backup og meta

အစားကောင်းကောင်းမစားဖြစ်ခြင်း၏ လက္ခဏာများ


Dr. Thant Zin မှ ရေးသားသည်။ · 20/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အစားကောင်းကောင်းမစားဖြစ်ခြင်း၏ လက္ခဏာများ

    ကျန်းမာကြံ့ခိုင်တဲ့ လူသားတစ်ဦးဖြစ်ပြီး အာဟာရဓာတ်မျှတဖို့ လိုပါတယ်။ အစားကောင်းကောင်း စားရပါမယ်။ ယနေ့ခေတ်အခါမှာ ကိုယ်အလေးချိန်လျှော့ချဖို့အတွက် အစားအသောက်များကိုလည်း လျှော့ပြီးစားသုံးလာကြပါတယ်။ အစားအစာများကို စနစ်တကျမဟုတ်ဘဲ လျှော့ချစားသုံးတဲ့အခါ ရေရှည်မှာ အာဟာရဓာတ်မပြည့်ဝဘဲ ကိုယ်ခန္ဓာအတွက် လိုအပ်တဲ့ စွမ်းအင်တွေမရဘဲ ဖြစ်လာနိုင်ပါတယ်။

    ယခုဆောင်းပါးမှာ ဆက်လက်ဖော်ပြမှာကတော့ အစားအသောက်ကို ပုံမှန်မစားတဲ့အခါ ကြုံလာနိုင်တဲ့ ကိစ္စရပ်တွေပဲ ဖြစ်ပါတယ်။

    စွမ်းအင်လျော့နည်းခြင်း

    ကယ်လိုရီဟာ ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာတွေ ပုံမှန်လုပ်ဆောင်နိုင်ဖို့ စွမ်းအင်ဖြစ်ပါတယ်။ အစားအသောက်ထဲမှာ ကယ်လိုရီလုံလောက်စွာ မပါရင် ပင်ပန်းနွမ်းနယ်ခြင်း ဖြစ်လွယ်ပါတယ်။ လူအများစုအနေနဲ့ တစ်နေ့တာ လုပ်ဆောင်ချက်တွေကို ပြည့်ဝစွာ လုပ်ဆောင်နိုင်စေဖို့ ၁၀၀၀ ကယ်လိုရီအထက် လိုအပ်ပါတယ်။ လှုပ်ရှားမှုများရင် ပိုလိုအပ်ပါတယ်။

    အသက်ကြီးပိုင်းတွေမှာဆိုရင် ခံတွင်းပျက်တာကြောင့် အစားသိပ်မစားနိုင်ဘဲ စွမ်းအင်ရရှိမှုပါ လျော့နည်းသွားတတ်ပါတယ်။

    ကယ်လိုရီလျော့နည်းနေတဲ့အခါ ပုံမှန်ထက် အနည်းငယ်အားစိုက်ရတဲ့ အလုပ်တခုခုလုပ်ရင် မောနေတတ်ပါတယ်။ ဥပမာ လှေကားတက်တဲ့အခါ ယခင်ထက် မောပန်းနေတတ်ပါတယ်။

    ဆံပင်ကျွတ်ခြင်း

    နေ့စဉ် ဆံပင်ကျွတ်ခြင်းဟာ ကြုံတွေ့နေကြအခြေအနေတစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် ဆံပင်တွေ အထွေးလိုက် ကျွတ်နေပြီဆိုရင် အစားကို ပုံမှန်မစားခြင်းကြောင့် ဖြစ်နိုင်ပါတယ်။ ဆံပင်များကို ပုံမှန်အတိုင်း သန်စွမ်းစေဖို့ ဆိုရင် အာဟာရဓာတ်ပြည့်ဝစွာ စားသောက်ဖို့ လိုပါတယ်။ ကယ်လိုရီ၊ ပရိုတိန်း၊ ဘိုင်အိုတင်၊ သံဓာတ် စတာတွေ ချို့ယွင်းတဲ့အခါ ဆံပင်များ ပိုကျွတ်လာနိုင်ပါတယ်။

    အချိန်ပြည့်ဆာလောင်နေခြင်း

    အစားအစာကို လျှော့စားလွန်းရင် ဆာလောင်ခြင်း၊ ဗိုက်ပြည့်ခြင်း စတာတွေကို ထိန်းချုပ်တဲ့ ဟော်မုန်းတွေ အပြောင်းအလဲဖြစ်လာနိုင်ပါတယ်။ အမြဲတမ်းလိုလို ဆာလောင်လာတတ်ပါတယ်။ သုတေသနတစ်ခုမှာ ကယ်လိုရီကို ၄၀ ရာခိုင်နှုန်းထိ လျှော့ပြီးစားတဲ့အခါ ဆာလောင်မှုပမာဏဟာ ၁၈ ရာခိုင်နှုန်းထိ မြင့်တက်လာတယ်လို့ ဆိုထားပါတယ်။

    ဒါ့အပြင် ကယ်လိုရီလျော့နည်းသွားရင် ကော်တီဆောလို့ခေါ်တဲ့ စိတ်ဖိစီးမှုဟော်မုန်း ပိုထွက်လာတတ်ပါတယ်။ ကော်တီဆောထွက်လာရင် ပိုမိုဆာလောင်ပြီး ဗိုက်အဆီများလည်း တက်လာတတ်ပါတယ်။

    ကိုယ်ဝန်မဆောင်နိုင်ခြင်း

    အမျိုးသမီးများ အစားအစာကို စားသင့်သလောက်မစားရင် ကိုယ်ဝန်ရဖို့လည်း ခက်ခဲပါတယ်။ ဦးနှောက်ထဲမှာရှိတဲ့ ဟိုက်ပိုသဲလမတ်နဲ့ ပီကျူထရီဂလင်းဟာ ဟော်မုန်းများကို ဟန်ချက်ညီအောင် ထိန်းပေးပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ လိုအပ်တဲ့ အီစထရိုဂျင်၊ ပရိုဂျက်စထရုန်း စတဲ့ဟော်မုန်းများအတွက်လည်း ပါဝင်ပါတယ်။ အဆိုပါစနစ်ဟာ ကယ်လိုရီရှိမှုနဲ့ ကိုယ်အလေးချိန်ပေါ်လိုက်ပြီး အပြောင်းအလဲမြန်ပါတယ်။ ကယ်လိုရီနဲ့ ခန္ဓာကိုယ်ရဲ့အဆီဓာတ် လျော့နည်းနေရင် ဟော်မုန်းထုတ်လုပ်မှုမှာ အပြောင်းအလဲရှိပါတယ်။

    အဆိုပါဟော်မုန်းများ မျှတခြင်းမရှိဘဲ ကိုယ်ဝန်မဆောင်နိုင်ပါဘူး။ ဒါကြောင့် ကိုယ်ဝန်ဆောင်နိုင်ဖို့ဆိုရင် ဟော်မုန်းတွေ ညီညွတ်မျှတအောင် သင့်တော်တဲ့ ကယ်လိုရီနဲ့ အာဟာရဓာတ်တွေ စားသုံးပေးဖို့ လိုအပ်ပါတယ်။

    ကယ်လိုရီကို အလွန်အမင်းလျှော့ချလိုက်ခြင်းဟာ အိပ်စက်ခြင်းပြဿနာကို ဖြစ်စေပါတယ်။ သုတေသနများအရ အစားအစာများကို ရွေးလွန်းခြင်း၊ လျှော့စားလွန်းခြင်းဟာ အိပ်ရေးမဝခြင်း၊ စိတ်အခြေအနေ မလန်းဆန်းခြင်း စတာတွေကို ဖြစ်စေပါတယ်။

    သည်းမခံနိုင်အောင် စိတ်တိုလွယ်ခြင်း

    အစားအသောက်ကို စားသင့်သလောက် ပုံမှန်မစားရင် အမြဲတမ်းလိုလို သည်းမခံနိုင်ဘဲ စိတ်တိုနေတတ်ပါတယ်။ ဒီအချက်ကို ဒုတိယကမ္ဘာစစ်အတွင်းကပြုလုပ်ခဲ့တဲ့ သုတေသနတွေမှကြတည်းက တွေ့ရှိခဲ့ပါတယ်။ အဆိုပါ သုတေသနအရ ကယ်လိုရီနဲ့ အာဟာရဓာတ်တွေ ရသင့်သလောက်မရရင် စိတ်မကြည်တာမျိုး၊ ထစ်ခနဲရှိ စိတ်တိုလွယ်တာမျိုးတွေ ဖြစ်တတ်ပါတယ်။

    စိတ်ပူပန်ခြင်း

    အစားအစာလျှော့ချလွန်းရင် စိတ်ပူပန်တဲ့ အခြေအနေ ဖြစ်လာပါတယ်။ သြစတြေးလျလူငယ်တွေမှာ အစားကို လျှော့စားလွန်းပြီး စိတ်ပူပန်မှု၊ စိတ်ဖိစီးမှုတွေလည်း များပြားကြောင်း စစ်တမ်းတစ်ခုမှာ ဖော်ပြထားပါတယ်။ အဝလွန်သူများနဲ့ ပြုလုပ်ခဲ့တဲ့ သုတေသနတစ်ခုမှာလည်း တစ်နေ့ကို ကယ်လိုရီ ၄၀၀ မှ ၈၀၀ အတွင်းသာ စားသုံးရာမှာ ၃လလောက်ကြာတဲ့အခါ သုတေသနမှာပါဝင်သူဦးရေရဲ့ ၂၀ ရာခိုင်နှုန်းဟာ စိတ်ပူပန်မှုမြင့်တက်လာကြောင်း သိရပါတယ်။

    ကျန်းမာရေးနဲ့ ညီညွတ်အောင် နေထိုင်ဖို့ဆိုရင် အစားအစာကို မျှတစွာ စားသောက်ဖို့ လိုပါတယ်။ ပိန်ချင်တဲ့အတွက် အစားကို အလွန်အမင်းလျှော့ခြင်းဟာ ဖော်ပြခဲ့တဲ့ ပြဿနာတွေ ကြုံလာနိုင်ပါတယ်။ တစ်နေ့ကို ကယ်လိုရီ ၁၂၀၀ လောက် စားသုံးဖို့တော့ လိုပါတယ်။ ကိုယ်အလေးချိန်ကို ထိန်းသိမ်းဖို့ဆိုရင် အစားအစာ၊ လေ့ကျင့်ခန်း၊ နေထိုင်မှုပုံစံ စတာတွေ ဟန်ချက်ညီဖို့ လိုအပ်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thant Zin မှ ရေးသားသည်။ · 20/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement