံးပေးလို့ ရပါတယ်။

  • သံဓာတ် 

ဘေဘီလေးတွေအတွက် နောက်ထပ် လိုအပ်မယ့် အာဟာရဓာတ် တစ်မျိုးကတော့ သံဓာတ်ပါ။ အထူးသဖြင့် မိခင်နို့ပဲ စို့ရတဲ့ ကလေးငယ်တွေက သံဓာတ်ချို့တဲ့နိုင်ပါတယ်။ ဒါကြောင့် တချို့ဘေဘီလေးကို အသက် ၄ လလောက်ရောက်ကတည်းက သံဓာတ်အားဖြည့်ဆေးတိုက်ပေးဖို့ ဆရာဝန်တွေက ညွှန်တာမျိုးရှိနိုင်ပါတယ်။

အစားစစားပြီဆိုရင်တော့ သံဓာတ် ပြည့်ဝတာတွေကို ပြင်ဆင်ပေးဖို့ လိုပါမယ်။ ဥပမာ – အဆီမပါတဲ့ အနီရောင်အသား၊ ကြက်ဥအနှစ်၊ ဂျုံ၊ ဂျုံကြမ်းပေါင်မုန့်၊ ပဲအမျိုးမျိုးစတာတွေကို ပြင်ဆင်ပေးဖို့ လိုပါမယ်။

  • Omega-3 fatty acids

DHA အပါအဝင် Omega-3 fatty acids တွေက ကလေးလေးတွေရဲ့ ကြီးဖွားမှု၊ အမြင်အာရုံ နဲ့ ဦးနှောက် ဖွံ့ဖြိုးမှုအတွက် မရှိမဖြစ် လိုအပ်တဲ့ အာဟာရဓာတ်ပါ။ မိခင်နို့ကနေ ရရှိနိုင်သလို ဖော်မြူလာနို့တွေမှာလည်း ပါဝင်နေပါတယ်။

ဆယ်လ်မွန်ငါး၊ အနီရောင်အသား၊ ပဲပြား၊ နှမ်းကြတ်စေ့၊ ကာနိုလာဆီ၊ DHA ပါဝင်နေတဲ့ ဒိန်ချဉ်၊ ဆီရီယယ်၊ ဥအမျိုးမျိုးတို့ကနေ ရရှိနိုင်ပါတယ်။

  • ရေဓာတ်

အသက် ၆ လအထိ ရေဓာတ်ကို မိခင်နို့ တစ်မျိုးတည်းကနေပဲ ရယူခဲ့တာပါ။ အခြားအရင်းအဖြစ်ဆိုလို့ ဖော်မြူလာနို့ကနေတော့ ရနိုင်ပါတယ်။ အသက် ၆ လပြည့်ပြီးပြီဆိုရင်တော့ သောက်ရေအပါအဝင် စွပ်ပြုတ်လိုမျိုး အရာတွေကနေ ရေကို ရယူနိုင်ပါပြီ။

အရည်ရွှမ်းတဲ့ သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေကနေလည်း ရရှိနိုင်ပါတယ်။

ကလေးက အသက် ၆ လပြည့်ပြီဆိုရင် အစားစကျွေးလို့ ရပြီလား

ကလေးငယ် အာဟာရအကြောင်းနဲ့ ပတ်သက်လို့

များသောအားဖြင့်ကတော့ ကလေးက အသက် ၆ လပြည့်ပြီဆိုရင် အစားစကျွေးလို့ ရပါပြီ။ ဘေဘီလေးက အဆင်သင့်ဖြစ်တာကိုလည်း တစ်ချက်တော့ စောင့်ကြည့်စေချင်ပါတယ်။ ဘေဘီလေးက အသက်လည်း ၆ လပြည့်ပြီ။ အခုလို ဖွံ့ဖြိုးမှုလေးတွေလည်း ရှိပြီဆိုရင် ကလေးကို အစားအစာလေးတွေ မိတ်ဆက်ပေးလို့ ရပါပြီ။

ကလေးကခေါင်းမတ်လာနိုင်ပြီ – ကလေးက လူကြီး အကူအညီမလိုဘဲ သူ့ခေါင်းကို ဟန်ချက်ညီညီထိန်းနိုင်ပြီဆိုရင် ကလေးက အစားအသောက် စစားဖို့ အဆင်သင့်ဖြစ်နေပြီဆိုရပါမယ်။

မတ်မတ်ထိုင်နိုင်ပြီ – ကလေးက ခုံပေါ်မှာဖြစ်ဖြစ် ကြမ်းပြင်ပေါ်မှာဖြစ်ဖြစ် သူ့ကိုယ်သူ ထိန်းနိုင်ပြီး မတ်မတ်လေးထိုင်နိုင်ပြီဆိုရင်လည်း အစားစစားဖို့ အသင့်ဖြစ်နေပါပြီ။

အစာကိုမျိုချနိုင်ပြီ – ကလေးကမွေးစကနေ ၆ လအထိ မိခင်နို့ကိုပဲသောက်လာကြတာပါ။ အစာဆိုတာလုံးဝမစားလာခဲ့ပါဘူး။ အရည်ပဲသောက်လာခဲ့တဲ့ ကလေးရဲ့ အစာခြေစနစ်က အစာကိုမျိုချနိုင်ပြီ။ နှုတ်ခမ်း၊ လျှာနဲ့ အစာရေမျိုတို့က ဟန်ချက်ညီညီ လှုပ်ရှားနိုင်ပြီဆိုတာက အစားစစားလို့ ရပြီလို့ ကလေးရဲ့ ခန္ဓာကိုယ်က မီးစိမ်းပြလိုက်တာပါ။

ပါးစပ်နားကို အစားအစာတွေရောက်လာရင် ပါးစပ်ဖွင့်ပေးတတ်ပြီ -ကလေးကို အစား စစားနိုင်ပြီလားဆိုတာကို ဆန်းစစ်ပေးနိုင်မယ့် အလွယ်ဆုံးနည်းလမ်းပါ။ ကလေးပါးစပ်နားကို ဇွန်းလေးနဲ့ Cereal လိုမျိုး ကလေးစားလို့ရတဲ့ အစားအစာတစ်ခုခုခွံ့ပေးကြည့်ပါ။ ကလေးက စားဖို့ ပါးစပ်ဟတယ်ဆိုရင် သူ့အနေနဲ့ အစားစစားနိုင်နေပါပြီ။

ကလေးက အစားအစာတွေကို စိတ်ဝင်စားနေပြီ – ကလေးက စားစရာတွေကို စိတ်ဝင်တစားနဲ့ကြည့်တာမျိုး၊ လူကြီးတွေစားနေတဲ့အစားအစာကို လက်နဲ့လှမ်းယူတာမျိုး၊ ဟင်းနံ့တွေကို အနံ့ခံတာမျိုး၊ စားမလားလို့ခွံဟန်ပြတဲ့အခါ ပါးစပ်ဖွင့်တာမျိုး၊ လူကြီးတွေစားနေတာကို ပါးစပ်ပြင်ပြီးကြည့်တာမျိုးတွေရှိလာပြီ ဆိုရင် သူက စားစရာတွေအပေါ်မှာ စိတ်ဝင်စားမှုရှိလာတာပါ။

ကလေးက ကိုယ်အလေးချိန်တက်လာပြီ – ကလေးတွေကမွေးစကနေစပြီး တစ်နေ့တခြား ဖွံ့ဖြိုးမှုတွေဖြစ်လာနေတာပါ။ ကလေးကမွေးပြီး ၄ လအကြာမှာမွေးစကိုယ်အလေးချိန်ရဲ့ ၂ ဆဖြစ်လာပါပြီ။ ကလေးရဲ့ ကိုယ်အလေးချိန်က ၁၃ပေါင် ဒါမှမဟုတ် ၁၃ပေါင်ကျော်လာပြီဆိုရင် ကလေးက အစားစစားလို့ရနေပြီလို့ဆိုရမယ့်အနေအထားပါ။

ဘေဘီလေးကို အစားစကျွေးချိန်မှာ သိထားစရာ

ကလေးက ၆ လကျော်လာပြီဆိုရင် ကလေးကို အစားစကျွေးလို့ရပါပြီ။ ကလေးကိုဖြည်းဖြည်းချင်း နည်းနည်းချင်းစကျွေးဖို့တော့လိုပါမယ်။ ကလေးကိုကျွေးတဲ့အခါ ကလေးရဲ့ အစားအစာတွေထဲမှာ လိုအပ်တဲ့ဗီတာမင် သတ္တုဓာတ်တွေ ပြည့်ပြည့်စုံစုံပါဝင်အောင် ဂရုစိုက်ပေးဖို့ လိုအပ်ပါမယ်။

နောက်တစ်ချက်ကတော့ ကလေးကို စကျွေးမယ့်အစားအစာတွေက အစာကြေလွယ်မယ့် ခပ်ပျော့ပျော့အစားအစာတွေဖြစ်ဖို့ လိုအပ်မှာပါ။ ကလေးကို စကျွေးစမှာ ဇွန်းတစ်ဝက်စာလောက်လေးကနေစပါ။ ပြီးမှ တဖြည်းဖြည်းချင်း တိုးကျွေးသွားပေါ့။

ကလေးက အစားစစားချိန်မှာ မျိုချဖို့ အခက်အခဲ ရှိနေနိုင်ပါတယ်။ အကြောင်းကတော့ ဘေဘီလေးက နို့ကလွဲလို့ အခြားအရာတွေကိုမှ မျိုမချဖူးသေးဘူးလေ။ နောက်တစ်ခုက မရင်းနှီးတဲ့ အရသာဖြစ်နေတာကြောင့် စားဖို့ ငြင်းဆန်တာမျိုးလည်း ကြုံရနိုင်ပါတယ်။

တဖြည်းဖြည်း ကြာလာတော့လည်း ကလေးက အရသာတွေကို ခံစားတတ်လာ မျိုချရတာကို အသားကျလာတဲ့အခါ ကျွေးရတာ အဆင်ပြေလာမှာပါ။ အစားစကျွေးစမှာ ကလေးက ခဏခဏထွေးထုတ်တာမျိုးကြုံရနိုင်ပါတယ်။

ကလေးက ထွေးထုတ်တာ၊ မစားဘူးလို့ ငြင်းဆန်တဲ့အခါ စိတ်ပျက်မသွားပါနဲ့။ ဖြည်းဖြည်းချင်းကျွေးပါ။ စိတ်ရှည်ဖို့ လိုပါမယ်။ လူတွေရဲ့ သဘောကိုက မစားဖူးတာကို စားဖို့တော်တော်လေး အချိန်ယူတတ်ကြပါတယ်။ ကလေးကြီးထွားဖွံ့ဖြိုးဖို့ကလည်း အာဟာရ ပြည့်ဝဖို့ လိုမှာဆိုတော့ စိတ်တော့ရှည်ပါ မေမေဖေဖေတို့ရေ…..

ဒီနေရာမှာ မမေ့သင့်တဲ့အချက်တစ်ခုက ကလေးက မိခင်နို့တစ်မျိုးတည်းသောက်ရာကနေ အစားတွေကို စစားပြီဆိုတော့ ကလေးရဲ့ ဝမ်းအရောင်ပြောင်းတာ၊ ဝမ်းအရည်သွားနေရင်းက အတုံးတွေဖြစ်လာတာမျိုးတွေ တွေ့ကြုံရနိုင်ပါတယ်။ ဒါက ပုံမှန်ပဲမို့ အရမ်းစိတ်မပူသွားပါနဲ့နော်။

ကလေးကို တစ်နေ့တာ အာဟာရလိုအပ်ချက်ကို ပြည့်မီအောင် ဖြည့်ဆည်းပေးတာကစလို့ အသက်အရွယ်အလိုက် အာဟာရ လိုအပ်ချက်ပြည့်မီအောင် ဖြည့်ဆည်းပေးတာက ကျန်းမာပျော်ရွှင်ပြီး ဉာဏ်ရည်ထက်မြက်တဲ့ ကလေးလေး တစ်ယောက်အဖြစ် ကြီးပြင်းလာစေမှာပါ။ ကလေးငယ် အာဟာရအကြောင်းနဲ့ ပတ်သက်လို့ ဒီအချက်လေးတွေကို သိထားမယ်ဆိုရင် ကလေးကို ကျန်းမာပျော်ရွှင်စွာ ကြီးပြင်းလာအောင် ပျိုးထောင်ပေးနိုင်မှာ အသေအချာပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 15/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement