backup og meta

သွားနှင့်ခံတွင်းကျန်းမာရေးအတွက် အလေ့အကျင့်ကောင်းများ

Written by Dr. Thant Zin · အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy


23/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သွားနှင့်ခံတွင်းကျန်းမာရေးအတွက် အလေ့အကျင့်ကောင်းများ

    သွားများပေါ်အောင် ပြုံးရယ်ဖူးပါသလား။ သင့်သွားအလှဟာ လူမှုရေးအတွက် အရေးပါတဲ့ အပြုံးကို ထောက်ပံ့ကူညီပါတယ်။ တခုတော့ ရှိပါတယ်။ သင့်ရဲ့ သွားနဲ့ခံတွင်း ကျန်းမာရေးဟာ ကောင်းမွန်နေဖို့တော့ လိုပါတယ်။

    ဒီဆောင်းပါးမှာ ဆက်လက်ဖော်ပြမှာကတော့ သွားနဲ့ခံတွင်း ကျန်းမာရေးအတွက် ဘယ်လိုအချက်တွေကို သတိပြုရမလဲ ဆိုတာပါပဲ။ အောက်ပါအချက်အလက်များကို ကျင့်သုံးခြင်းဖြင့် သင့်ရဲ့သွားနဲ့ခံတွင်း ကျန်းမာရေးကို ပိုမိုကောင်းမွန်စေမှာ ဖြစ်ပါတယ်။

    ၁။ ညအိပ်ရာမဝင်မီ သွားတိုက်ပါ

    တနေ့ကို သွားနှစ်ကြိမ်တိုက်ဖို့ဆိုတာ ရိုးရှင်းတဲ့ကိစ္စဖြစ်ပါတယ်။ ဒါပေမယ့် အတော်များများက လျစ်လျူရှုနေကြပါတယ်။ အထူးသဖြင့် ညဖက်သွားတိုက်ဖို့ မေ့လျော့နေကြပါတယ်။ တနေ့တာ စားသောက်ခဲ့တဲ့ အစားအသောက်တွေဟာ သွားနဲ့သွားဖုံးဝန်းကျင်မှာ ပိုးမွှားတွေပေါက်ပွားခြင်း၊ ကျောက်တည်ခြင်းမဖြစ်အောင် အိပ်ရာမဝင်ခင် သွားတိုက်သင့်ပါတယ်။

    ၂။ သွားတိုက်ပုံမှန်အောင် ဂရုပြုပါ။

    သွားတိုက်ပုံတိုက်နည်းပုံမကျရင် မတိုက်ဘဲနေခြင်းနဲ့ သိပ်မထူးလှပါဘူး။ စနစ်ကျတဲ့ သွားတိုက်ခြင်းဆိုတာ သွားတွေကို အပေါ်အောက်တလှည့်၊ ဘေးတိုက်တလှည့် နေရာစုံအောင် တိုက်ပေးခြင်းပါပဲ။ ချောင်ကြိုချောင်ကြားမကျန် တိုက်ပေးရပါမယ်။ နေရာမစုံဘဲ ကြွင်းကျန်တာတွေ ရှိနေရင် သွားကျောက်များဖြစ်သွားပြီး သွားနဲ့ခံတွင်း ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။

    ၃။ လျှာကိုလည်း မေ့မထားပါနဲ့။

    သွားကျောက်လိုမျိုး အဖတ်တွေဟာ လျှာပေါ်မှာလည်း ဖြစ်လာနိုင်ပါတယ်။ အဲဒီအခါ ခံတွင်းအနံ့ဆိုးရုံသာမက ခံတွင်းကျန်းမာရေးကိုလည်း ထိခိုက်လာစေပါတယ်။ ဒါကြောင့် သွားတိုက်ချိန်တိုင်းမှာ လျှာကိုလည်း သွားပွတ်တံနဲ့ ညင်သာစွာ တိုက်ပေးပါ။

    ၄။ ဖလိုရိုဒ်ပါတဲ့ သွားတိုက်ဆေးကိုသုံးပါ။

    သွားတိုက်ဆေးများကို ရွေးချယ်ရာမှာ သွားများကို ဖြူဝင်းစေဖို့၊ အနံ့မွှေးဖို့ထက် သတိပြုသင့်တဲ့အရာ ရှိပါတယ်။ အဲဒါကတော့ ဖလိုရိုဒ်ပါတဲ့ သွားတိုက်ဆေးကို ရွေးချယ်ဖို့ပါပဲ။ ဖလိုရိုဒ်ဓာတ်ဟာ သွားများဆွေးမြည့်ပျက်စီးခြင်းကနေ ကာကွယ်ပေးပါတယ်။ သွားများကို ရောဂါပိုးတွေ ဝင်ရောက်တိုက်ခိုက်ခြင်းကနေ ကာကွယ်ပေးပါတယ်။

    ၅။ သွားပွတ်ကြိုးသုံးပါ။

    သွားမှန်မှန်တိုက်သူများဟာ သွားပွတ်ကြိုးကို မေ့ထားတတ်ကြပါတယ်။ အမှန်တော့ ပုံမှန်သွားတိုက်ခြင်းနဲ့ သန့်ရှင်းရေး မလုပ်နိုင်တဲ့ သွားကြိုသွားကြားတွေကို သွားပွတ်ကြိုးနဲ့ သန့်ရှင်းပေးနိုင်ပါတယ်။ အနည်းဆုံး တနေ့တကြိမ်ခန့် သွားပွတ်ကြိုးနဲ့ သန့်ရှင်းရေးပြုလုပ်သင့်ပါတယ်။ သွားပွတ်ကြိုးသုံးခြင်းဟာ ကလေးတွေနဲ့ အဆစ်အမြစ်ညောင်းကိုက်တတ်တဲ့ သက်ကြီးရွယ်အိုတွေအတွက် အခက်အခဲရှိနိုင်ပါတယ်။ ဆေးဆိုင်တွေမှာ အားလုံးအတွက် အဆင်ပြေစေမယ့် အသင့်သုံးသွားပွတ်ကြိုးပုံစံတွေ ရွေးချယ်ဝယ်ယူနိုင်ပါတယ်။

    ၆။ ခံတွင်းသန့်ဆေးရည်သုံးပါ။

    ခံတွင်းသန့်ဆေးရည်ဟာ သွားနဲ့ခံတွင်းကျန်းမာရေးအတွက် အထူးသင့်တော်ပါတယ်။ ပါးစပ်အတွင်း အက်ဆစ်ဓာတ်ကို လျော့ကျစေပြီး သွားတိုက်ဖို့ လက်လှမ်းမမီတဲ့နေရာတွေကိုလည်း သန့်ရှင်းပေးနိုင်ပါတယ်။ သွားကျောက်တွေဖြစ်ပေါ်ခြင်းကနေ ကာကါယ်ပေးနိုင်ပါတယ်။

    ၇။ ရေများများသောက်ပါ

    ရေဟာ ခံတွင်းကျန်းမာရေးအပြင် အလုံးစုံကျန်းမာရေးအတွက် အရေးကြီးပါတယ်။ ရေကို တနေ့မှာ အနည်းဆုံး ၂လီတာခန့် သောက်သုံးသင့်ပါတယ်။ ရေသောက်ခြင်းအားဖြင့် စေးကပ်ပြီး အက်ဆစ်ဓာတ်ကဲတဲ့ အစားအစာတွေ သွားနဲ့သွားဖုံးတွေမှာ ကပ်ငြိခြင်းမဖြစ်အောင် ကာကွယ်ပေးပါတယ်။

    ၈။ ကြွပ်ရွသောအစားအစာများ၊ အသီးအနှံများ စားပေးပါ။

    လတ်ဆတ်ပြီး ကြွပ်ရွတဲ့ အစားအသောက်များဟာ သွားကျန်းမာရေးအတွက် သင့်တော်ပါတယ်။ အသီးအနှံများဟာ အမျှင်ဓာတ်များပြီး ခံတွင်းကျန်းမာရေးကို အထောက်အကူပြုပါတယ်။ ကအထူးသဖြင့် ကလေးငယ်တွေကို မာကြောတဲ့၊ ပျော့ပြဲစေးကပ်တဲ့ အစားအသောက်တွေ သိပ်မကျွေးသင့်ပါဘူး။

    ၉။ အချိုလျှော့စားပါ

    သကြားဓာတ်ကဲတဲ့ အစားအသောက်တွေဟာ ပါးစပ်အတွင်းမှာ အက်ဆစ်ဓာတ်ဖြစ်ပေါ်မှုကို မြင့်တက်စေပါတယ်။ အဲဒီအခါ သွားရဲ့အပေါ်ယံကြွေလွှာတွေကို တိုက်စားသွားနိုင်ပါတယ်။ သွားပိုးစားခြင်း၊ သွားအခေါင်းပေါက်ဖြစ်ပေါ်ခြင်းတွေ ဖြစ်စေပါတယ်။ အက်ဆစ်ဓာတ်ကဲတဲ့ အစားအစာတွေ၊ ကော်ဖီ၊ လက်ဖက်ရည် စတာတွေဟာ သွားရဲ့အပေါ်ယံကြွေလွှာကို ပျက်စီးစေတတ်ပါတယ်။

    ၁၀။ သွားဆေးခန်းမှန်မှန်ပြပါ။

    သင့်သွားနဲ့ခံတွင်း ကျန်းမာရေးအခြေအနေကို သိရအောင် ခြောက်လတခါလောက် သွားဆေးခန်းပြသပြီး စစ်ဆေးမှု ခံယူသင့်ပါတယ်။ အများစုဟာ သွားနာသွားကိုက်မှ သွားဆေးခန်းကို သတိရတတ်ကြပါတယ်။ အမှန်တော့ သွားနဲ့ခံတွင်းမှာ သိသာတဲ့ ရောဂါလက္ခဏာမရှိတောင် ခြောက်လမှာတကြိမ် သွားကျန်းမာရေးကို စစ်ဆေးသင့်ပါတယ်။ အနည်းဆုံး သွားကျောက်ခြစ်ခြင်း၊ သန့်ရှင်းရေးပြုလုပ်ခြင်း ခံယူသင့်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    Written by

    Dr. Thant Zin

    အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy


    23/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement