backup og meta

ကျန်းမာပျော်ရွှင်သော ရင်နှစ်သည်းချာလေးတွေ ဖြစ်စေဖို့

ကလေးလေးတစ်ယောက် ပျော်ပျော်ရွှင်ရွှင်ကြီးပြင်းလာမှုက သူတို့ရဲ့လေးတွေရဲ့ အနာဂတ်ဘဝအောင်မြင်မှုအပေါ်မှာပါ အများကြီးသက်ရောက်မှု ရှိနေပါတယ်။ ငယ်ရွယ်စဉ်ကတည်းကနေ ကြီးပြင်းလာတဲ့တလျှောက် ဂရုစိုက်မှုကို ခံစားလာရတဲ့ ကလေးငယ်တွေက ကိုယ့်ကိုယ်ကို ယုံကြည်မှုလည်း ပိုများတတ်ကြပါတယ်။ မိဘတွေဟာ သားသမီးတွေရဲ့ လက်ဦးဆရာပါပဲ။ မိဘတွေရဲ့ ထိန်းသိမ်းစောင့်ရှောက်မှုက ကျန်းမာပျော်ရွှင်တဲ့ ရင်နှစ်သည်းချာလေးတွေ ဖြစ်စေဖို့ အရေးပါပါတယ်။ မိမိတို့ရဲ့ ရင်နှစ်သည်းချာလေးတွေကို ကျန်းမာပျော်ရွှင်တဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာအောင် မိဘတွေအနေနဲ့ ဘယ်လိုမျိုးလေးတွေလုပ်ပေးရမလဲဆိုတာကို အောက်မှာ ပြည့်ပြည့်စုံစုံ ပြောပြပေးမယ်နော်။

ကျန်းမာပျော်ရွှင်တဲ့ ရင်နှစ်သည်းချာလေးတွေ ဖြစ်စေဖို့

ကလေးလေးတွေကို ကျန်းကျန်းမာမာပျော်ရွှင်ရွှင် ကြီးပြင်းလာစေချင်တယ်ဆိုရင်တော့ အခုပြောပြမယ့်နည်းလမ်းလေးတွေကို စမ်းသပ်ကြည့်သင့်ပါတယ်။

  • ကလေးလေးတွေကို မိဘတွေက ဂရုစိုက်ပေးပါ

ကလေးလေးတွေက မိဘတွေရဲ့ ဂရုစိုက်မှုကို လိုအပ်ကြပါတယ်။ ဒါကို မိဘတိုင်းက သိကြပေမယ့် ကလေးကို ဘယ်လိုဂရုစိုက်ပေးရမလဲဆိုတာကိုသေသေချာချာမသိကြပါဘူး။ ကလေးတွေကို ဂရုစိုက်တယ်ဆိုတဲ့နေရာမှာလည်း မှန်ကန်တဲ့ဂရုစိုက်မှုဖြစ်ဖို့က လိုပါသေးတယ်။

မွေးစအရွယ်ကလေးတွေက မိဘတွေကို တွယ်တာပါတယ်။ ဒါကြောင့် သူတို့လေးတွေ ဆာနေလား၊ အိပ်ငိုက်နေလားဆိုတာကို ဂရုစိုက်စောင့်ကြည့်ပြီး လိုအပ်တာလေးတွေ လုပ်ပေးပါ။ ကလေးငိုရင် ချီပါ၊ ချော့ပါ။ ကလေးငိုတိုင်း ချီရင် လက်ကြိုက်သွားမယ်ဆိုတာ မဟုတ်ပါဘူး။ သူတို့က သူတို့ကို ဂရုစိုက်တဲ့သူကို တွယ်တာတာပါ။

  • ကလေးတွေကို နွေးနွေးထွေးထွေးဆက်ဆံပေးပါ

ကလေးလေးတွေက မိဘတွေ ပြောတာကို နားမလည်သေးပေမယ့် သူတို့လေးတွေက ခံစားတတ်ပါတယ်။ မိဘတွေက သူတို့ကို ပြုံးပြတာ၊ ချီပွေ့ထားတာ၊ ဂရုစိုက်တာတွေကို ခံစားတတ်ပါတယ်။ ဒါကြောင့် သူတို့ကို ကြည့်ပြီး စကားပြောပေးပါ။ မြှူပေးပါ။

  • သူတို့ကအရေးပါတဲ့သူတွေဆိုတာကို ကလေးတွေကိုယ်တိုင်သိရှိပါစေ

ဒီလိုမျိုး သိရှိအောင်လုပ်ပေးတာက ကလေးတွေကိုကျန်းမာပျော်ရွှင်စွာ ကြီးပြင်းလာစေဖို့အတွက် လိုအပ်တဲ့အချက်တစ်ခုပါ။ မွေးချင်းတွေများလေလေ မိဘတွေအနေနဲ့ ကလေးတစ်ယောက်ချင်းစီကို ဂရုစိုက်ပေးနိုင်စွမ်းက နည်းလာလေလေပါပဲ။ ဒါကြောင့် ကလေးကို သူဟာ အရေးပါတဲ့သူဆိုတာကိုသိအောင်လုပ်ပေးဖို့လိုပါမယ်။

ကလေးကို လိုလေသေးမရှိဂရုမစိုက်နိုင်ရင်တောင်မှ ကိုယ့်အနေနဲ့ သူ့ကိုတန်ဖိုးထားတယ်၊ ချစ်တယ်ဆိုတာကို သိရှိအောင် လုပ်ပေးပါ။ ကလေးတွေကို မျှမျှတတ ဂရုစိုက်မိစေဖို့ သတိထားပါ။

  • ကလေးမှာ သူငယ်ချင်းရှိပါစေ

လသားကလေးတွေရဲ့ သူငယ်ချင်းတွေက သူတို့နဲ့ ရွယ်တူကလေးတွေလည်း ဖြစ်နိုင်သလို ကလေးကြီးတွေ၊ လူကြီးတွေလည်း ဖြစ်နိုင်ပါတယ်။ ကလေးနဲ့ ထိတွေ့ဆက်ဆံတဲ့သူများလေလေ သူတို့ရဲ့ ဖွံ့ဖြိုးမှုကို အထောက်အကူ ဖြစ်လေလေပါ။ လသားကလေးတွေကို ဖုန်းပြတာတွေ လုပ်မယ့်အစား လူများများက သူနဲ့ စကားပြောပေးတာမျိုး လုပ်သင့်ပါတယ်။

  • ကလေးကို အာဟာရပြည့်ဝအောင် ဂရုစိုက်ပါ။

လသားအရွယ်ကလေးတွေက အာဟာရပြည့်ပြည့်ဝဝ ရဖို့ လိုပါတယ်။ ကလေးကို ၆လအထိ တတ်နိုင်သမျှ မိခင်နို့တစ်မျိုးတည်းတိုက်ပါ။ ဖြည့်စွက်စာကျွေးရမယ့်အရွယ်မှာ ဖြည့်စွက်စာကျွေးပါ။ ဖြည့်စွက်စာကျွေးတဲ့အခါမှာလည်း ကလေးကြီးထွားဖွံ့ဖြိုးဖို့၊ ကျန်းမာဖို့ လိုအပ်တဲ့ အာဟာရတွေ ပါဝင်အောင် ကျွေးပေးပါ။ ကလေးကို လတိုင်း ရှိသင့်တဲ့ ကိုယ်အလေးချိန် ရှိစေဖို့ သတိပြုပါ။

  • ကာကွယ်ဆေးတွေ ပုံမှန်ထိုးပေးပါ။

လသားအရွယ်ကလေးတွေက ကိုယ်ခံအားဖွံ့ဖြိုးစအရွယ်တွေ ဖြစ်လို့ ရောဂါပိုးတွေ ဝင်လွယ်ပါတယ်။ ဒါကြောင့် အသက်အလိုက် ထိုးရမယ့် ကာကွယ်ဆေးတွေကို စုံစုံလင်လင် ထိုးထားပေးပါ။ ကျန်းမာတဲ့ ကလေးဖြစ်ဖို့ဆိုရင် ရောဂါပိုးတွေရန်က ကာကွယ်ထားရမှာပါ။

မိမိရင်သွေးလေးတွေကို ပျော်ရွှင်ကျန်းမာတဲ့ ကလေးငယ်လေးတွေအဖြစ် ကြီးပြင်းလာစေချင်တာက မိဘတိုင်းရဲ့ အဖြစ်ချင်ဆုံးဆန္ဒပါ။ ဒါပေမယ့် ကလေးတစ်ယောက်ကို ပျော်ရွှင်ကျန်းမာတဲ့ကလေးတွေအဖြစ် ကြီးပြင်းအရွယ်ရောက်လာဖို့ဆိုတာက မလွယ်ကူတဲ့ တာဝန်တစ်ရပ်ပါပဲ။

ဒါပေမယ့် ခုပြောခဲ့တဲ့ အချက်လေးတွေကို လိုက်လုပ်ကြည့်မယ်ဆိုရင် ကလေးလေးတွေ ကျန်းကျန်းမာမာနဲ့ ကြီးပျင်းလာစေဖို့ အထောက်အကူ ဖြစ်မှာပါ။

[embed-health-tool-baby-poop-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ယခုပုံစံ

06/04/2023

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကလေးများ နွေရာသီမှာ အာဟာရမချို့တဲ့စေဖို့

မိခင်နို့ မတိုက်ဖြစ်တဲ့ ၆လအောက်ကလေးတွေကို ဘာတိုက်နိုင်သလဲ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 06/04/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement