backup og meta

သွားဖုံးသွေးယိုစီးခြင်းမှ ကင်းဝေးစေဖို့ နည်းလမ်းကောင်း (၈) ချက်


Ye Myo Myat မှ ရေးသားသည်။ · 06/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သွားဖုံးသွေးယိုစီးခြင်းမှ ကင်းဝေးစေဖို့ နည်းလမ်းကောင်း (၈) ချက်

    ကျွန်တော်တို့ သွားတိုက်နေရင်းနဲ့ ဖြစ်စေ၊ သွားပွတ်ကြိုး အသုံးပြုနေတဲ့အချိန်မှာဖြစ်စေ သွားဖုံးကနေ သွေးတွေထွက်နေတာ ဖြစ်ဖူးမယ်ထင်ပါတယ်။ ဘာမှ မဖြစ်လောက်ပါဘူးလေ ဆိုတဲ့အထင်နဲ့ အမှုမဲ့ အမှတ်မဲ့ နေလိုက်ပေမဲ့ ဒီ သွားဖုံးသွေးယိုစီးတဲ့ ပြဿနာဟာ တခြားသော ကျန်းမာရေးပြဿနာတွေကြောင့်လည်း ဖြစ်နိုင်တယ်ဆိုတာ သတိထားသင့်ပါတယ်။

    သွားတိုက်ရင်းနဲ့ သွားပွတ်တံနဲ့ သွားဖုံးခြစ်မိသွားတာ၊ ကိုယ့်ရဲ့ မေးရိုးနဲ့ ပါးစပ်တစ်ဝိုက်ကို ထိခိုက်မိတာ၊ ကိုယ်ဝန်ဆောင်နေစဉ်၊ သွားချေးကျောက်ေတွကို မသေမသပ်ခြစ်ထုတ်ထားတာ၊ သွားဖုံးနီရဲနေတာတွေကြောင့် သွားဖုံးသွေးယိုစီးခြင်း ဖြစ်နိုင်ပါတယ်။ သွားဖုံးက နီရဲနေပြီဆိုရင် တဖြည်းဖြည်းနဲ့ ရောင်လာမယ်၊ ထိလိုက်တဲ့အချိန်မှာ ပျော့အိအိလေး ဖြစ်နေတော့ ပွန်းပဲ့ဖို့ ပိုမိုလွယ်ကူပါတယ်။ ကြာလာတာနဲ့အမျှ သွားဖုံးရောင်တာ၊ ခံတွင်းရေစီးကမ်းပြိုလိုက်တာတွေပါ ဖြစ်လာနိုင်ပါတယ်။ ဒီနေ့ဆောင်းပါးလေးမှာတော့ သွားဖုံးကနေ သွေးယိုစီးတာတွေ မဖြစ်စေဖို့ ကာကွယ်နိုင်မယ့် ဆောင်ရန်၊ ရှောင်ရန် နည်းလမ်းကောင်း (၈) ချက်ကို ပြောပြပေးချင်ပါတယ်။

    ၁။ ခံတွင်းသန့်ရှင်းရေး သေချာဂရုစိုက်ပါ။

    တစ်ကိုယ်ရေသန့်ရှင်းမှုနဲ့ ကျန်းမာရေးဟာ အမြဲတမ်းဆက်စပ်နေပါတယ်။ ဒီလို တစ်ကိုယ်ရေ သန့်ရှင်းမှုလို့ ဆိုရာမှာ ခံတွင်းသန့်ရှင်းမှုဟာလည်း တစ်ခုအပါအဝင်ပါပဲ။ ခံတွင်းက မသန့်ရှင်းရင် ဘက်တီးရီးယားတွေ ပေါက်ဖွားမယ်၊ သွားချေးတွေတက်ပြီး သွားက အနံ့ဆိုးတွေ ထွက်နေမယ်၊ တဖြည်းဖြည်းနဲ့ သွားတွေ ဝါလာမယ်၊ သွားပိုးပေါက်ြဖစ်တာ၊ သွားပိုးစားတာ၊ သွားဖုံးနဲ့ ခံတွင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေ ဖြစ်လာနိုင်တာပေါ့။ ဒါကြောင့် တစ်နေ့ကို ၂ကြိမ် သွားမှန်မှန်တိုက်ပေးပါ။ အစာစားပြီးတိုင်း ပလုတ်ကျင်းပါ။ သွားပွတ်ကြိုးနဲ့ စားကြွင်းစားကျန်တွေကို ဖယ်ထုတ်ပေးပါ။

    ၂။ ခံတွင်းသန့်စင်ဆေးရည်ကို အမြဲဆောင်ထားပါ။

    သွားတိုက်ဆေး အစားထိုးတော့ မဟုတ်ပေမဲ့ ခံတွင်းသန့်စင်ဆေးရည်မှာလည်း သွားကျန်းမာရေးအတွက် အာနိသင်ကောင်းတွေ အများကြီးရှိပါတယ်။ ဘက်တီးရီးယားပိုးတွေကို သန့်စင်ပေးတယ်။ ခံတွင်းကို အေးမြပြီး ရောင်ရမ်းတာတွေ ပြေလျော့စေတယ်။ အထူးသဖြင့် အပြင်မှာ လူတွေနဲ့ စကားပြောဆိုဆက်ဆံရတော့မယ်ဆိုရင် ခံတွင်းသန့်စင်ဆေးရည်နဲ့ ပလုတ်ကျင်းလိုက်ရင် အနံ့အသက်မရှိဘဲ ယုံကြည်မှုရှိရှိနဲ့ ရယ်မောဆက်ဆံလို့ ရပြီပေါ့။

    ၃။ ဆေးလိပ်ဖြတ်ပါ။

    ရောဂါပေါင်းစုံ သယ်ဆောင်ရာ နတ်ဆိုးတစ်ပါးဖြစ်တဲ့ ဆေးလိပ်ဟာ ကျွန်တော်တို့ရဲ့ ကျန်းမာရေးကိုသာမက ခံတွင်းကိုလည်း အများကြီးထိခိုက်စေတယ်နော်။ ဆေးလိပ်အမြဲသောက်နေတဲ့အခါ သွားက တဖြည်းဖြည်းနဲ့ အရောင်မှိန်လာမယ်။ သွားပိုးပေါက်တွေဖြစ်ပြီး အနံ့ဆိုးတွေ ထွက်လာမယ်။ သွားဖုံးက သွေးယိုစီးပြီး ရေစီးကမ်းပြိုလိုက်မယ်။ လျှာနဲ့ ခံတွင်းကင်ဆာတွေပါ ဖြစ်လာမယ်။ ဒါကြောင့် သွားနဲ့ ခံတွင်းကျန်းမာရေးအတွက် ဘယ်လိုမှ ကောင်းကျိုးမပေးတဲ့ ဆေးလိပ်ကို စောစောဖြတ်ဖို့ ကြိုးစားတာ အကောင်းဆုံးပါပဲ။

    ၄။ စိတ်ဖိစီးမှုတွေကို လျှော့ချပါ။

    လူရယ်လို့ ဖြစ်လာပြီဆိုရင် စိတ်ဖိစီးမှုနဲ့တော့ ဘယ်ကင်းနိုင်ပါ့မလဲ။ ဒါပေမဲ့ ဒီလိုစိတ်ဖိစီးမှုတွေကို ရင်ထဲမှာ အမြဲသိမ်းထားပြီး ပူလောင်သောကဖြစ်နေရမယ်ဆိုရင်တော့ အဓိကထိခိုက်လာမှာ ကျန်းမာရေးပါပဲ။ ဒါတင်မကပါဘူး။ စိတ်ဖိစီးမှုတွေဟာ ကိုယ်ခံအားစနစ်ကို ကျဆင်းစေတယ်။ ဒီတော့ ခံတွင်းထဲမှာ ရှိနေတဲ့ ဘက်တီးရီးယားတွေ အကြိုက်တွေ့ပြီး ပုံမှန်ထက် ပွားများလာမယ်။ သွားနဲ့ ခံတွင်းကို တိုက်ခိုက်မယ်။ ဒါဆိုရင် သွားဖုံးရောဂါတွေ ဖြစ်လာဖို့ဆိုတာ အနှေးနဲ့အမြန်ပဲနော်။ အဲ့တော့ စိတ်ချမ်းသာ ကိုယ်ကျန်းမာ ဘဝလေး အေးချမ်းဖို့ စိတ်ဖိစီးမှုတွေကို တတ်နိုင်သလောက် လျှော့ချပေးဖို့ မမေ့နဲ့နော်။

    ၅။ ဗီတာမင် စီ များများစားပေးပါ။

    ဗီတာမင် စီ ဓါတ်ရဲ့ ကောင်းကျိုးကို လူတော်တော်များများ သိထားကြမယ် ထင်ပါတယ်။ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးနိုင်လို့ ခံတွင်းရောဂါတွေ ဖြစ်စေတဲ့ ဘက်တီးရီးယားပိုးတွေကို ကောင်းကောင်းခုခံတိုက်ထုတ်ပေးနိုင်တယ်။ အဲ့ဒီလိုပါပဲ။ ကိုယ်ခန္ဓါက နေ့စဉ် ဗီတာမင် စီ အလုံအလောက်မရတဲ့အခါ ကိုယ်ခန္ဓါထဲ ရောဂါတွေ ကူးစက်ဝင်ရောက်လာဖို့ ပိုမိုလွယ်ကူသွားတော့တာပေါ့။ ဒါကြောင့် ဗီတာမင် စီ ပေါကြွယ်ဝတဲ့ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေဖြစ်တဲ့ လိမ္မော်သီး၊ သံပရာသီး၊ ကန်စွန်းဥ၊ ငရုတ်ပွ၊ မုန်လာဥနီတွေကို များများစားပေးသင့်ပါတယ်။ နေ့စဉ်အစာအာဟာရကနေ ဗီတာမင် စီ မလုံလောက်ဘူးလို့ ခံစားရတယ်ဆိုရင် ဆရာဝန်နဲ့တိုင်ပင်ပြီး ကိုယ်နဲ့ ကိုက်ညီမယ့် ဖြည့်စွက်စာ၊ အားဆေးတွေကို သောက်ပေးသင့်ပါတယ်။

    ၆။ ဗီတာမင် ကေ ကိုလည်း မမေ့ပါနဲ့။

    ဗီတာမင် စီလိုပဲ သူ့မှာလည်း ခံတွင်းနဲ့ သက်ဆိုင်တဲ့ ရောဂါတွေကို မဖြစ်စေဖို့ ကာကွယ်ပေးနိုင်တဲ့ အစွမ်းသတ္တိတွေ ပါဝင်နေပါတယ်။ ဒါ့အပြင် သွားဖုံးကနေ သွေးခဏခဏ ယိုစီးတာမျိုး မဖြစ်စေဖို့ ဗီတာမင် ကေ က ကူညီပေးနိုင်ပါတယ်။ ဗီတာမင် ကေ ဓါတ်ကို ဟင်းသီးဟင်းရွက်တွေကနေ အများဆုံး ရရှိနိုင်ပါတယ်။

    ၇။ ရေခဲဝတ်အုပ်ပါ။

    တစ်ခါတလေ ဘယ်လိုရောဂါမှ မရှိပဲနဲ့ သွားဖုံးက သွေးယိုစီးတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ ဥပမာ မေးရိုး၊ သွားဖုံးကို တစ်ခုခုနဲ့ ထိခိုက်မိတာ၊ သွားဖုံးတွင်းက တစ်သျှူးတွေ ပွန်းပဲ့မိတာမျိုးပေါ့။ ဒီလိုယိုစီးတာကို သက်သာစေဖို့အတွက် ရေခဲဝတ် ကပ်ပေးနိုင်ရင် အကောင်းဆုံးပါပဲ။ ရေခဲဝတ်အစား အဝတ်သန့်သန့်လေးကို ရေအေးအေးမှာ စိမ်ပြီး ရောင်နေတဲ့ သွားဖုံးအပြင်ဘက်ကနေ ဖိကပ်ပေးထားပါ။ မိနစ် ၂၀ ကပ်၊ မိနစ် ၂၀ ခွာ တစ်နေ့ကို ကိုယ်တတ်နိုင်သလောက် အကြိမ်ရေလေး ကပ်ပေးလို့ ရပါတယ်။

    ၈။ ဆားငန်ရည်နဲ့ ပလုတ်ကျင်းပါ။

    ခံတွင်းထဲမှာ ရှိတဲ့ ဘက်တီးရီးယားပိုးတွေ ဖယ်ရှားပစ်ဖို့၊ သွားဖုံးရောင်တာ၊ နီရဲနေတာကို သက်သာစေဖို့ နည်းလမ်းတွေထဲမှာ ဆားငန်ရည်ဟာလည်း တစ်ခုအပါအဝင်ပါပဲ။ ပိုးမွှားတွေကို သေစေပြီး သွားနဲ့ ခံတွင်းကို သန့်စင်ပေးနိုင်တယ်။ ခံတွင်းသန့်စင်ဆေးရည်တွေ သုံးရတာ မကြိုက်ဘူးဆိုရင် ဆားငန်ရည်နဲ့ ပလုတ်ကျင်းပေးလို့ ရပါတယ်။ ဆား လက်ဖက်ရည်ဇွန်းတစ်ဝက်ကို ရေတစ်ခွက်နဲ့ သေချာရောမွှေပြီး စက္ကန့်အနည်းငယ်လောက် ကြာအောင် ပလုတ်ကျင်းပေးရပါမယ်။ တစ်နေ့ကို သွားတိုက်ပြီး ၂ကြိမ်လောက် လုပ်ပေးရုံနဲ့ ကျန်းမာသန့်ရှင်းတဲ့ သွားနဲ့ ခံတွင်းကို ပိုင်ဆိုင်ရမှာနော်။

    ဒီနည်းလမ်းတွေကို သေချာလုပ်ကြည့်လို့ ၇ ရက်ကနေ ၁၀ရက်အတွင်း သွားဖုံးသွေးယိုစီးတာ လုံးဝမသက်သာလာဘူးဆိုရင်တော့ သွားဆရာဝန်နဲ့ သေချာပြသဖို့ လိုပါတယ်။ သွားဆရာဝန်အနေနဲ့ သွားချေးကျောက်ေတွ ရှိနေရင် ခြစ်ထုတ်ဖယ်ရှားပေးပြီး တခြား လိုအပ်သော ကုသမှုတွေ ပြုလုပ်ပေးမှာ ဖြစ်ပါတယ်။ အားလုံးပဲ ခံတွင်းရနံ့ရှင်းရှင်းနဲ့ အလှဆုံး ပြုံးရယ်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်တယ်နော်။ျ

    Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Ye Myo Myat မှ ရေးသားသည်။ · 06/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement