backup og meta

သဘာဝအတိုင်း ချဉ်ဆီရည် ဖြည့်နိုင်မယ့် နည်းလမ်းများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 02/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သဘာဝအတိုင်း ချဉ်ဆီရည် ဖြည့်နိုင်မယ့် နည်းလမ်းများ

    အသက်လေး နည်းနည်း ရလာရင် သွားရလာရတာက အရင်လို မဟုတ်တော့ပါဘူး။ ဒူးတွေနာ၊ ခါးတွေနာနဲ့ပါ။ အထူးသဖြင့် ဝတဲ့သူတွေဆို တစ်ကိုယ်လုံးရဲ့ အလေးချိန်ကို ထမ်းထားရတဲ့ ဒူးခေါင်းနဲ့ ခြေထောက်က အဆစ်တွေက စနာတတ်ပါတယ်။ အသက်ကြီးလာတာ၊ ဝလာတာ၊ မလှုပ်ရှားနိုင်တာ စတဲ့ အချက်တွေ ပေါင်းဆုံလာတဲ့ အခါမှာတော့ ချဉ်ဆီရည်တွေ နည်းလာပြီး ဒူးဆစ်တွေ ပွန်းတဲ့ ဒဏ်ကို ခံစားလာရပါတော့တယ်။ ချဉ်ဆီဟာ ကိုယ်တွင်းက ပစ္စည်းဖြစ်ဖို့ သဘာဝအတိုင်း ပြန်ဖြည့်ချင်တယ်ဆိုရင် ဘာတွေကို လိုက်နာရမလဲဆိုတာ ပြောပြပေးပါမယ်။ သဘာဝအတိုင်း ချဉ်ဆီရည် ဖြည့်နိုင်မယ့် နည်းလမ်းများ က ဘာတွေဖြဖစ်မလဲ အတူတူ ကြည့်လိုက်ရအောင်နော်။

    ချဉ်ဆီရည်က ဘာလုပ်ပေးသလဲ။

    ဒါကို မပြောခင် အဆစ်အကြောင်းကို အရင်ပြောပြပါ့မယ်။ များသောအားဖြင့် အသက်ကြီးလာရင် ဒူးနာတတ်တာကြောင့် ဒူးဆစ်အကြောင်းကို ဥပမာ ပေးပါ့မယ်။ ဒူးဆစ်ဟာ ပေါင်ရိုးနဲ့ ခြေသလုံးရိုး နှစ်ခုဆုံရာပါ။ အဆစ်ဖြစ်ဖို့အတွက် အပြင်ကနေ အရိုးနုတွေ၊ အရွတ်တွေ၊ အရွတ်တွဲတွေ၊ ကြွက်သားတွေနဲ့ ဆိုင်းထားပါတယ်။ အရိုးအချင်းချင်း ဖြစ်တဲ့အတွက် လှုပ်ရှားရင် အချင်းချင်း ပွတ်တိုက်မိပြီး ပျက်စီးနိုင်ပါတယ်။ ဒီလိုမဖြစ်အောင် သဘာဝတရားကြီးက ချောဆီလေး ထည့်ထားပေးပါတယ်။ ဒါကို ချဉ်ဆီရည်လို့ ခေါ်ပါတယ်။

    ချဉ်ဆီရည်က အဆစ်ကို သန့်စင်ပေးပါတယ်။ အရိုးနုဆီကို အာဟာရတွေ ထောက်ပံ့ပေးပြီး အညစ်အကြေးတွေကို ဖယ်ရှားပေးပါတယ်။ ဝါတာတာအရောင်ရှိပြီး ကြက်ဥအကာလို ခပ်ပျစ်ပျစ် ချဉ်ဆီရည်က ဖော့တုံးလိုပါပဲ။ လှုပ်ရှားနေရင် ချောချောမွေ့မွေ့ဖြစ်အောင် ချဉ်ဆီတွေ ထွက်လာပြီး နားနေတဲ့အချိန်မှာတော့ မလိုတဲ့ ချဉ်ဆီရည်တွေကို ပြန်သိမ်းထားပါတယ်။

    ဒီလောက်ဆို ချဉ်ဆီရည်ထွက်ဖို့ လှုပ်ရှားမှုလိုတယ်ဆိုတာ နည်းနည်းတော့ ရိပ်မိမှာပါ။

    သဘာဝအတိုင်း ချဉ်ဆီရည် ဖြည့်နိုင်မယ့် နည်းလမ်းများ

    မျှတတဲ့ အာဟာရ

    ရေသောက်တာက ချဉ်ဆီရည်ကို ဖြည့်ပေးရုံတင်မကပါဘူး။ တစ်ကိုယ်လုံးကျန်းမာရေးအတွက်ပါ အရေးကြီးပါတယ်။ အကြမ်းဖျင်း အမျိုးသားဆို ၃လီတာကျော်၊ အမျိုးသမီးဆို ၂လီတာကျော်လောက် သောက်ပေးပါ။ အသက်၊ ကိုယ်အလေးချိန်၊ တခြားအချက်တွေပေါ်မူတည်ပြီး အတိုးအလျှော့ ရှိပါတယ်။

    ငါးဆိုတာထက် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီတွေကို စားစေချင်တာပါ။ ငါးမှာပါတဲ့ အဆီဓာတ်က ချဉ်ဆီရည်ကို ဖြစ်စေပါတယ်၊ တစ်ပတ်ကို ၂ခေါက်၊ ၃ခေါက်လောက် ငါးပါအောင် စားပေးပါ။ တခြားကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီတွေ ပါဝင်တဲ့ အစားအစာတွေကတော့ အစေ့အဆန်တွေ၊ ထောပတ်သီး၊ သံလွင်ဆီ စတာတွေလည်း စားနိုင်ပါတယ်။

    အသီးအရွက်တွေ၊ သစ်သီးတွေမှာ ဗီတာမင်၊ သတ္တုဓာတ်၊ ရေဓာတ်၊ ရောင်ရမ်းမှုကို သက်သာစေတဲ့ဓာတ်၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ စသဖြင့် ခန္ဓာကိုယ်ကို အကျိုးပြုတဲ့ ပစ္စည်းတွေ အများကြီးပါတာကြောင့် တစ်ပတ်ကို အနည်းဆုံး ၃-၄ခေါက်လောက် စားပေးဖို့ လိုပါတယ်။ စားတဲ့နေရာမှာလည်း တစ်နေ့ကို အသီးတရုတ်ပန်းကန်လုံး တစ်လုံး၊ အရွက် တရုတ်ပန်းကန်လုံးတစ်လုံးစာလောက် စားပေးရပါမယ်။

    • ချိုလွန်း၊ ငန်လွန်းတာတွေကို ရှောင်ပါ။

    ချိုလွန်း၊ ငန်လွန်းတာတွေက အဆစ်အမြစ်ရောင်ရမ်းတာကို ပိုဆိုးစေပါတယ်။ ခန္ဓာကိုယ်မှာ ရေဓာတ်ပြည့်ဝဖို့ အငန်ဓာတ်လိုတယ်ဆိုပေမယ့် များလာရင်တော့ ဆီးထဲကနေ စွန့်ပစ်ပါတယ်။ ဆီးထဲက ထွက်သွားတဲ့အငန်ဓာတ်နဲ့အတူ ရေတွေပါ ပါသွားတတ်ပါတယ်။ ဒါကြောင့် အငန်စားပြီးရင် ရေဆာတာပါ။ ဒီလို ရေဆုံးရှုံးမှုကြောင့် ချဉ်ဆီရည်တွေပါ နည်းသွားနိုင်ပါတယ်။

    ဖြည့်စွက်အားဆေး

    ဖြည့်စွက်အားဆေးတွေနဲ့ ပတ်သက်လို့ အကျိုးရှိတယ်၊ မရှိဘူး အမျိုးမျိုးပြောနေကြတုန်းပါတယ်။ လူနာတွေမှာလည်း သက်သာတဲ့သူရှိသလို မထူးခြားတဲ့သူလည်း ရှိပါတယ်။ တကယ်လို့ ဖြည့်စွက်အားဆေးသောက်မယ်ဆိုရင်တော့ ဆရာဝန်နဲ့ အရင်တိုင်ပင်ဖို့ အကြံပြုလိုပါတယ်။ ကိုယ့်မှာရှိတဲ့ ရောဂါအခံတွေ၊ သောက်လက်စဆေးတွေနဲ့ တည့်မတည့် ဆန်းစစ်ဖို့ လိုပါတယ်။ သောက်လေ့ရှိတဲ့ဆေးတွေကတော့

    • ဗီတာမင်နဲ့ သတ္တုဓာတ် (ဒါတွေက ဟင်းသီးဟင်းရွက်တွေ စားရင် ရနိုင်တာကြောင့် မလုံလောက်မှပဲ သောက်ပေးသင့်ပါတယ်။)
    • Glucosamineနဲ့ Chondroitin – ဒီနှစ်ခုက အဆစ်တွေနာတာကို သက်သာစေတယ်၊ အရိုးနုပွန်းတာကို နည်းစေပြီး ချဉ်ဆီရည်ပြန်ဖြည့်ပေးတယ်လို့ဆိုပါတယ်။ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေအတွက်တော့ မသင့်တော်ပါဘူး။
    • Hyaluronic acid – ချဉ်ဆီရည်ပြန်ဖြည့်ပေးတယ်လို့ ဆိုပါတယ်။
    • ငါးကြီးဆီ (အိုမီဂါ ၃ ဖက်တီးအက်စစ်) -အရိုးနုတွေကို ကျန်းမာစေပြီးနဲ့ ချဉ်ဆီရည်ပြန်ဖြည့်ပေးနိုင်တယ်လို့ ဆိုပါတယ်။ ငါးစားရင်လည်း ရတဲ့အတွက် မလုံလောက်မှသာ သောက်သင့်ပါတယ်။

    ဖြည့်စွက်အားဆေးတွေထက် စာရင် သဘာဝကရတဲ့ အစားအစာတွေက ခန္ဓာကိုယ်အတွက် ပိုသင့်တော်ပါတယ်။ သောက်မယ်ဆိုရင်လည်း ဆရာဝန်နဲ့အရင်တိုင်ပင်ဖို့ အကြံပြုလိုပါတယ်။

    လေ့ကျင့်ခန်းများ

    ချဉ်ဆီရည်က လှုပ်ရင် ထွက်တဲ့အကြောင်း ဆောင်းပါးရှေ့ပိုင်းမှာ ပြောခဲ့ပြီးပါပြီ။ ဒါကြောင့် ကိုယ်လက်လှုပ်ရှားမှု လုပ်ဖို့ လိုပါတယ်။

    • ကိုယ်နိုင်သလောက် ခပ်ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းက စလုပ်ပါ။
    • နာတဲ့အချိန်ဆို နားပါ။
    • ခံနိုင်သလောက်လှုပ်ပါ။
    • လမ်းလျှောက်တာက စလို့ ရေကူးတာ၊ စက်ဘီးစီးတာ၊ ယောဂ၊ အကြောလျှော့ ကိုယ်နှစ်သက်တာ လုပ်နိုင်ပါတယ်။
    • တစ်နေ့ကို နာရီဝက်နဲ့ တစ်ပတ်၅ရက်လောက် လုပ်ပေးပါ။
    • ကိုယ်အလေးချိန်ပါ ကျလာတာကြောင့် အရိုးပေါ် ဖိအားနည်းသွားပါလိမ့်မယ်။

    ချဉ်ဆီရည်ထိုးသွင်းခြင်း

    Viscosupplementationလို့ ခေါ်ပါတယ်။ ဒါက သဘာဝအတိုင်းတော့ မဟုတ်ဘူးပေါ့။ Hyaluronic acidကို ဒူးဆစ်ထဲထည့်ပြီး ချဉ်ဆီရည် ဖြည့်တာပါ။ ကျွမ်းကျင်ဆရာဝန်ကပဲ လုပ်ပေးလို့ရပါတယ်။ ချဉ်ဆီရည်တွေ နည်းလွန်းပြီး နာတာမသက်သာရင် သုံးလေ့ရှိပါတယ်။ အခြေအနေပေါ်မူတည်ပြိး ၁ကြိမ်ကနေ ၅ကြိမ်ထိ ထိုးရတတ်ပါတယ်။ လူတိုင်းနဲ့တော့ အဆင်မပြေပါဘူး။ တချို့က သက်သာပေမယ့် တချို့က ဒီတိုင်းပါပဲတဲ့။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 02/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement