backup og meta

မိခင်နို့တိုက်နည်း ၄ နည်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Hello Sayarwon Panel


Hello Sayarwon Panel မှ ရေးသားသည်။ · 06/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မိခင်နို့တိုက်နည်း ၄ နည်း

    လွယ်ကူသည်ဟု ထင်ရသော်လည်း မိခင်များအတွက် နို့တိုက်ခြင်းသည် တကယ်တော့ ခက်ခဲပါသည်။ အထူးသဖြင့် သားဦးမိခင်များတွင် ပို၍ခက်ခဲတတ်ပါသည်။ သဘာဝအလျောက်သူ့ဘာသာ သူတတ်ကျွမ်း သွားနိုင်သော်လည်း အလေ့အကျင့်တော့ လိုပါသည်။ အကယ်၍ သင်သည် ကလေးနို့တိုက်ရာတွင် အခက်အခဲဖြစ်နေသည်ဆိုပါက ဤ နို့တိုက်နည်း လေးသွယ်က သင့်အားပိုမိုလွယ်ကူအောင် ကူညီပေးပါမည်။ မိခင်နို့တိုက်နည်း ၄ နည်း အကြောင်း လေ့လာနိုင်ရန် ဖော်ပြပေးလိုက်ပါသည်။

    မိခင်နို့တိုက်နည်း ၄ နည်း

    မိခင်နို့တိုက်နည်း ၄ နည်း မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

    ၁။ ဘက်တူလက်နှင့် နို့တိုက်နည်း

    အခြေခံကျဆုံးနည်းလမ်းဖြစ်သည်။ ညာဖက် နို့ကို တိုက်မည်ဆိုလျှင် ကလေးကို ညာဖက်လက်နှင့် ချီပါ။ ဘယ်ဖက်နို့နှင့် တိုက်မည်ဆိုလျှင် ကလေးကို ဘယ်ဖက်လက်နှင့် ချီပါ။ ကလေး၏ ခေါင်းကို သင်၏ လက်မောင်းကွေး ဆုံရာတွင် ထားလျက် ပွေ့ချီပါ။ လက်ရန်းပါသော ခုံတွင်ထိုင်၍သော်လည်းကောင်း၊ အိပ်ရာပေါ်တွင် ထိုင်၍ လက်မောင်းအောက်တွင် ခေါင်းအုံးများ ခုထား၍သော်လည်းကောင်း လက်မညောင်းစေရန် ပြုလုပ်ပါ။

    မိခင်၏ ခန္ဓာကိုယ်ကို ကလေးပေါ်တွင် ငိုက်မကျစေရန် မိခင်၏ ခြေထောက်ကို ခုံမြင့်တစ်ခုပေါ်တွင် တင်ထားပါ။ ကလေးငယ်၏ လက်မောင်းကို မိခင်လက်မောင်းအောက်တွင် ရှိနေစေ၍ ကလေးငယ်နှင့် သင်သည် မျက်နှာချင်းဆိုင် အနေအထား ဖြစ်နေပါစေ။ ကလေးငယ်၏ ခေါင်း၊ ကျောနှင့် ခန္ဓာကိုယ်အောက်ပိုင်းကို သင်၏ လက်ဖျံနှင့် လက်ဖဝါးတို့ဖြင့် ထိန်းထားပါ။ ဤနည်းသည် နေ့စေ့လစေ့ မွေးဖွားသော ကလေးများအတွက် အကောင်းဆုံး နည်းလမ်းဖြစ်သည်။

    ၂။ ဆန့်ကျင်ဘက်လက်နှင့် နို့တိုက်ခြင်း

    အကယ်၍ ညာဖက်နို့ကို တိုက်မည်ဆိုပါက ကလေးကို ဘယ်ဖက်လက်နှင့်ချီပါ။ ဘယ်ဖက်နို့နှင့် တိုက်မည်ဆိုပါက ကလေးကို ညာဖက်လက်နှင့် ချီပါ။ ကလေးငယ်၏ ရင်ဘတ်နှင့် ဝမ်းဗိုက်သည် မိခင်၏ ခန္ဓာကိုယ်နှင့် မျက်နှာမူနေပါစေ။

    သင်၏ လက်မနှင့်လက်ချောင်းများကို ကလေးငယ်၏ ခေါင်းနောက်တွင် ထားလျက် ကလေး၏ ပါးစပ်ကို သင်၏ နို့သို့ ညင်သာစွာ ဦးတည်ပေးပါ။ ကလေးငယ်ကို အထက်တွင် ဖော်ပြထားသော ဘက်တူလက်နှင့် နို့တိုက်ရန်အဆင်မပြေပါက ဤနံပါတ်နှစ်အနေအထားကိုသုံးသင့်သည်။ ဤနံပါတ်နှစ်အနေအထားသည်သေးငယ်သောကလေးများကို နို့တိုက်ရာတွင် အဆင်ပြေသည်။

    ၃။ လက်ပွေ့အိတ်ကိုင်သကဲ့သို့ နို့တိုက်နည်း

    ကလေးကို လက်ပွေ့အိတ်ကိုင်သကဲ့သို့ သင်၏လက်မောင်းအောက်တွင် ထားရမည်။ သင်၏ကလေးကို သင့်ခန္ဓါကိုယ်ဘေးတွင် ကပ်လျက် ကလေး၏နှာခေါင်းနှင့် နို့သီးခေါင်းကို တန်းတူအနေအထားတွင် ထားပါ။ သင်၏လက်မောင်းကို သက်သောင့်သက်သာရှိမည့်အရာတစ်ခုခုပေါ်တွင် (ဥပမာ ခေါင်းအုံး)ပေါ်တွင် ထားလျက် သင်၏လက်ဖြင့်ကလေးကို ထိန်းထားပါ။

    ကလေးပါးစပ်ကို နို့သီးခေါင်းဆီသို့ ဂရုတစိုက်ထိန်းပေးပါ။ ကလေးကို နို့စို့စေရန် အတင်းမတွန်းထားပါနဲ့။ ထိုသို့ပြုလုပ်လျှင် ကလေးမှ တောင့်ခံပြီး နို့တိုက်ခြင်းကို ပိုမိုခက်ခဲစေပါသည်။ နို့ကိုင်ပြီး ကလေးပါးစပ်နဲ့ ညှိပေးပါ။ ဤအနေအထားသည် သေးငယ်သောကလေးများနှင့် အမြွာမွေးထားသော မိခင်များအတွက် အလွန်သင့် လျော်ပါသည်။ ရင်သား အလွန်ကြီးသော အမျိုးသမီးများအတွက်လည်း အလွန်သက်သောင့်သက်သာ ရှိစေပါသည်။

    ၄။ နောက်မှီ အနေအထားဖြင့်နို့တိုက်ခြင်း

    အိပ်ရာပေါ်မှာ လှဲပါ။ သင်၏ ကျောနှင့် တင်ပါးတို့သည် တဖြောင့်တည်းဖြစ်ပါစေ။ သင်၏ နောက်ကျော သို့မဟုတ် ခါးသို့မဟုတ် သင်လိုအပ်သောနေရာတွင် ခေါင်းအုံးအချို့ခုထားပါ။

    ကလေးကို သင်နှင့် မျက်နှာချင်းဆိုင်အနေအထားတွင် ထားပါ။ ထို့နောက် သင်နှင့် နီးရာသို့ ကလေးကိုဆွဲယူပါ။ သင်၏ အိပ်ရာနှင့် ကပ်နေသောလက်မောင်းဖြင့်ကလေးကို ထိန်းထားပါ။

    အခြားတစ်နည်းကတော့ သင်၏ လက်မောင်းကို ခေါင်းအုံးအိပ်ပြီး ကျန်တစ်ဖက်လက်မောင်းဖြင့် ကလေးခေါင်းကိုထိန်းထားပါ။ ဤအနေအထားသည် ခက်ခဲစွာကလေးမွေးထားသော မိခင်များအတွင်သင့်တော်ပါသည်။

    မိခင်တိုင်းမှာ သူမ အကြိုက်ဆုံး နို့တိုက်သည့်ပုံစံ ရှိပါသည်။ အကယ်၍ သင်ဟာ ဤနည်းလမ်းလေးခုကို မလုပ်ကြည့်ဖူးပါက နည်းလမ်းတစ်ခုစီနှင့် စမ်း၍ နို့တိုက်ကြည့်ပါ။ သင့်အတွက် အဆင်ပြေသော နို့တိုက်နည်း ပုံစံတွေ့လာပါမည်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Hello Sayarwon Panel


    Hello Sayarwon Panel မှ ရေးသားသည်။ · 06/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement