backup og meta

ဘယ်လိုအခြေအနေမှာ ဒူးအစားထိုး ကုသဖို့ လိုမလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဘယ်လိုအခြေအနေမှာ ဒူးအစားထိုး ကုသဖို့ လိုမလဲ

    ဒူးနာပြီဆိုရင် လူက သွားဖို့လာဖို့မပြောနဲ့၊ အထိုင်အထတောင် အဆင်မပြေတော့ ဘာမှလုပ်မရတော့ပါဘူး။ တော်တန်ရုံဆို ဒူးစွပ်လေးစွပ်၊ ဆေးလိမ်း၊ ဆေးသောက်တဲ့နည်းနဲ့ ကုသလို့ သက်သာသွားနိုင်ပါတယ်။ ဒါပေမယ့် ဒူးဆစ်ထိခိုက်မှုအတွက် လူသိများလာတဲ့ ကုထုံးတစ်ခုဖြစ်တဲ့ ဒူးအစားထိုး ခွဲစိတ်ခြင်းဆိုတာလည်း ရှိလာတယ်။

    ဒူးနဲ့ပတ်သက်ပြီး ကုသနိုင်တဲ့ နည်းလမ်းအမျိုးမျိုးရှိပါတယ်။ အများအားဖြင့် –

    သောက်ဆေး

    ဒူးနာခြင်းနဲ့ ရောင်ရမ်းမှုတွေ အမြန်သက်သာစေဖို့ အကိုက်အခဲပျောက်ဆေးတွေ၊ စတီးရွိုက်မပါတဲ့ NSAID ဆေးတွေနဲ့ သက်သာနိုင်ပါတယ်။ တချို့ပြင်းထန်တဲ့ အကိုက်အခဲပျောက်ဆေးတွေကတော့ ဆရာဝန်ညွှန်ကြားချက်နဲ့သာ သောက်သုံးလို့ရနိုင်ပါတယ်။

    လိမ်းဆေး

    ဒဏ်ကြေလိမ်းဆေးတွေကတော့ ဆေးအပူရှိသလို အအေးဂျယ်လ်ပုံစံနဲ့လည်းရှိပါတယ်။ ပုံစံအမျိုးမျိုး၊ တံဆိပ်အမျိုးမျိုးနဲ့ ထုတ်လုပ်ထားတဲ့ လိမ်းဆေးတွေလည်း ဒူးမှာ လိမ်းလို့ရပါတယ်။ လိမ်းဆေးလည်းလိမ်း၊ ဆရာဝန်ညွှန်းတဲ့သောက်ဆေးလည်းသောက်၊ အနေအထိုင်ဂရုစိုက်ရင် သက်သာသွားနိုင်ပါတယ်။

    ဒူးဆစ်ထဲကို ဆေးထိုးခြင်း

    Corticosteroid ထိုးဆေးလို့ခေါ်တဲ့ ကော်တီဆုန်းထိုးဆေးတွေက ရောင်ရမ်းမှုကို သက်သာစေပြီး နာကျင်မှုကို အမြန်လျော့ပါးသွားစေနိုင်ပါတယ်။ အာနိသင်ကလည်း လအတော်ကြာ ခံနိုင်ပါတယ်။ Hyaluronic acid ထိုးဆေးတွေက အဆစ်ထဲက သဘာဝအရည်ကို ပိုများစေပြီး ဒူးကို လှုပ်ရှားမှုပိုကောင်းစေဖို့ ကူညီပေးပါတယ်။ ဒီဆေးကတော့ အပြည့်အဝအာနိသင်ရဖို့ လအနည်းငယ် ကြာတတ်ပြီး ၆ လနဲ့အထက် ကြာတဲ့အထိ အာနိသင်ရှိပါတယ်။

    လေ့ကျင့်ခန်း

    ဒူးနာသက်သာစေမယ့် လေ့ကျင့်ခန်းတွေလုပ်တာက ဒူးကိုအထောက်အကူပေးနေတဲ့ ကြွက်သားတွေကို သန်စွမ်းစေပါတယ်။ ကိုယ့်ရဲ့ဒူးကျန်းမာရေးအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်မယ့် အထောက်အကူပစ္စည်းတွေ၊ လေ့ကျင့်ခန်းတွေကို အရိုး၊အကြော၊အဆစ် ပညာရှင်တွေက စီစဉ်ဆုံးဖြတ်ပေးပါလိမ့်မယ်။

    ကိုယ်အလေးချိန်လျှော့ချခြင်း

    ကိုယ်အလေးချိန်များလာလေ၊ တစ်ကိုယ်လုံးကိုထမ်းထားရတဲ့ ဒူးမှာ ဝန်ပိလာလေပါပဲ။ ဒါ့ကြောင့် ကိုယ်အလေးချိန်ကို ထိန်းတာကောင်းပါတယ်။ ကိုယ်အလေးချိန်များနေတဲ့ ဒူးနာသူတွေအနေနဲ့ ဝိတ်အရင်ချသင့်ပါတယ်။

    ဒူးနာခြင်းအတွက် ဒီနည်းတွေနဲ့ အရင်ကုသလေ့ရှိပြီး မသက်သာနိုင်ရင် ဒါမှမဟုတ် အစတည်းက ဝေဒနာအခြေအနေ ပြင်းထန်နေရင် ဒူးအစားထိုး ကုသမှုကို စဉ်းစားရပါတော့မယ်။

    ဒူးအစားထိုးကုသခြင်း

    ကုသမှုတွေစုံနေပြီး ဒူးနာဝေဒနာကလည်း မသက်သာသေးဘူးဆိုရင် ဒူးအစားထိုးခွဲစိတ်ကုသမှုကို ဆရာဝန်က စဉ်းစားလာနိုင်ပါတယ်။

    ဒီခွဲစိတ်ကုသမှုက ဒူးအဆစ်ရဲ့တစ်ခုလုံး သို့မဟုတ် တစ်စိတ်တစ်ပိုင်းကို ဖယ်ရှားပြီး ထိခိုက်ပျက်စီးနေတဲ့ အပိုင်းတွေမှာ ဒူးဆစ်အတုနဲ့အစားထိုးထည့်သွင်းပေးတာဖြစ်ပါတယ်။ အတုတွေကို သတ္တု ၊ ပလတ်စတစ်တွေနဲ့ ပြုလုပ်ထားတာပါ။ ပြန်သက်သာဖို့ အချိန်နည်းနည်းယူရတယ်ဆိုပေမယ့် ဒီကုသမှုက နှစ်အတော်ကြာ ဒါမှမဟုတ် တစ်သက်တာလုံး အာနိသင်ရှိနိုင်တာဖြစ်ပါတယ်။

    ဘယ်အချိန်မှာ လိုအပ်မလဲ

    အောက်ပါအခြေအနေတွေ ကိုယ့်မှာရှိနေရင် ဒူးအစားထိုးကုသမှုကို လိုအပ်လာနိုင်ပါတယ် –

    • နေ့စဉ်လှုပ်ရှားလုပ်ဆောင်မှုတွေ မလုပ်နိုင်တော့တဲ့အထိ ဒူးနာပြင်းထန်လာတာ၊
    • နားနေချိန်မှာပါ နေ့ရော၊ ညပါ ဒူးအရမ်းနာလာတာ၊
    • အနားယူပြီး ဒါမှမဟုတ် ဆေးသောက်ပြီးတာတောင် ဒူးဆစ်ရောင်ရမ်းမှု မသက်သာတာ၊
    • ခြေထောက်က အတွင်းကို ခွင်တာ၊ အပြင်ကို ကလန်နေတာမျိုး အသွင်အပြင်ပြောင်းလာတာ၊
    • သောက်ဆေးတွေနဲ့ မသက်သာဘဲ ပိုဆိုးလာတာ မျိုးဆို ဒူးအစားထိုးကုသဖို့ လိုအပ်လာနိုင်ပါတယ်။

    ကိုယ့်ရဲ့အခြေအနေကို ဆန်းစစ်ပြီး လိုအပ်တဲ့ကုသမှုကို ဆရာဝန်က ရွေးချယ်ဆုံးဖြတ်မှာမို့ ညွှန်ကြားချက်အတိုင်း လိုက်နာနေထိုင်ဖို့ပဲ အရေးကြီးပါတယ်နော်။

    Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement