backup og meta

ကလေးကို လေ ဘယ်လိုထုတ်ပေးမလဲ


Wathun Myat Chal မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးကို လေ ဘယ်လိုထုတ်ပေးမလဲ

    ကလေးရဲ့ဗိုက်ထဲမှာရှိတဲ့ ဓာတ်ငွေ့တွေ(လေတွေ)က ကလေးကို မသက်မသာဖြစ်စေပြီး နာကျင်မှုကိုခံစားရစေတာပါ။ ဒါကြောင့် သင့်ကလေးကို လေမကြာခဏထုတ်ပေးခြင်းက ဂတ်စ် တွေကိုထွက်သွားစေနိုင်ပြီး ကလေးကိုပိုပြီး နေလို့ကောင်းစေကာ ဗိုက်နာလို့ငိုခြင်းမှလည်း ကာကွယ်ပေးနိုင်ပါတယ်။ အောက်ပါဆောင်းပါးမှာ ကလေးကို ဘယ်လိုမျိုးမှန်ကန်စွာ လေထုတ်ပေးရမလဲဆိုတာကိုဖော်ပြထားပါတယ်။ ဒါမှသာ ကလေးက လေထိုးလို့နာကျင်တာမျိုး မဖြစ်တော့မှာ မဟုတ်လား။

    ကလေးရဲ့ဗိုက်ထဲက လေ(ဂတ်စ်) တွေကို ဘာတွေကဖြစ်စေတာလဲ။

    • လေကို မျိုချမိခြင်း ။ ကလေးငယ်တွေကို မိခင်နို့တိုက်ကျွေးချိန်နဲ့ နို့ဘူးတိုက်ချိန်တွေမှာ သူတို့ဟာ လေကိုမမျိုချမိဖို့ ရှောင်ရှားနိုင်စွမ်းက မဖွံ့ဖြိုးသေးပါဘူး။ ဒါကြောင့် သောက်လိုက်တဲ့နို့တွေနဲ့အတူ လေတွေက အစာအိမ်ထဲပါသွားပါတော့တယ်။
    • အစာခြေခြင်း။ အူမကြီးထဲမှာ ဘက်တီးရီးယားတွေနဲ့အစာခြေတဲ့ စနစ်နဲ့ လုပ်ငန်းစဉ်တွေဟာ ကလေးငယ်ရဲ့ဗိုက်ထဲက လေ (ဂတ်စ်) တွေကို သဘာဝအတိုင်းဖြစ်ပေါ်စေနိုင်ပါတယ်။
    • ဓာတ်မတည့်ခြင်း သို့မဟုတ် အစာဒဏ်မခံနိုင်ခြင်း။ တကယ်လို့ ကလေးငယ်ကို မိခင်နို့တိုက်တယ်ဆိုရင် မိခင်စားလိုက်တဲ့အစာတွေထဲက အချို့ကို ခံနိုင်ရည်မရှိတာမျိုးဖြစ်တတ်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ခန္ဓာကိုယ်က ဗိုက်ထဲမှာ လေတွေဖြစ်ပေါ်စေခြင်းအားဖြင့် တုံ့ပြန်တတ်ပါတယ်။ ဖြစ်ရပ်အများစုမှာ နို့ထွက်ပစ္စည်းတွေကို ခံနိုင်ရည်မရှိတာက ကလေးတွေရဲ့ဗိုက်ထဲမှာ လေ အများဆုံး ဖြစ်စေတာပါပဲ။

    ဘယ်အချိန်မှာလေထုတ်ပေးရမလဲ

    ကလေးဟာ အစာစားချိန်တွေမှာ မသက်မသာဖြစ်ပြီး တွန်းဆွဲနေတာမျိုးနဲ့ ငိုယိုနေတာမျိုးဖြစ်နေပြီဆိုရင် ဒါဟာလေထုတ်ပေးရမယ့်အချိန်ပါပဲ။ အချို့သောမိဘတွေဟာ ကလေးငယ်ကို နို့ဘူးတစ်ဝက်လောက်ကုန်တဲ့အချိန် သို့မဟုတ် နို့တိုက်ပြီးချိန်မှာ လေထုတ်ပေးတတ်ကြပါတယ်။ တကယ်လို့ကလေးဟာ ငြိမ်နေတယ်။ ဒါမှမဟုတ် နို့စို့ပြီးချိန်မှာ အိပ်ပျော်သွားတယ်ဆိုရင် လေထုတ်ပေးဖို့ မလိုအပ်ပါဘူး။

    သင့်ကလေးဟာ ၄လမှ ၆လအရွယ်ရောက်လာပြီဆိုရင် လေထုတ်ပေးနေရတဲ့ဘဝကနေ လွတ်လာပါပြီ ။ အတိအကျပြောရမယ်ဆိုရင်သူတို့ဟာ ကောင်းကောင်းနို့စို့တတ်တဲ့ စားတတ်တဲ့အရွယ်ရောက်လာတာဖြစ်ပြီး အရင်ကအခြေအနေတွေနဲ့ယှဉ်လိုက်ရင် လေကိုမျိုချမိတာမျိုး ဖြစ်ခဲသွားပါပြီ။

    ဘယ်လိုလေထုတ်ပေးရမလဲ

    ပုခုံးပေါ်တင်ပြီး ထုတ်ပေးပါ။

    သင့်ရဲ့ပုခုံးတွေက သင့်ကလေးဗိုက်ကို ညင်ညင်သာသာလေးဖိနေသလိုဖြစ်အောင် လုံလောက်တဲ့အမြင့်မှာကလေးကိုထားပါ။ ဒီအနေအထားဟာ ကလေးဗိုက်ထဲကလေတွေကို ကျောကိုပုတ်လိုက်တာနဲ့ထွက်လာနိုင်အောင် လုံလောက်တဲ့ဖိအားပေးနိုင်ပါတယ်။ ကလေးရဲ့ကိုယ်ကို လက်တစ်ဘက်က ထိန်းထားပြိး နောက်တစ်ဘက်နဲ့ ကျောကို ညင်သာစွာ ပွတ်ပေး၊ ပုတ်ပေးပါ။ ဒါကိုလုပ်နေစဉ်မှာ သင့်ကလေးက သက်သောင့်သက်သာရှိနေပါစေ။ ပုံမှန်အသက်ရှူလို့ရနေပါစေ။ ခေါင်းကိုအတင်းကြီးချိုးထားရတာမျိုး ငုံ့ထားရတာမျိုးမဖြစ်ပါစေနဲ့။ ကလေးရဲ့ခေါင်းအနေအထားမှန်မမှန်ဆိုတာနဲ့ လေထုတ်ဖို့ အသင့်ဖြစ်မဖြစ် သေချာဖို့အတွက် သင်တို့ရဲ့အနေအထားကို မှန်ထဲမှာကြည့်လို့ရပါတယ်။

    ပေါင်ပေါ်မှာထိုင်ခိုင်းပါ။

    ကလေးကို ပေါင်ပေါ်မှာ မတ်မတ်ထိုင်နိုင်အောင် လုပ်ပေးပြီး သင့်ကိုကျောပေးထိုင်ခိုင်းထားပါ။ ကလေးရဲ့ကိုယ်ကို လက်တစ်ဘက်ကထိန်းပြီး ကျန်တစ်ဘက်နဲ့ ကျောကို ညင်သာစွာပွတ်ပေး၊ ပုတ်ပေးပါ။ ကလေးရဲ့ရင်ဘတ်ကို လက်ဖဝါးနဲ့ ထိန်းထားပြီး သင့်လက်ချောင်းတွေက သူ့ရဲ့မေးစေ့နဲ့ မေးရိုးတွေကို ထောက်ပြီး ထိန်းထားပေးပါ။ သင့်လက်ချောင်းတွေဟာ ကလေးရဲ့လည်ပင်းကို မတော်တဆရောက်သွားနိုင်တာကြောင့် ဒီအနေအထားနဲ့ လေထုတ်မယ်ဆိုရင် သတိကြီးကြီးထားပါ။

    ဒီနည်းလမ်းကိုသုံးပြီး လေမထုတ်ခင် သင့်ကလေးက သင့်ပေါင်ပေါ်မှာ တံတွေးထွေးချတာတွေ အန်ချတာတွေဖြစ်နိုင်တယ်ဆိုတာ သတိပြုပါ။ အဝတ်စတစ်စကိုပေါင်ပေါ်ဖြန့်ခင်းထားခြင်းအားဖြင့် ဒီလိုအခြေအနေမျိုးကို ရှောင်ရှားနိုင်ပါတယ်။

    ကလေးကိုလေထုတ်ရာမှာ အခက်အခဲဖြစ်နေသေးရင် ကလေးအထူးကု သို့မဟုတ် ကျန်းမာရေးအကြံပေးကိုဆက်သွယ်ပြီး အကြံဉာဏ်တွေ၊ လမ်းညွှန်မှုတွေနဲ့ ကုသမှုနည်းလမ်းတွေ တောင်းဆိုဖို့ တွန့်ဆုတ်မနေပါနဲ့။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Wathun Myat Chal မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement