backup og meta

မိခင်နို့ရည် ညှစ်ထုတ်ခြင်းနဲ့ သိမ်းဆည်းခြင်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 04/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မိခင်နို့ရည် ညှစ်ထုတ်ခြင်းနဲ့ သိမ်းဆည်းခြင်း

    ဘယ်အာဟာရတွေ ဘယ်လောက်ပဲအစွမ်းထက်ပါတယ်ပြောပြော ကလေးတွေအတွက်ဆို မိခင်နို့ရည် က တန်ဖိုးအရှိဆုံးပါပဲ။ မိခင်နို့မှာ ကလေးအတွက် ပြီးပြည့်စုံတဲ့အာဟာရတွေ ပါဝင်ပြီးသား ဖြစ်ပါတယ်။ ကလေးကြီးထွားဖွံ့ဖြိုးဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင်တွေ၊ ပရိုတင်း၊ အဆီဓာတ်နဲ့ အာဟာရဓာတ်အားလုံးနီးပါးပါဝင်တာပါ။ ဒါ့အပြင် ရောဂါဖြစ်စေနိုင်တဲ့ ဗိုင်းရပ်စ်တွေ၊ ဘက်တီးရီးယားတွေကို ခုခံကာကွယ်နိုင်တဲ့ ပဋိပစ္စည်းတွေလည်းပါဝင်လို့ ကလေးတို့အတွက် နတ်ဆေးတစ်ခွက်လို့ပြောလို့ရပါတယ်။

    ဒါပေမယ့် ကလေးနားမှာ အမြဲရှိမနေနိုင်တဲ့မေမေတွေ၊ အလုပ်ပြန်ဆင်းရတဲ့အခါ ဒါမှမဟုတ် အပြင်သွားစရာရှိတဲ့အခါ နို့မှုန့်ဗူးကိုပဲ အားကိုးကြပါတယ်။ အဲဒီအခါကျ သန့်ရှင်းမှု၊ ဘေးကင်းစိတ်ချရမှု၊ အာဟာရဓာတ်ပြည့်ဝမှုဆိုတာတွေမှာ မိခင်နို့ကို ဘယ်မီပါ့မလဲနော်။ အမေက အလုပ်ပြန်ဆင်းရမှာမို့ အစတည်းက နို့မှုန့်တိုက်တဲ့ ကလေးတွေဆိုလည်း မိခင်နို့ရဲ့အာဟာရကျေးဇူးကို ခံစားခွင့်မရနိုင်တော့ပါဘူး။ ဒီလိုမျိုးတွေ မဖြစ်အောင် အသုံးဝင်တဲ့နည်းဖြစ်တဲ့ မိခင်နို့ရည် ညှစ်ထုတ်ခြင်းနဲ့ သိမ်းဆည်းခြင်း အကြောင်းလေး ပြောပြပေးချင်ပါတယ်။

    မိခင်နို့ရည် ညှစ်ထုတ်ခြင်းနဲ့ သိမ်းဆည်းခြင်း

    မိခင်နို့ရည် ညှစ်ထုတ်ရတဲ့ အကြောင်းရင်းအမျိုးမျိုးရှိနိုင်ပါတယ် –

  • နို့ထွက်များစေဖို့ ( မိခင်နို့ကို ညှစ်ထုတ်ပေးရင် နို့ထွက်ခြင်းကို နှိုးဆွသလိုဖြစ်ပြီး နို့ထွက်များစေပါတယ်)၊
  • မိခင်နို့မစို့နိုင်သေးတဲ့ လမစေ့ကလေးငယ်ကို တိုက်ကျွေးဖို့၊
  • နို့ကြောင်းမပိတ်စေဖို့၊ တင်းပြီးနာကျင်ခြင်းကို သက်သာစေဖို့၊
  • မိခင်က ဆရာဝန်ညွှန်ကြားချက်အရဆေးတစ်မျိုးမျိုးသောက်ချိန်မှာ နို့ရည်ကတဆင့် ကလေးဆီကိုရောက်ရှိသွားနိုင်တဲ့အတွက်ကြောင့် ယာယီအားဖြင့် နို့ဖြတ်ထားရတဲ့အခြေအနေများတွင် ကလေးကို နို့မပြတ်သွားစေဖို့ ကြိုတင်စုဆောင်းထားခြင်း (ပုံမှန်အားဖြင့် အချိန်တိုကာလသာဖြစ်ပါသည်)
  • မိခင် အလုပ်သွားနေချိန်အတွင်း ကလေးကိုတိုက်ကျွေးဖို့ နို့ရည်ချန်ထားခဲ့ဖို့ဖြစ်နိုင်ပါတယ်။
  • နို့ရည်ညှစ်ထုတ်မယ်ဆိုရင်

    • နို့ရည်ညှစ်တဲ့ကိရိယာလေးတစ်ခု ဝယ်သုံးတာ ပိုအဆင်ပြေပါတယ်။ လက်နဲ့ ညှစ်လည်း ရပါတယ်။
    • နို့ရည်မညှစ်ခင်မှာ လက်နဲ့ နို့ညှစ်ကိရိယာကို ဆပ်ပြာနဲ့ဆေးကြောပါ။
    • နို့ရည်ကို သန့်စင်တဲ့၊ အဖုံးပါတဲ့ ဖန်သား သို့မဟုတ် ပလတ်စတစ်ဘူး( BPA-free ဖြစ်တဲ့) တစ်ခုထဲမှာထည့်ပါ။

    ညှစ်ထုတ်ပြီးသားနို့ရည်ကို ဘယ်လောက်ကြာကြာ သိမ်းဆည်းလို့ရလဲ

    မိခင်မရှိချိန်မှာ ကလေးကို အချိန်မှန်တိုက်ကျွေးဖို့ ညှစ်ထုတ်ထားတဲ့ နို့ရည်က ဘယ်လောက်အထားခံလဲဆိုတာ သိမ်းဆည်းတဲ့နည်းလမ်းကို မူတည်ပါတယ်။

    အခန်းအပူချိန်မှာ သိမ်းဆည်းမယ်ဆိုရင်(၂၅ ဒီဂရီဆဲလ်စီးယပ်စ်ထက်မကျော်ဘဲ) –

    လောလောလတ်လတ်ညှစ်ယူထားတဲ့ နို့ရည်ကို အခန်းအပူချိန်မှာ (၆) နာရီအထိ သိမ်းဆည်းထားလို့ရပါတယ်။ (၄) နာရီအတွင်း တိုက်မယ်ဆိုရင်တော့ အကောင်းဆုံးပေါ့။ အခန်းက ပူနွေးနေတယ်ဆိုရင်တော့ အလွန်ဆုံး (၄) နာရီအထိပဲထားပါ။

    ရေခဲသေတ္တာထဲမှာ သိမ်းဆည်းမယ်ဆိုရင် –

    ရေခဲသေတ္တာထဲမှာ သီးခြားထည့်ထားမယ်ဆိုရင် (၄) ရက်အထိ အထားခံပါတယ်။ အသား၊ ကြက်ဥစတဲ့ ချက်ပြုတ်စရာပစ္စည်းတွေနဲ့ မရောထားဘဲ ရေခဲသေတ္တာရဲ့အအေးဆုံးနေရာမှာ သိမ်းဆည်းပါ။

    ရေခဲဘူးနဲ့ထားမယ်ဆိုရင် –

    ညှစ်ယူထားတဲ့နို့ရည်ကို ရေခဲဘူးထဲမှာရေခဲတွေနဲ့ထားမယ်ဆိုရင် (၂၄) နာရီအတွင်း အထားခံပါတယ်။

    Freezer ထဲမှာအေးခဲထားမယ်ဆိုရင် –

    နို့ရည်ကို လုံးဝအေးခဲထားမယ်ဆိုရင် (၁၂) လအထိ သိမ်းဆည်းထားနိုင်ပါတယ်။ ဒါပေမယ့် (၆) လအတွင်းသာ အသုံးပြုတာ အကောင်းဆုံးပါ။

    လေ့လာချက်တွေအရ မိခင်နို့ရည်ကို ရိုးရိုးအအေးခံ ထားထား၊ အေးခဲအောင်ပဲ ထားထား၊ ကြာကြာသိမ်းဆည်းထားလေ နို့ရည်မှာပါတဲ့ ဗီတာမင် စီ ကလျော့နည်းသွားလေ ဖြစ်ပါတယ်တဲ့။ ဒါ့ကြောင့် အာဟာရဓာတ်တွေ မဆုံးရှုံးရအောင် အလုပ်မသွားခင် တစ်နေ့တစ်ကြိမ် နို့ရည် သိမ်းဆည်းပေးခဲ့တာ အကောင်းဆုံးဖြစ်ပါတယ်။

    နို့ရည်ကို တိုက်ကျွေးခါနီး ပြန်နွှေးတဲ့အခါလည်း ရေနွေးထည့်ထားတဲ့ ပန်းကန်ထဲမှာ နို့ဗူးလေးစိမ်ထားပြီး ခပ်နွေးနွေးဖြစ်စေတာမျိုးပဲ လုပ်သင့်ပါတယ်။ မိုက်ခရိုဝေ့ဖ် သို့မဟုတ် မီးဖိုပေါ်တင် အပူပေးတာမျိုးမလုပ်ရပါဘူး။ အပူပေးခြင်းက နို့ရည်မှာပါတဲ့ ပဋိပစ္စည်းတွေကို ပျက်စီးစေနိုင်လို့ပါပဲ။

    ကဲ..ဘေဘီလေးတွေကို ဘယ်နည်းနဲ့မှ မိခင်နို့ရည်နဲ့ မကင်းကွာရစေဖို့ မေမေတို့ကို နည်းလမ်းကောင်းလေးပေးလိုက်ပြီနော်။ ကျန်းမာဖွံ့ဖြိုးတဲ့ သားသမီးရတနာလေးတွေကို အကောင်းဆုံးပံ့ပိုးပေးနိုင်ပါစေ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 04/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement