backup og meta

မိသားစုအတွက် အကောင်းဆုံးသွားတိုက်ဆေးရွေးချယ်မယ်

မိသားစုအတွက် အကောင်းဆုံးသွားတိုက်ဆေးရွေးချယ်မယ်

“ကြိုတင်ကာကွယ်ခြင်းက ကုသခြင်းထက် ပိုပြီးထိရောက်တယ်” ဆိုတဲ့ စကားအတိုင်း နေ့စဉ်မှန်မှန်သွားတိုက်ခြင်းဖြင့် သွားနဲ့ပတ်သက်တဲ့ရောဂါတွေကို ကြိုတင်ကာကွယ်သင့်ပါတယ်။ ဒီလို သွားနဲ့ခံတွင်း သန့်ရှင်းကျန်းမာဖို့အတွက် နေ့စဥ် သွားတိုက်ရာမှာ သွားတိုက်ဆေးက မရှိမဖြစ်လိုအပ်တဲ့အရာပါ။ တချို့ လူတွေက ယခုအချိန်ထိ ကြုံရာ သွားတိုက်ဆေးနဲ့ တိုက်နေကြတုန်းပါပဲ။ ကိုယ့်ခံတွင်းကျန်းမာသန့်ရှင်းဖို့အတွက် သင့်တော်တဲ့ သွားတိုက်ဆေးကိုရွေးချယ်အသုံးပြုသင့်ပါတယ်။ ယခုခေတ်မှာ အရောင်အသွေးမျိုးစုံ အမှတ်တံဆိပ်မျိုးစုံနဲ့ ရောင်းချနေကြတဲ့ သွားတိုက်ဆေး အမျိုးအစားများစွာ ရှိပါတယ်။

မိမိအတွက် မိမိ မိသားစုအတွက် ဘယ်သွားတိုက်ဆေး ဝယ်ရင် ကောင်းမလဲ ဆိုပြီး ခေါင်းစားနေပြီလား။ သွားတိုက်ဆေး ဝယ်တော့မယ်ဆိုရင်ပထမဆုံး သတိပြုရမှာက နိုင်ငံအလိုက် FDA က အသိအမှတ်ပြုထားတဲ့ သွားတိုက်ဆေးကိုရွေးချယ် ရပါမယ်။

ဖလိုရိုက်ပမာဏ မှန်ကန်စွာပါရှိတဲ့ သွားတိုက်ဆေးဖြစ်ရပါမယ်။ဖရိုရိုက် (Fluoride) ဟာ သွားပိုးစားခြင်းကို အထိရောက်ဆုံးကာကွယ်ပေးနိုင်တာမို့ သွားတိုက်ဆေးတိုင်းလိုလိုမှာ ဖရိုရိုက်ဓာတ်ပါဝင်ပါတယ်။ ဒါပေမဲ့ fluoride ဟာ ပမာဏများစွာ မျိုချမိရင် လူတွေအတွက် အဆိပ်ဖြစ်စေနိုင်တာမို့ fluoride ပမာဏ 1000ppm ကနေ 1500ppm အထိ ပါရှိတဲ့ သွားတိုက်ဆေးကိုသာလျှင် ရွေးချယ် ဝယ်ယူသုံးစွဲသင့်ပါတယ်။

ဖလိုရိုက်အပြင် သွားတိုက်ဆေးမှာပါဝင်တဲ့ အခြား ဓာတ်များ(Ingredients)ကိုလည်း ဖတ်ကြည့်ပါ။ သွားတိုက်ဆေးတွေမှာ တချို့ ပါဝင်ပစ္စည်းတွေ မတူကြသလို ထုတ်ထားတဲ့ရည်ရွယ်ချက်ချင်းကလည်း မတူညီကြပါဘူး။ မိမိနဲ့ အသင့်တော်ဆုံး၊ အကောင်းဆုံး သွားတိုက်ဆေးကို ရွေးချယ် ဝယ်ယူ အသုံးပြုနိုင်ဖို့အတွက် အသုံးများတဲ့ သွားတိုက်ဆေးအမျိုးအစားနဲ့ ပါဝင်ပစ္စည်းတွေရဲ့ အာနိသင်တွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ သွားပိုးစားခြင်းကို ကာကွယ်ပေးသော သွားတိုက်ဆေး ( Anti-decay Toothpaste)

သွားပိုးစားခြင်းကို ကာကွယ်တားဆီးပေးတဲ့ Fluoride ဓာတ် အဓိက ပါဝင်တဲ့ သွားတိုက်ဆေးအမျိုးအစားပါ။ Sodium fluoride (NaF), stannous fluoride (SNF2)၊ monofluorophosphate (MFP2) စသည့်အမျိုးအစားနာမည်နဲ့ ပါဝင်တတ်ပါတယ်။ အကုန်လုံးက သွားပိုးစားခြင်းကို ထိရောက်စွာ ကာကွယ်ပေးနိုင်တဲ့ fluoride ဓာတ်တွေပါ။ အနည်းဆုံး ပမာဏ 1000ppm ပါဝင်ပါတယ်။ အနံ့ ထပ်မထည့်ထားတဲ့ Original flavor ရှိသလို တခြား လေးညှင်း (clove), သစ်ဂျပိုးခေါက် (cinnamon) စသည် artificial အနံ့တွေ လည်း ရှိတာမို့ နှစ်သက်ရာ ဝယ်ယူ သုံးစွဲနိုင်ပါတယ်။ Fresh ဖြစ်ဖို့အတွက်ဆို ပူရှိန်း (mint)ပါတဲ့ အမျိုးအစားကိုရွေးဝယ်ပါ။

၂။ သွားကျဉ်ခြင်းကို သက်သာစေသောသွားတိုက်ဆေး ( Desensitizing Toothpaste) Potassium nitrate, strontium chloride အစရှိသော ဓာတ်များပါတဲ့ သွားတိုက်ဆေး

ဒီသွားတိုက်ဆေးတွေက သွားကျဉ်တဲ့ဝေဒနာကိုသက်သာစေပါတယ်။ အဲ့ဒီဓာတ်တွေက သွားကျဉ်တဲ့ နာကျင်ခြင်းကို သက်သာစေပါတယ်။ ဒါ့အပြင် သွားအလွှာထဲမှာ ရှိတဲ့ ကျဉ်တဲ့ခံစားချက်ကိုဖြစ်စေသော အာရုံကြောပြွန်လေးများ (dentinal tubules) ကို ပိတ်ခြင်းဖြင့် သွားများ ထပ်မကျဥ်အောင် ကာကွယ်ပေးပါတယ်။ အပူ အအေးတွေ စားသောက်တဲ့အခါ အလွယ်တကူသွားကျဥ်လေ့ ရှိတဲ့သူတွေအနေနဲ့ Sensodyne လိုမျိုးDesensitizing သွားတိုက်ဆေးကို ရွေးချယ်အသုံးပြုနိုင်ပါတယ်။

၃။ သွားဖြူစေသော သွားတိုက်ဆေး (Whitening Toothpaste) Titanium dioxide ဓာတ်ပါဝင်သော သွားတိုက်ဆေး

ဒီသွားတိုက်ဆေးအမျိုးအစားကတော့  သွားမျက်နှာပြင်ကို လျင်မြန်စွာ ဖြူဖွေးသန့်စင်စေပြီး နဂိုကထက် ပိုမိုတောက်ပြောင်စေပါတယ်။ Whitening သွားတိုက်ဆေးအများစုမှာ Hydrated aluminum oxide, calcium carbonate, magnesium carbonate အစရှိသော mild abrasives (ပွတ်တိုက်မှုဖြစ်စေသော အမှုန်လေးများ) လည်း ပါဝင်ကြပါတယ်။  သေးငယ်တဲ့ အမှုန်လေးများနဲ့ ပွတ်တိုက်သန့်ရှင်းခြင်းဖြင့် သွားမျက်နှာပြင်ပေါ်မှာ ကပ်ညှိနေတဲ့ အရောင်အစွန်းများကို ဖယ်ရှားနိုင်ပါတယ်။ ထို့အပြင် hydrogen peroxide၊ carbamide peroxide တို့က အစားအသောက်မှတစ်ဆင့် အရောင် (stain) များ သွားမျက်နှာပြင်ပေါ် မစွန်းထင်းအောင် ကာကွယ်ပေးနိုင်ပါတယ်။ တစ်နေ့ကို ကော်ဖီ၊ လက်ဘက်ရည် တစ်ခွက်ထက်ပိုသောက်တတ်သောသူများ၊ အရောင် (stain)ပါသော အအေးဖျော်ရည်များ သောက်တတ်တဲ့သူတွေ အနေနဲ့ whitening သွားတိုက်ဆေးကို အသုံးပြုသင့်ပါတယ်။

 ၄။ သွားကျောက်တည်ခြင်းကို ကာကွယ်ပေးသော သွားတိုက်ဆေး ( Anti-calculus Toothpaste)

သွားကျောက်တွေ ခဏခဏ ဖြစ်တတ်တဲ့ သူတွေအနေနဲ့ Pyrophosphate သို့မဟုတ် Zinc Citrate ပါသော သွားတိုက်ဆေးကို ရွေးချယ်သင့်ပါတယ်။ Pyrophosphate နဲ့ zinc citrate က အလွယ်တကူ သွားကျောက် မဖြစ်အောင် ကာကွယ်ပေးပါတယ်။

 ၅။ သွားဖုံးရောင်ခြင်းကိုကာကွယ်ပေးသော သွားတိုက်ဆေး (Anti-plaque or gum protection Toothpaste)

သွားဖုံး မကြာခဏရောင်တတ်သော သူများအတွက် သွားဖုံးအတွက်အထူးထုတ်ထားသော သွားတိုက်ဆေးက အသင့်တော်ဆုံးပါ။ သွားဖုံးရောင်ပြီး သွားတိုက်တိုင်း သွေးထွက်တတ်ပါက Triclosan၊ Zinc Citrate ပါသော သွားတိုက်ဆေးမျိုးကိုရွေးချယ်ပါ။ သွားဖုံးရောင်ခြင်းကို ဖြစ်စေတဲ့ သွားချေးအလွှာများကို ဖယ်ရှားခြင်းဖြင့် သွားဖုံးမရောင်တော့အောင် ကာကွယ်ပေးမှာပါ။

 ၆။ SLS free toothpaste သွားတိုက်ဆေး

သွားတိုက်ဆေးအများစုမှာ Sodium lauryl sulfate လို့ခေါ်တဲ့ ကြေးချွတ်ဆေး တစ်မျိုးပါဝင်ကြပါတယ်။ Sodium lauryl sulfate နဲ့ ဓာတ်မတည့်တဲ့ သူတွေအနေနဲ့ SLS ဓာတ်မပါဝင်တဲ့ သွားတိုက်ဆေးကို ရွေးချယ်အသုံးပြုဖို့လိုပါမယ်။

၇။ ကလေးသွားတိုက်ဆေး ( Children’s Toothpaste)

အရွယ်မရောက်သေးတဲ့ ကလေးတွေ အတွက် fluoride 250ppm ကနေ 600 ppm ပါဝင်တဲ့ သွားတိုက်ဆေးကို ရွေးချယ်ရပါမယ်။ ကလေးအများစုက သွားတိုက်ရင်း သွားတိုက်ဆေးအမြှုပ်တွေကို မျိုချတတ်ကြတာကြောင့် fluoride 1000ppm ကျော်ပါတဲ့ လူကြီး သွားတိုက်ဆေးနဲ့သုံးခိုင်းရင် အန္တရာယ်များပါတယ်။

ဒါ့ကြောင့် ကလေးရှိတဲ့ မိသားစုတွေမှာဆို ကလေးအတွက် fluoride ပမာဏမှန်ကန်သော Sodium lauryl sulfate မပါသော သွားတိုက်ဆေး ကို သီးသန့်ဝယ်ထားပေး ဖို့လိုပါတယ်။ စတော်ဘယ်ရီရနံ လိမ္မော်ရနံ့ စတဲ့ အသီးအနှံလေးတွေနဲ့ ရွေးဝယ်နိုင်ပါတယ်။ အိမ်မှာ သားသားမီးမီးတို့ အကြိုက် အနံ့လေးတွေပါတဲ့ သွားတိုက်ဆေးလေးတွေ ဝယ်ပေးပြီး နေ့တိုင်းသွားတိုက်တဲ့အကျင့်လေး လုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ယခုပုံစံ

20/09/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Chan Myae မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကလေးတွေမှာ ဖြစ်တဲ့ သွားဖုံးရောင်ခြင်း

သွားဖုံးသွေးယိုစီးခြင်းမှ ကင်းဝေးစေဖို့ နည်းလမ်းကောင်း (၈) ချက်


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 20/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement