backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

ကလေးကို မိခင်နို့ တဖက်တည်း နဲ့ တိုက်ရင် ဘာတွေ ဖြစ်နိုင်လဲ။


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 03/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ကလေးကို မိခင်နို့ တဖက်တည်း နဲ့ တိုက်ရင် ဘာတွေ ဖြစ်နိုင်လဲ။

မိခင်နို့ တိုက်ခြင်းဟာ ကလေးလေးရော၊ မိခင်အတွက်ပါ ကောင်းကျိုးတွေ အများကြီးရစေနိုင်တဲ့ အပြင် ကလေးလေးနဲ့ မေမေကြား သံယောဇဉ်လည်း တိုးစေနိုင်တဲ့ ထူးခြားတဲ့ အချိန်လေးတစ်ခုပဲဖြစ်ပါတယ်။ များသောအားဖြင့်တော့ မိခင်တွေဟာ ကလေးလေးကို နို့ နှစ်ဖက်လုံးနဲ့ တစ်လှည့်စီ တိုက်ကျွေးကြပါတယ်။ ဒါပေမယ့် တချိုု့သော မိခင်တွေမှာ အကြောင်းအမျိုးမျိုးကြောင့် (ဥပမာ- မိခင် (သို့) ကလေးက တစ်ဖက်ဖက်ကို ပိုအားသန်တာကြောင့် ဖြစ်စေ၊ နို့တစ်ဖက်ဖက်က အထွက်နည်းတာ (သို့) နို့မထွက်တာမျိုးကြောင့် ဖြစ်စေ၊ နို့တိုက်တဲ့ ပုံစံ မမှန်တာကြောင့် ဖြစ်စေ၊ အမေရဲ့ နို့တစ်ဖက်ဖက်က နာတာ၊ရောင်တာ တစ်ခုခုကြောင့်ဖြစ်စေ) နို့တစ်ဖက်တည်းနဲ့ တိုက်ရတာမျိုးတွေ ရှိတတ်ကြပါတယ်။ အဲဒီလို မိခင်တွေအတွက် ဘာတွေဖြစ်နိုင်လဲ ဘယ်လိုလုပ်သင့်တယ်ဆိုတာလေးကို ဒီဆောင်းပါးလေးမှာ ပြောပြပေးမှာပါ။

၁။ ကလေးလေးအတွက် နို့မဝခြင်း။

ပထမဦးဆုံး အဲလို မိခင်တွေအနေနဲ့ နို့တစ်ဖက်နဲ့ပဲ တိုက်တဲ့အတွက် ကလေးအတွက် နို့၀ ပါ့မလား ဆိုပြီး စိုးရိမ်စရာ ဖြစ်လာပါတယ်။ မိခင်က နို့ကို အချိန်မှန်မှန် တိုက်မယ်၊ နို့ကလည်း လုံလုံလောက်လောက် ထွက်တယ်ဆိုရင်တော့ မဝမှာ စိတ်ပူစရာ မရှိပါဘူး။ ဒါပေမယ့် စို့တဲ့ ဘက်က နို့ အလုံအလောက် မထွက်တာ၊ အချိန်မှန်မှန်သေချာ မတိုက်တာမျိုးဆိုရင်တော့ ကလေးလေးအတွက် နို့မဝတဲ့ ပြသနာတွေရှိလာနိုင်ပါတယ်။

၂။ မိခင်အတွက် ပြဿနာများ။

နို့တစ်ဖက်နဲ့ပဲ တိုက်တဲ့ မိခင်တွေ အနေနဲ့ အောက်ပါ ပြဿနာတွေကို ရင်ဆိုင်ရနိုင်ပါတယ်။

(၁) နို့သီးခေါင်းကွဲခြင်း။

ဒါကတော့ အဖြစ်များတဲ့ ပြဿနာတစ်ခုပါ။ တစ်ဖက်တည်းကိုပဲ ဆက်တိုက် အစို့ခံရတာကြောင့် နို့သီးခေါင်းထိပ်လေးတွေ နာပြီး အက်ကွဲနိုင်ပါတယ်။

(၂) ရင်သားတင်းပြီး နာကျင်ခြင်း။

စို့ခံရတဲ့ဘက်ကတော့ အစို့ခံရတဲ့ အတွက် ကွဲအက်နာကျဉ်နိုင်ပြီး မစို့တဲ့ ဘက်ကတော့ ကလေးလေးမစို့တာကြောင့် နို့ရည်တွေ ပိုလျှံကျကာ နို့တင်းပြီး နာလာနိုင်ပါတယ်။

(၃) နို့ပြွန်တွေ ပိတ်သွားခြင်း။

ကလေးလေးမစို့တဲ့ ရင်သားဘက်က ပြွန်တွေဟာ မစို့တာကြာတဲ့အခါမှာ ပိတ်ဆို့လာတတ်ကြပါတယ်။ အဲလို ပိတ်ဆို့ပြီး ရင်သားမှာ အလုံးဖြစ်လာတာ၊ နီရဲလာတာမျိုး ခံစားရနိုင်ပါတယ်။

(၄) ရောင်ရမ်းခြင်းနဲ့ ပြည်တည်ခြင်း။

အစို့မခံရတဲ့ နို့ဟာ ကြာလာတဲ့အခါ ရောင်ရမ်းလာတာမျိုး ဖြစ်နိုင်ပါတယ်။ အဲလို ဖြစ်လာတာကို သေသေချာချာ မကုသဘူးဆိုရင်တော့ ပြည်တည်လာတဲ့ အထိ ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် အစို့ခံရတဲ့ဘက်မှာလည်း နို့သီးထိပ် ကွဲအက်လာတဲ့အတွက် ပိုးဝင်ပြီး ရောင်ရမ်းလာနိုင်ပါတယ်။

၃။ ဘယ်အချိန်မှာ ဆရာဝန် ဆီသွားပြသင့်လဲ။

နောက်ဆုံး ပြည်တည် ပိုးဝင်နိုင်တဲ့ အထိ ဖြစ်တတ်တာကြောင့် အထက်ပါပြသနာတွေပေါ်လာမယ်ဆိုရင် ဆရာဝန်နဲ့ ပြပြီး သေသေချာချာ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

၄။ နို့နှစ်ဖက်လုံးနဲ့ တိုက်ဖြစ်အောင် ဘယ်လိုလုပ်သင့်လဲ။

နို့တစ်ဖက်တည်းနဲ့ တိုက်တာဟာ ကလေးလေးအတွက်ရော အမေအတွက်ပါ မကောင်းတာကြောင့် ရောဂါတစ်ခုခုကြောင့်သာ မဟုတ်ခဲ့ဘူးဆိုရင် မိခင် အနေနဲ့ ကလေးလေးကို နှစ်ဘက်လုံးနဲ့ စို့နိုင်အောင် ကြိုးစားပေး သင့်ပါတယ်။ ကလေး အိပ်ငိုက်နေတဲ့ အချိန်မျိုးမှာ အရင်မသောက်တဲ့ဘက်နဲ့ စတိုက်ကြည့်တာမျိုး၊ သိပ်မသောက်တဲ့ နို့ကို နို့ထွက်ကောင်းအောင် နှိပ်နယ်ပေးတာမျိုး၊ နို့တိုက်တဲ့ ပုံစံမှန်အောင် တိုက်တာမျိုး၊ ကလေးလေးအတွက် စို့ရ အဆင်ပြေအောင် အနေအထားပြောင်းပေးတာမျိုး၊ စတဲ့ နည်းလမ်းလေးတွေနဲ့ ကြိုးစားနိုင်ပါတယ်။

မိခင်တိုင်း နို့တိုက်ခြင်းဆိုင်ရာ ပြသနာတွေအားလုံး ကင်းဝေးပြီး မိမိကလေးလေးရဲ့ အသက်(၆)လအထိ မိခင်နို့တစ်မျိုးတည်း လုံလောက်စွာတိုက်ခြင်းဖြင့် ကျန်းမာတဲ့ သားသား၊ မီးမီးလေးတွေ ဖြစ်အောင် ပျိုးထောင်နိုင်ကြပါစေ။

ရေးသားသူ- Khine Phoo Ngon

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။




Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 03/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement