ဆေးမထိုးခင်မှာလည်း ဆရာဝန်နဲ့ အရင်တိုင်ပင်သင့်ပါတယ်။ ဆရာဝန်ခွင့်ပြုမှ ထိုးတာ ပိုကောင်းပါတယ်။ သောက်လက်စဆေးတွေ၊ ရောဂါအခံတွေ ရှိရင် ပြောပြထားပါ။ လွန်ခဲ့တဲ့ နှစ်ပတ်အတွင်းမှာ နေမကောင်းဖြစ်ထားရင်လည်း ဆရာဝန်ကို အသိပေးပါ။ ဒါမှထိုးသင့် မထိုးသင့် ချိန်ဆလို့ရမှာပါ။
ထိုးမယ်ဆိုရင် ထိုးမယ့်နေရာကို အရင်ဆုံးပိုးသတ်သန့်စင်ပါမယ်။ ပြီးရင် ထုံဆေး ဖြန်းတာ၊ ထိုးတာ လုပ်ပါမယ်။ ပြီးမှ အဆစ်ထဲကို စတီးရွိုက်ထိုးပေးမှာပါ။
ထိုးပြီးရင် ဘာတွေ ဂရုစိုက်ရမလဲ။
- ထိုးထားတဲ့နေရာကို သိပ်မသုံးပါနဲ့။ ဒူးဆစ်မှာ ထိုးထားတယ်ဆိုရင် လှုပ်လှုပ်ရှားရှားနေတာ၊ ဒူးကို ဝန်ပိစေမယ့် အလုပ်တွေကို တစ်ရက် နှစ်ရက်လောက် ရှောင်ပေးပါ။
- ဆေးထိုးထားတဲ့နေရာက နာရင် ရေခဲဝတ်ကပ်ပေးပါ။ ရေနွေးမကပ်ပါနဲ့။
- ရေချိုးလို့ရပါတယ်။ ဒါပေမယ့် နှစ်ရက်လောက်တော့ ရေနွေးနဲ့ ချိုးတာကို ရှောင်ပါ။
ဆေးထိုးပြီးရင် ဘာဖြစ်တတ်သလဲ။
များသောအားဖြင့် ဘေးထွက်ဆိုးကျိုး မရှိတတ်ပါဘူး။
- ဆေးထိုးပြီးခါစမှာ မျက်နှာနဲ့ ရင်ဘတ်က ဖိန်းတိန်း ရှိန်းတိန်း ဖြစ်တတ်ပါတယ်။
- ဆီးချိုရှိတဲ့သူဆို ဆီးချိုလေး နည်းနည်းတက်တတ်ပါတယ်။
- ရှားရှားပါးပါး ပိုးဝင်တာ၊ သွေးထွက်တာမျိုး ရှိတတ်ပါတယ်။
စတီးရွိုက်ထိုးတာ ဘာကောင်းကျိုးတွေ ရှိလဲ။
စတီးရွိုက်ထိုးတာက ဒူးဆစ်တွေ ရောင်ရမ်းနာကျင်တာကို သက်သာစေပါတယ်။ စတီးရွိုက်က အရောင်ကျစေတဲ့ သတ္တိရှိတဲ့အတွက် အရောင်ကျတာနဲ့အမျှ နာတာလည်း သက်သာလာပါတယ်။ ကောင်းတဲ့အချက်က မြန်မြန်သက်သာပါတယ်။ ဆေးထိုးပြီး တစ်ရက် နှစ်ရက်နေတာနဲ့ အရောင်ကျပြီး အနာသက်သာလာပါတယ်။ တစ်ခါထိုးရင် ၆ပတ်ကနေ ၁၂ပတ်ထိ ခံပါတယ်။
ဒါဆို ခဏခဏ ထိုးလို့ မရဘူးလား။
စတီးရွိုက်က သက်သာတာ မှန်ပေမယ့် ခဏခဏ ထိုးလို့တော့ မသင့်တော်ပါဘူး။ ဘာကြောင့်လည်း ဆိုတော့ ပထမဆုံးအကြိမ်ထိုးတာက ဆေးစွမ်းအပြဆုံးမို့လို့ပါ။ မဖြစ်မနေ ထိုးမယ်ဆိုရင်လည်း အနည်းဆုံး ၆ပတ်ခြားရပါမယ်။ တစ်နှစ် ၂ကြိမ်၊ ၃ကြိမ်ထက် ပိုမထိုး သင့်ပါဘူး။
ခဏခဏထိုးရင် ဘာဖြစ်တတ်သလဲ။
ခဏခဏထိုးမယ်။ ပမာဏလည်း များတယ်ဆိုရင်
- အရိုးနုပျက်စီးတာ
- အရိုးပျက်စီးတာ
- အဆစ်ထဲ ပိုးဝင်လွယ်တာ
- အရိုးပွတာ
- ဆီးချိုတက်တာ
- ဆေးထိုးတဲ့အဆစ်နားက အရေပြားတွေပါးလာတာ စတာတွေ ဖြစ်တတ်ပါတယ်။
ဒါကြောင့် တန်ဆေး လွန်ဘေးမို့လို့ ဆရာဝန်ရဲ့ ညွှန်ကြားချက်နဲ့ပဲ ထိုးဖို့ အကြံပြုလိုပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။