backup og meta

သင်တို့လင်မယား ချစ်တင်းနှောနေတုန်း ကလေးက မြင်သွားခဲ့ရင် ဘယ်လိုလုပ်မလဲ

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 30/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင်တို့လင်မယား ချစ်တင်းနှောနေတုန်း ကလေးက မြင်သွားခဲ့ရင် ဘယ်လိုလုပ်မလဲ

    သင်တို့ လင်မယား ချစ်တင်းနှောနေတုန်း ကလေးက မြင်သွားခဲ့ရင် ကလေးအတွက်ရော၊ သင်တို့အတွက်ပါ မမေ့နိုင်တဲ့ အဖြစ်အပျက် တခု ဖြစ်သွားမှာ အသေအချာပါပဲ။ ဒါဖြင့် သင်တို့လင်မယား ချစ်တင်းနှောနေတုန်း ကလေးက မြင်သွားခဲ့ရင် ဘယ်လိုလုပ်မလဲ ။

    ဒါဟာ ဖြစ်တတ်တဲ့ သဘာဝပါ။ သင်စိတ်သက်သာရာ ရသင့်တဲ့အချက်က ဒါမျိုး အခြေအနေ ကြုံတွေ့ရတာဟာ သင်တယောက်တည်း မဟုတ်ပါဘူး။ ဟုတ်ပြီ၊ ဒါဖြင့် ကလေးက မြင်သွားပြီဆိုရင် ဘယ်လိုတွေ ဆက်လုပ်သင့်လဲ။

    သင်တို့လင်မယား ချစ်တင်းနှောနေတုန်း ကလေးက မြင်သွားခဲ့ရင် ဘယ်လိုလုပ်မလဲ

    ဒီလို အချိန်မျိုးမှာ သင်တို့အခန်းထဲကို ကလေးဝင်လာခဲ့ရင် သင်ပူထူလန့်ဖြန့်သွားမှာ အသေအချာပါပဲ။ ဟုတ်ပြီ၊ မလန့်သွားပါနဲ့။ အာရုံကို ပြန်စုစည်းပါ (အဝတ်အစားတွေကိုရောပဲပေါ့)။ ချက်ချင်းကြီး အလန့်တကြားနဲ့ ရှင်းပြဖို့မကြိုးစားပါနဲ့။

    ဒီလို ပူထူပြီး ရှက်နေတဲ့အခြေအနေမျိုးမှာ သင်ပထမဆုံးပြောမိတဲ့စကားဟာ အသင့်တော်ဆုံး၊ အကောင်းဆုံး တုန့်ပြန်မှု စကား မဟုတ်ဖို့ အတော်များပါတယ်။ ဒါ့ပြင် မလိုတာတွေ အများကြီးပြောမိတာ၊ အမှားမှားအယွင်းယွင်းတွေ ပြောမိတာမျိုးပဲ ဖြစ်ဖို့ရှိပါတယ်။

    သင့်ကလေးက အရမ်းငယ်လွန်းသေးတယ်ဆိုရင် သူမြင်လိုက်ရတာဟာ ဘာမှန်းတောင်သိမှာမဟုတ်ပါဖူး။ ပုံမှန်အပြုအမူတခုလို့ပဲ ထင်မှာပါ။ ဒါဆိုရင်တော့ သင်တို့အနေနဲ့ အလုံးကြီးကျသွားလို့ ရပါတယ်။”ဖေကြီးနဲ့မေကြီးက ချစ်လို့ဖက်ထားတာ၊ သမီးလေး/သားလေးလည်းလာလေ” စသဖြင့် ရောချလိုက်ပါ။ ကလေးပိစိတွေကိုတော့ ဒီနည်းသုံးရင် အဆင်ပြေသွားလောက်ပါတယ်။

    တကယ်လို့ သင့်ကလေးက မေးခွန်းတွေထုတ်ခဲ့မယ်ဆိုရင်တော့ သင်ဖြေလို့ရမယ့် အဖြေ ၇မျိုးကို အောက်မှာ ရေးပေးထားပါတယ်။ ဒီအဖြေတွေဟာ သင့်အမြင်မှာတော့ ပေါကြောင်ကြောင်နိုင်ကောင်းနိုင်နေမှာဖြစ်ပေမယ့် ကလေးလေးတွေအတွက်တော့ လုံလောက်တဲ့အဖြေတွေ ဖြစ်မှာပါ။

    ၁။”အရမ်းပူလို့ သားသားရ/မီးမီးရ” ။ သင်တို့တွေ အဝတ်အစားမပါဘဲ ချွေးတလုံးလုံးဖြစ်နေတာ ဘာလို့လဲဆိုတာကို ရှင်းပြနိုင်မယ့်အကြောင်းပြချက်ကလည်း သိပ်တော့မရှိလှပါဖူး။ ဒီတော့ အိုက်နေတယ်လို့သာ ရဲရဲကြီး ပြန်ဖြေလိုက်ပါ။

    ၂။”ဘာကိုပြောတာလဲ သားသား/မီးမီး။ ဖေကြီးတို့ ဘာလုပ်နေလို့တုန်း” ထူးထူးခြားခြားဘာမှလုပ်မနေတဲ့ အထာဖမ်းပြီး ရုပ်တည်နဲ့သာ ပြန်မေးလိုက်ပါ။ သူတို့လေးတွေ တကယ်ထင်သွားပါလိမ့်မယ်။

    ၃။”ဖေကြီးက မေကြီးကို မာဆတ်လုပ်ပေးနေတာ/နှိပ်ပေးနေတာ” တကယ်လို့ သင့်ကလေးက နှိပ်ပေးတယ်ဆိုတာကို နားလည်နေတဲ့အရွယ်ဆိုရင်တော့ ဒါကသိပ်မအိုကေလောက်ပါဖူး။ ဒါပေမယ့် ငယ်သေးတဲ့ကလေးဆိုရင်တော့ မေကြီးကြွက်သားတွေ နာနေလို့ ဖေကြီးကကူပေးနေတယ်လို့ထင်သွားမှာပါ။

    ၄။”ကျောက်ရုပ်လုပ်တမ်းကစားနေတာ” ကလေးတွေက အရုပ်လေးတွေကို အင်္ကျီဝတ်ပေးတမ်းကစားလေ့ ရှိတာကြောင့် ဒီတခါတော့ သင်တို့အင်္ကျီချွတ်တမ်းကစားနေတာလို့ ယုံသွားပါလိမ့်မယ် (လို့မျှော်လင့်ရပါတယ်)။

    ၅။”ချစ်လို့ ဖက်ထားကြတာ သားသား/မီးမီးရဲ့” ကလေးလေးတွေဟာ ပွေ့ဖက်ရတာကို သဘောကျနှစ်ခြိုက်တာမို့ လူကြီးတွေလည်း ဒီလိုပဲလို့ သူတို့ယူဆပါလိမ့်မယ်။

    ၆။”မေမေ့မျက်စိထဲ အမှုန်ဝင်သွားလို့ဖယ်ပေးနေတာကွ” ကလေးဝင်လာတဲ့အချိန်မှာ မေမေ့မျက်စိနဲ့ ဖေဖေက အဝေးကြီးမှာ ရှိနေတာ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် သင့်ကလေးခန္ဓာဗေဒနဲ့ပတ်သက်ပြီး သိပ်မသိသေးဖို့နဲ့ မေးခွန်းတွေ ထပ်မမေးတော့ဖို့ မျှော်လင့်ရမှာပါပဲ။

    ၇။”ဖေကြီးတို့ အတူတူနေနေတာ ကလေးရဲ့” ဒါဟာ လိမ်ရာမကျတဲ့ မုသားစကားပါ။

    နောက်တနေ့မနက်ရောက်တဲ့အခါ

    ဒီလိုကသောင်းကနင်းအဖြစ်လေး ဖြစ်သွားပြီး နောက်နေ့မနက်ရောက်တဲ့အခါ သင့်ကလေးနဲ့ မျက်နှာစုံညီတွေ့ပြီး အကျိုးအကြောင်းပြောတာဟာ မရိုင်းတဲ့အကြံပါ။

    ညကသူလေး အခန်းထဲဝင်လာတာဟာ ဘာအပြစ်မှမရှိကြောင်းကို သေချာသိပါစေ။ အသက် ၅နှစ်အထက်ကလေးတွေဆိုရင် အရွယ်နဲ့သင့်တော်တဲ့ စကားလုံးလေးတွေကို သုံးပြီးရှင်းပြနိုင်ပါတယ်။

    အချက်အလက်တိကျတဲ့၊ မရှုပ်ထွေးတဲ့ အသုံးအနှုန်းတွေကိုသုံးပါ။ ကလေးမေးသမျှကိုဖြေပေးပါ။ ဒါပေမယ့် လိုတာထက်ပိုမပြောမိဖို့နဲ့ မမေးတာကို လျှောက်မဖြေမိစေဖို့ သတိထားပါ။

    မိဘနဲ့သားသမီးကြားမှာ မျိုးဆက်ပွားကျန်းမာရေးပညာပေးတဲ့အခါ အဓိကပန်းတိုင်က ကလေးမေးတာတွေကို လိုအပ်တာထက်မပိုစေဘဲ ရိုးရိုးသားသားဖြေပေးဖို့နဲ့ သူတို့လေးတွေ နောက်နောင်သိချင်တာရှိရင် ထပ်လာမေးရဲအောင် လမ်းဖွင့်ပေးထားဖို့ပဲ ဖြစ်ပါတယ်။

    အနှစ်ချုပ်မှတ်ဖို့

    • အိပ်ခန်းတံခါးကို အသေအချာပိတ်ပါ (ဘယ်အချိန်မှာပိတ်ခိုင်းတာလဲဆိုတာ ပေါက်တယ်မလား)။
    • အပြစ်ရှိတယ်လို့ အရမ်းကြီးခံစားမနေပါနဲ့—— သင်ရှက်ကြောက်နေတာကို သင့်ကလေးကို ရိပ်စားမိပြီး လိင်ကိစ္စဟာ ရှက်စရာ၊ ရွံ့စရာ၊ မသတီစရာလို့ ထင်သွားပါလိမ့်မယ်။
    • ဘာမှ မပြောသေးခင် သင့်အာရုံတွေကို ပြန်စုစည်းပါ။
    • ကယောင်ကတမ်းနဲ့ ချက်ချင်းကြီး ဟုတ်တိုင်းမှန်ရာ အကုန် လျှောက်မပြောပါနဲ့။
    • ရိုးရှင်းပြီး ကလေး အသက်အရွယ်နဲ့ ကိုက်ညီတဲ့ စကားလုံးတွေကို ရွေးချယ်သုံးစွဲပါ။
    • အရမ်းကြီး အသေးစိတ်တွေ အတိအကျ ရှင်းမပြပါနဲ့၊ အထူးသဖြင့် ငါးနှစ်အောက် ကလေးတွေကိုပေါ့။
    • ငါးနှစ်အထက် ကလေးတွေကို ချက်နဲ့လက်နဲ့ သက်သောင့်သက်သာ ရှင်းပြပါ။
    • ရှောင်မနေပါနဲ့။ ကလေးတွေ မေးလာတာကို စောင့်ပါ။
    • ဒီလို အခန်းထဲ ဝင်လာမိတာဟာ ကလေးအနေနဲ့ လုံးဝ အပြစ်မရှိဘူး ဆိုတာကို သေချာရှင်းပြပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Dr. K Zin Thwe


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 30/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement