backup og meta

14 လအရွယ်ကလေးငယ်


Wathun Myat Chal မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    14 လအရွယ်ကလေးငယ်

    သင့်ရဲ့၁၄လအရွယ်ကလေးကို ဂရုစိုက်ဖို့ သင်ဘာတွေသိရမလဲ။

    ဖွံ့ဖြိုးကြီးထွားမှုနဲ့ အပြုအမူများ

    ကလေးဟာဘယ်လိုဖွံ့ဖြိုးသင့်သလဲ။

    သင့်ကလေးလေးဟာ အကြောက်တရားနဲ့ စိုးရိမ်ပူပန်မှုတွေ ကြီးထွားလာတယ်ဆိုတာကို သင်သတိပြုမိပါလိမ့်မယ်။ သင့်ကလေးဟာ သူ့ပတ်ဝန်းကျင်ကို အာရုံစိုက်မှုပိုများလာပြီး တစ်ခုခုဆို သတိထားကြည့်ပြီး ပြင်ဆင်ထားတတ်လာပါပြီ။ အသားကြိတ်စက်ကအသံတွေ အဝတ်လျှော်စက်ကအသံတွေကိုလည်း သူကြောက်ကောင်းကြောက်နေနိုင်ပါတယ်။ သင်ကဒါကိုသတိပြုမိဖို့လိုပြီး သင့်ကလေးစိတ်ကိုအဆင်ပြေစေဖို့ နည်းလမ်းတွေကို ကြိုတင်ရှာထားသင့်ပါတယ်။

    သူတို့တွေဟာ ရေချိုးကန်ကိုလည်း ကြောက်ရွံ့နေတတ်ပြန်ပါသေးတယ်။ အရင်ကသင့်ကလေးက ရေချိုးရတာ နှစ်သက်ကောင်းနှစ်သက်မှာဖြစ်ပေမဲ့ အခုအချိန်မှာသူဟာ ရေချိုးခန်းကို ကြောက်စရာနေရာကြီးအဖြစ်မြင်ကောင်းမြင်နေနိုင်ပါတယ်။ ရက်အနည်းငယ်လောက်သူ့ကို ရေချိုးရာမှာသုံးတဲ့ ဖော့လေးတွေနဲ့ ရေချိုးခိုင်းကြည့်ပါ။ ရေချိုးကန်ထဲမှာ ရေမထည့်ဘဲထိုင်ခိုင်းထားပြီး တဘက်လေးတွေပေးပြီးဆော့ခိုင်းကြည့်ပါ။ မကြာခင်မှာ အဆင်ပြေလာပြီး လုံခြုံစိတ်ချမှုကို သူပြန်ပြီးခံစားလာရပါလိမ့်မယ်။

    ကလေးကိုဘယ်လိုထောက်ပံ့သင့်သလဲ။

    ဒီအရွယ်ကလေးတွေဟာထိန်းချုပ်ဖို့မလွယ်ကူပါဘူး။ ဒီလိုအချိန်ဟာ အခြေခံအလုပ်လေးတွေကို စည်းကမ်းတကျလုပ်တတ်ဖို့နဲ့ ကလေးအတွက် ကန့်သတ်ချက်အချို့ထားဖို့အတွက် အကောင်းဆုံးအချိန်ပါ။ သင်နဲ့ ကလေးဖေဖေဟာ ကလေးကို ဘာတွေပေးလုပ်မယ် ဆိုတာနဲ့ ကလေးတစ်ခုခုကိုလုပ်လိုက်မိရင် ဘယ်လိုရလဒ်တွေကိုပေးမလဲဆိုတာကို တစ်ညီတည်းဖြစ်နေအောင်တိုင်ပင်ထားရမှာပါ။ ဒါဟာသင့်ကလေးကိုအော်ဟစ်ဆူပူရမယ်လို့ဆိုလိုတာမဟုတ်ပါဘူး။ အကောင်းဆုံးနည်းလမ်းကတော့ မတင်းလွန်း မလျော့လွန်းတဲ့ အလယ်အလတ်လမ်းစဉ်ပါပဲ။ ဘယ်ဟာကကောင်းတဲ့အပြုအမူ ဘယ်ဟာကတော့ မကောင်းတဲ့အပြုအမူဆိုတာ သင့်ကလေးကို သင်ကြားပေးပါ။ သင့်လေသံပြောင်းလဲသွားတာကိုနားထောင်ပြီး သင့်စိတ်ထဲဘယ်လိုဖြစ်သွားလဲဆိုတာကို ကလေးကသိနိုင်ပါတယ်။

    လူမှုဆက်ဆံရေးကောင်းမွန်ဖို့ လျင်မြန်စွာဖွံ့ဖြိုးတိုးတက်လာဖို့ နဲ့ မိမိကိုယ်ကို ယုံကြည်မှုတည်ဆောက်ဖို့အတွက် ကစားချိန်တွေဟာမရှိမဖြစ်လိုအပ်တယ်။ ဒါကြောင့် ကစားပျော်ရွှင်နိုင်ဖို့ အခွင့်အလမ်းတွေနဲ့ နေရာလွတ်တွေ အများကြီးဖန်တီးထားပေးပါ။ သင့်ကလေးတစ်ယောက်တည်းဆော့နေတာကို မြင်တွေ့ရတဲ့အခါမှာ အပြစ်ရှိသလိုမခံစားနေပါနဲ့။ သင့်ကိုယ်သင် အမြဲတမ်းအားပေးနေပါ။ ခပ်လှမ်းလှမ်းကနေလည်း ကလေးကိုစောင့်ရှောက်လို့ရပါတယ်။ ဒီလိုလုပ်ပေးခြင်းဟာ လွတ်လပ်မှုနဲ့ စူးစမ်းလေ့လာမှုကို အားပေးရာရောက်ပါတယ်။ သင်ဟာသူ့ရဲ့ဖွံ့ဖြိုးမှုကို လုံးဝထောက်ပံ့ပေးနေတာပါ။

    ကျန်းမာရေးနှင့် လုံခြုံရေး

    ဆရာဝန်နဲ့ ဘာတွေဆွေးနွေးရမလဲ

    သင်အချိန်ဇယားချထားတဲ့အတိုင်းဆိုရင် ဒီလဟာ ဆရာဝန်နဲ့သွားတွေ့ရမယ့်လတော့မဟုတ်ပါဘူး။ တကယ်လို့သင့်ကလေးရဲ့ဖွံ့ဖြိုးကြီးထွားမှုမှာ ရုတ်တရက်ကြီးပြောင်းလဲသွားတာမျိုးရှိလာမှသာ ဆရာဝန်ကိုပြောပြသင့်ပါတယ်။ သင့်ကလေးကို ထိုးဖို့ ကာကွယ်ဆေးလိုအပ်နေတာရှိသေးလားမေးပါ။ ကူးစက်ရောဂါတွေဖြစ်မလာဖို့ ကလေးကို ကာကွယ်ဆေးထိုးပေးဖို့က အရမ်းအရေးကြီးပါတယ်။

    ဘာတွေသိသင့်လဲ။

    ကလေးကိုနို့ဗူးမတိုက်တော့ဖို့ဆရာဝန်ကအကြံပေးနိုင်ပါတယ်။ တကယ်လို့ နို့ဗူးမဖြတ်နိုင်သေးဘူးဆိုရင် အစာစားချိန်နဲ့ သွားရည်စာစားချိန်တွေမှာ နို့တွေ ဖျော်ရည် တွေနဲ့ အခြားနည်းလမ်းတွေအသုံးပြုပြီး ကလေးရဲ့သွား ပုံစံတကျပေါက်လာအောင်ထားပေးပါ။ တကယ်လို့ နို့ဗူးဖြတ်တော့မှာသေချာတယ်လို့ ဆုံးဖြတ်ပြီးပြီဆိုရင်တော့ လုံးဝမတိုက်ဘဲ သေချာဖြတ်ထားလိုက်တာကောင်းပါတယ်။ နို့ဗူးလုံးဝမတိုက်တော့တာက ကလေးငိုနိုင်တယ် ညဘက်အိပ်မပျော်တာတွေများနိုင်တယ်ဆိုပေမဲ့ အမြန်ဆုံးနည်းလမ်းပါပဲ။ ဒီနည်းလမ်းကို ဖြည်းဖြည်းချင်းလုပ်သွားမယ်ဆိုရင်တော့ ပိုကောင်းတဲ့ရွေးချယ်မှုတစ်ခုဖြစ်မှာပါ။ နို့ဗူးနေရာမှာ sippy cup လေးတွေကို အစားထိုးသုံးလို့လည်းရပါတယ်။ ကလေးကို နို့ဗူးအစား မနက်စာ စကျွေးကြည့်သင့်ပါတယ်။ ပြီးရင်တော့ ရက်အနည်းငယ်ခြားပြီး နေ့လည်စာစကျွေးသင့်ပါပြီ။ ညအိပ်ရာမဝင်ခင်သောက်တဲ့ နို့ဗူးတွေဟာ သူစွန့်လွှတ်ဖို့အခက်ခဲဆုံးဖြစ်တတ်ပြီး နောက်ဆုံးမှဖြတ်သင့်ပါတယ်။

    စိုးရိမ်ပူပန်မှုများ

    ဘာတွေကိုစိတ်ပူနေတာလဲ။

    သင့်ကလေးရဲ့ကိုယ်အလေးချိန်ကို သင်စိတ်ပူနေမယ်ဆိုရင် ဒါက ပုံမှန်ပါပဲ။ မိခင်တိုင်းဟာ ကလေးအရွယ်ရောက်ပြီးတာတောင်မှ ဒီလိုမျိုး စိုးရိမ်ပူပန်တတ်ကြပါတယ်။ သင်သိထားရမှာက ဒီအရွယ်ကလေးငယ်တိုင်းဟာ အစားသိပ်မစားကြဘူးဆိုတာပါ။ အနည်းဆုံးတော့ သူတို့က လူကြီးတွေလိုမစားနိုင်ဘူးလေ။ တကယ်လို့သင့်ကလေးဟာ အရမ်းတက်ကြွတဲ့ကလေးဖြစ်နေမယ်ဆိုရင် သူလက်ခံထားတဲ့ ကယ်လိုရီက သုံးလိုက်တဲ့ ကယ်လိုရီထက်ပိုနည်းနေမှာပါ။ ကလေးဟာတက်တက်ကြွကြွဖြစ်မနေဘဲ အလေးချိန်လျော့သွားရင်တော့ သင်စိတ်ပူသင့်ပါပြီ။ ဒါက တခြားပြဿနာကြီးကြီးတစ်ခုဖြစ်နေနိုင်တဲ့ လက္ခဏာတွေပါ။

    တကယ်လို့သင့်ကလေးဟာ အဝလွန်နေမယ်ဆိုရင် သူ့ရဲ့အချိုစားနှုန်းကိုကန့်သတ်ပေးသင့်ပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာတွေပဲစားအောင် လုပ်ပေးသင့်ပါတယ်။ အရမ်းကြီး စိုးရိမ်ပူပန်နေတာမျိုးမဖြစ်ပါနဲ့ သူလမ်းပိုလျှောက်နိုင်လာလေ အဆီလောင်ကျွမ်းမှုများပြီး ပိုပိန်လာလေဖြစ်လာမှာပါ။ အရပ်လည်းပိုရှည်လာမှာပါ။

    သင့်ကလေးအအေးမိနေရင်ဘာဆေးတိုက်ရမယ် ဘာကျွေးရမယ်ဆိုတာကို သင်စိတ်ပူနေနိုင်ပါတယ်။ အအေးမိခြင်းအများစုက ဗိုင်းရပ်စ်ကြောင့်ဖြစ်တာဖြစ်ပြီး ရက်အနည်းငယ်အကြာမှာပျောက်သွားတတ်ပါတယ်။ ဆရာဝန်အညွှန်းမပါတဲ့ဆေးတွေကို တိုက်တာမျိုးလုံးဝမလုပ်ပါနဲ့။ ဒီဆေးတွေဟာ ၂နှစ်အောက်ကလေးတွေကိုတိုက်ခြင်းမျိုးမပြုလုပ်ဖို့ ကန့်သတ်ထားတာကြောင့် ဆရာဝန်ညွှန်ကြားချက်မပါဘဲ လုံးဝမတိုက်ပါနဲ့။ တကယ်လို့ ရောဂါလက္ခဏာတွေပိုပြလာမယ် အခြေအနေပိုဆိုးလာမယ်ဆိုရင်တော့ ဆရာဝန်ဆီက အကြံဉာဏ်တောင်းပါ။ တိုင်ပင်ဆွေးနွေးပါ။

    နောက်လမှာသင့်ကလေးဘာတွေကိုသင်ယူနိုင်မလဲ ဆက်လက်လေ့လာကြပါစို့။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Wathun Myat Chal မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement