home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

ကလေးမှာ ဆုံဆို့နာ မဖြစ်အောင် မေမေတို့ ဘာလုပ်ပေးနိုင်လဲ။

ကလေးမှာ ဆုံဆို့နာ မဖြစ်အောင် မေမေတို့ ဘာလုပ်ပေးနိုင်လဲ။

ဒီ ၂၀၂၀ သြဂုတ် လလယ်ပိုင်းလောက်မှာ ရှမ်းပြည်နယ် အရှေ့ပိုင်းမှာ ဆုံဆို့နာ ကပ်ရောဂါအသွင် (outbreak)ဖြစ်တယ်ဆိုပြီး သတင်းတွေ တက်လာပါတယ်။ ခုချိန်ထိကို တွေ့ရှိသူ ၄၅ယောက်မှာ ၆ယောက်လောက်လည်း ဆုံးသွားပြီးပါပြီ။

ဒါက လတ်တလော ဖြစ်ပေါ်နေတဲ့ ကိုဗစ်နဲ့ သေဆုံးသူအရေအတွက် အတူတူပါပဲ။ ကိုဗစ်က ကာကွယ်ဆေး၊ ကုသဆေး မပေါ်သေးလို့ ၆ယောက်ဆုံးတာ လက်ခံလို့ရပေမယ့် ကာကွယ်ဆေးရော၊ ကုသဆေးပါ ရှိတဲ့ ဆုံဆို့နာက ၆ယောက်ဆုံးတာ ရင်နာစရာပါ။

အနောက်နိုင်ငံတွေမှာ ကာကွယ်ဆေး လွှမ်းခြုံမှု အားကောင်းလို့ရော၊ လူတိုင်းနီးပါး ကာကွယ်ဆေးထိုးပြီး herd immunityရနေလို့ရော သူတို့မှာ သိပ်မဖြစ်ကြတော့ပါဘူး။ ဖွံ့ဖြိုးဆဲနိုင်ငံတွေ ဖြစ်တဲ့ မြန်မာနိုင်ငံအပါအဝင် အင်ဒိုနီးရှား၊ ဘင်္ဂလားဒေရှ့်၊ ဗီယက်နမ် စတဲ့နိုင်ငံတွေမှာ ၂၀၁၆လောက်က စပြီး ခပ်စိပ်စိပ် တွေ့လာရပါတယ်။ ဖြစ်လိုက်ရင်လည်း ကပ်ရောဂါအသွင် ဖြစ်လာတာပါ။

မြန်မာနိုင်ငံမှာလည်း နှစ်တိုင်း နှစ်တိုင်း ထထဖောက်ပါတယ်။ အထူးသဖြင့် ကာကွယ်ဆေး ကောင်းကောင်းမရတဲ့ အစွန်အဖျားနေရာတွေကပေါ့။

ဆုံဆို့နာက ကလေးတွေမှာပိုပြီး ဒုက္ခပေးပါတယ်။ အချိန်မီကုသမှုရရင် ၁၀လောက် ၁ယောက်သေပါတယ်။ အချိန်မီ မကုနိုင်ရင်တော့ တစ်ဝက်လောက် သေပါတယ်။

ဒါကြောင့် မေမေတို့ အနေနဲ့ ကာကွယ်သင့်တာတွေ ကာကွယ်လို့ရအောင် ပြောပြပေးချင်ပါတယ်။

ဆုံဆို့နာ ဘယ်လိုကူးတာလဲ။

ဆုံဆို့နာက Corynebacterium diphtheriae လို့ ခေါ်တဲ့ ဘက်တီးရီးယားကြောင့် ဖြစ်ရတာပါ။ ကူးတာကတော့ နည်းလမ်းနှစ်မျိုးနဲ့ပါ။

  • ရောဂါပိုးရှိတဲ့သူက နှာချေ၊ ချောင်းဆိုးလို့ ထွက်လာတဲ့ အမှုန်အမွှားတွေကို အနီးကလူက ရှူမိရင်
  • ဒီအမှုန်အမွှားတွေ ပေနေတဲ့ ဒါမှမဟုတ် ဒီပိုးရှိနေတဲ့ အနာကို ကိုင်ပြီး မျက်နှာကို ပွတ်သပ်မိရင် ကူးနိုင်ပါတယ်။

ဒီလိုကူးဖို့ဆိုတာ တစ်ယောက်နဲ့ တစ်ယောက် အနီးကပ်နေမှ ဖြစ်မှာပါ။ ဒီတော့ အလွယ်ပြောရရင် လူနေထူထပ်တဲ့ နေ့ကလေးထိန်းကျောင်းတို့၊ မူကြိုတို့ပေါ့။

အရင်နှစ်တွေက ဖြစ်တဲ့ outbreak source တွေကို ပြန်ကြည့်မယ်ဆိုရင်မိဘမဲ့ကျောင်းတို့၊ ဘုန်းကြီးကျောင်းတို့ပါပါတယ်။ ဒီနေရာတွေက ကလေးတွေက အများအားဖြင့် မိဘမဲ့တွေ၊ နယ်က (ကာကွယ်ဆေး လွှမ်းခြုံမှုအားနည်းတဲ့)လာတဲ့ကလေးတွေ ဖြစ်တာကြောင့် မေးကြည့်လိုက်ရင် ကာကွယ်ဆေး မထိုးထားတာ များပါတယ်။

ဆုံဆို့နာရဲ့ လက္ခဏာတွေက

မေမေ့ကလေးက ဆုံဆို့နာ ဖြစ်နေသလားဆိုတာ နည်းနည်းတော့ ခွဲရခက်ပါတယ်။ ဒါပေမယ့် မေမေတွေ အနေနဲ့ ကလေးမှာ အောက်က လက္ခဏာတွေ ရှိနေမယ်ဆိုရင် စိတ်ရှင်းအောင် ဆရာဝန်နဲ့ ပြလိုက်သင့်ပါတယ်။ ဆုံဆို့နာမှာ နှစ်မျိုးရှိပါတယ်။

  • အသက်ရှူလမ်းကြောင်း ဆုံဆို့နာဆိုရင်

-ကလေးက ချမ်းတုန်ပြီး ဖျားမယ်၊ နုံးမယ်၊ နှာရည်ယိုမယ်၊ လည်ပင်းနာမယ်။ ဒီအထိက မေမေတို့ ဘာဖြစ်မှန်း သိဦးမှာ မဟုတ်ပါဘူး။

-ဒါပေမယ့် ကလေးက ပိုဆိုးလာပြီး အသက်ရှူရခက်တဲ့ ပုံစံပေါ်လာမယ်။ လည်ပင်းမှာ အကျိတ်တွေ ထွက်လာမယ်။ အသံက လည်ပင်းညှစ်ထားသလို အစ်တစ်တစ် ဖြစ်လာမယ်ဆိုရင် ပါးစပ်ထဲ ဖြဲကြည့်ပါဦး။

လည်ချောင်းနားလောက်မှာ အဖတ်တစ်ခုခု ကပ်နေတယ်ဆိုရင် ဘာမှ စဉ်းစားမနေနဲ့တော့။ ဆေးရုံကိုသာ ပြေးပါတော့။ အဲ့ဒါဟာ ဘက်တီးရီးယားအဆိပ်ကြောင့် အဖတ်လေးတွေ ဖြစ်လာပြီး ကလေး လေပြွန်မှာ ဆို့နေလို့ အသက်မရှူနိုင်တော့တာပါ။ လေပြွန်ရဲ့ အဆုံမှာ ဆို့နေလို့ အလွယ် ဆုံဆို့နာလို့ နာမည်ပေးလိုက်တာပါ။ နောက်ကျရင် အသက်ကို အာမမခံနိုင်ပါဘူး။

  • အရေပြားဆုံဆို့နာ

ဒါက အသက်ရှူလမ်းကြောင်း ဆုံဆို့နာလောက် မပြင်းထန်ပါဘူး။ အရေပြားမှာ တခြား ယားနာတွေလိုပဲ အနာလေးတွေ ဖြစ်တာပါ။ အပေါ်ကနေ အမြှေးပါးလေး အုပ်နေတာ သူ့ရဲ့ ထူးခြားချက်ပါ။ ကိုယ့်အတွက် မပြင်းထန်ဘူးဆိုပေမယ့် သူများကို ကူးနိုင်လို့ သတိထားပါ။

ဆုံဆို့နာက ကြောက်ဖို့ကောင်းလား။

သေနိုင်တဲ့ ရောဂါဖြစ်လို့ ကြောက်ဖို့ကောင်းတယ်ပဲ ပြောရမှာပါ။ ဖြစ်လာရင် စောစော မသိကြလို့ ရောက်လာပြီဟေ့ဆို လည်ပင်းမှာ အဖတ်ဆို့ပြီး အသက်မရှူနိုင်တော့တဲ့ ကလေးက များပါတယ်။ ဒီတော့ ဘာမှမလုပ်ခင် အရင်ဆုံး အသက်ရှူနိုင်အောင် လည်ပင်းကနေ အပေါက်ဖောက်ထားပေးရတာပေါ့။

ဒါမှမဟုတ် ဘက်တီးရီးယား အဆိပ် သွေးထဲတန်းရောက်ပြီး သွေးဆိပ်သင့်၊ ရှော့ရတဲ့ အနေအထားနဲ့ ရောက်လာတာတွေလည်း ရှိပါတယ်။

အဲ့ဒီလို မဟုတ်ဘူးဆိုရင်တောင် နောက်ဆက်တွဲအနေနဲ့ နှလုံးကြွက်သားတွေ ရောင်တာ၊ ကျောက်ကပ်ပျက်တာ၊ အကြောသေတာတွေ ဖြစ်တတ်ပါတယ်။

ကုလို့မရဘူးလား။

ကုလို့ရပါတယ်။ Diptheria antitoxin လို့ ခေါ်တဲ့ အဆိပ်ဖြေဆေးထိုးတာ၊ ဘက်တီးရီးယားကြောင့်မို့လို့ ပိုးသတ်ဆေး ပေးတာတွေ လုပ်လို့ရပါတယ်။ လက်တွေ့မှာတော့ ဒီလောက် မလွယ်ပါဘူး။ ရောက်လာတဲ့ကလေးတွေက ခုနပြောသလို အသက်ရှူတွေကျပ်၊ ရှော့တွေဖြစ်ပြီး ရောက်လာတာမို့လို့ မနည်း အသက်လုနေရတဲ့ အနေအထားပါ။

နောက်ပြီး အချိန်မီကုနိုင်ရင်တောင် ၁၀ယောက် ၁ယောက် အဖိတ်အစင် ရှိတာမို့လို့ ကြိုတင်ကာကွယ်တာ အကောင်းဆုံးပါပဲ။

ကာကွယ်မယ်ဆိုရင်

ကာကွယ်မယ်ဆိုရင်လည်း လွယ်လွယ်လေးပါပဲ။ ခုအစိုးရကထိုးပေးနေတဲ့ ငါးမျိုးစပ်ကာကွယ်ဆေးမှာ ပါပြီးသားပါ။ ၂လ၊ ၄လ၊ ၆လ၊ ၁နှစ်ခွဲ ၄ခါလုံး အခမဲ့ ထိုးပေးနေတာမို့လို့ ကလေး အသက်ပြည့်ရင် သွားထိုးပေးရုံပါပဲ။

ဒီလောက်လွယ်တာ ဘာလို့ မထိုးဖြစ်ကြတာလဲဆိုတော့

  • ကာကွယ်ဆေးရဲ့ ဘေးထွက်ဆိုးကျိုးကို ကြောက်လို့ (ကာကွယ်ဆေးတွေက ထိုးပြီးရင် ကလေးဖျားတာ၊ မအီမသာဖြစ်တာ ဖြစ်တတ်ပါတယ်။ ဒါတွေက မသေနိုင်ပါဘူး။ ဆုံဆို့နာက သေတတ်ပါတယ်။)
  • လက်လှမ်းမမီတာ (ကာကွယ်ဆေး လွှမ်းခြုံဖို့ ခက်ခဲတဲ့ နေရာဒေသတွေမှာ နေထိုင်တာ၊ ဒီကလေးက ရောဂါပိုးကို သယ်ဆောင်ပြီး လူကြားထဲကို ရောက်လာတဲ့အခါ ကပ်ရောဂါအသွင်ဖြစ်တတ်ပါတယ်။ )
  • ရွေ့ပြောင်းမှုများလို့ (ကျန်းမာရေးဝန်ထမ်းတွေက လိုက်ထိုးပေးပါရဲ့။ လူက မရှိတော့ဘူး။ ပြောင်းသွားပြီ။ နောက်နေရာမှာလည်း မထိုးဘူးဆိုရင် ကလေးက ကာကွယ်ဆေးကို အပြည့်မရလို့ ရောဂါကို မကာကွယ်နိုင်ပါဘူး။ )

ကလေးက ကာကွယ်ဆေး ထိုးပြီးသား၊ စိတ်ချရပြီလား။

၁၀၀ရာခိုင်နှုန်း ကာကွယ်နိုင်တဲ့ ကာကွယ်ဆေးဆိုတာ မရှိသေးပါဘူး။ နောက်ပြီး ဆုံဆို့နာမှာ carrierဆိုတာ ရှိပါတယ်။ လက္ခဏာမပြဘဲ ပိုးသယ်ဆောင်တာပါ။ သယ်ဆောင်သူက သူကိုယ်တိုင် လက္ခဏာမပြပေမယ့် သူများကို ရောဂါဖြန့်ဝေနိုင်ပါတယ်။ ကံကောင်းတာက ကာကွယ်ဆေးထိုးထားတဲ့သူတွေက မထိုးထားတဲ့သူတွေထက် အဆပေါင်းများစွာ ကာကွယ်နိုင်တာပါပဲ။

မေမေတို့ကို မှာချင်တာက အစိုးရက အခမဲ့ထိုးပေးနေတဲ့ ကာကွယ်ဆေးတွေ အကုန်လုံး ကလေးအသက်အလိုက် ထိုးပေးပါ။ အထူးသဖြင့် နှစ်တိုင်း နီးပါး ကပ်ရောဂါအသွင် လာတတ်တဲ့ ဆုံဖို့နာကို သတိထားပါ။

ကာကွယ်ဆေးမထိုးရတဲ့ မေမေတွေ ကလေးကို ကာကွယ်ဆေးထိုးပေးပါ။ ထိုးပြီးသားမေမေတွေလည်း ကလေးကို ဂရုစိုက်ပေးပါ။ အနည်းဆုံးတော့ အန္တရာယ်ရှိတဲ့ လက္ခဏာတွေ စောင့်ကြည့်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Dr. Htet Htet Zaw Win မှ ရေးသားသည်။ 31/08/2020 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။