backup og meta

သင့်သွားလေးတွေဝါလာတာ ဒီအချက်တွေကြောင့်ဆိုတာ သတိထားမိလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 23/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင့်သွားလေးတွေဝါလာတာ ဒီအချက်တွေကြောင့်ဆိုတာ သတိထားမိလား

    ရုပ်ရှင်တွေထဲမှာ မင်းသား၊ မင်းသမီးတွေရဲ့ သွားကိုကြည့်လိုက်ရင် ဖြူဖွေးနေတာပဲ၊ မှန်ကြည့်တဲ့အချိန်ကျတော့ ကိုယ့်သွားက ဘာလို့ဝါနေတာလဲလို့ တွေးမိဖူးလား။ တကယ်တော့ ကိုယ်ထင်မထားမိတဲ့ နေထိုင်စားသောက်မှုပုံစံ၊ ခံတွင်းသန့်ရှင်းရေးနည်းစနစ်တွေကြောင့် ကိုယ့်သွားက နဂိုဝါတဲ့သူဆိုရင်တောင် အဝါညစ်ရောင် နောက်ကျိကျိ ဖြစ်လာနိုင်တယ်နော်။

    သွားဝါရင် ဘာဖြစ်နိုင်လဲ။

    သွားဝါတာက ဒီနေရာမှာပဲ ရပ်သွားတာမဟုတ်ပါဘူး။ သူ့အနောက်မှာ သွားဖုံးကြွေလွှာပျက်စီးတာ၊ သွားအရောင်မှိန်တာ၊ သွားပိုးစားတာ၊ ခံတွင်းကနေ ချဉ်စော်နံလာတာ၊ သွားချေးတက်ပြီး အဝါရောင် သွားချေးကျောက်တွေဖြစ်လာတာ၊ ခံတွင်းကင်ဆာ စတဲ့ ပြဿနာတွေ တောက်လျှောက်ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ဒီသွားဝါတဲ့ကိစ္စကို ပေါ့သေးသေးတော့ မမှတ်ယူသင့်ပါဘူး။

    ဒါဆို ဘာတွေက သွားကို ပိုဝါစေတာလဲ။

    အသားအရောင်လိုပါပဲ။ တချို့က မျိုးရိုးလိုက်ပြီး မွေးကတည်းက သွားက အဝါရောင်ဘက်သမ်းနေတဲ့ သူတွေလည်း ရှိပါတယ်။ ကိုယ့်သွားက နဂိုက ဘာအရောင်ပဲဖြစ်နေပါစေ ခုပြောပြပေးမယ့်အရာတွေကတော့ သွားအရောင်ကို နဂိုထက် ပိုနောက်ကျသွားစေနိုင်ပါတယ်။ ဒီအချက်တွေကတော့

    ၁။ သွားကို မှန်မှန်မတိုက်တာ

    မနက်တစ်ကြိမ် ညတစ်ကြိမ် တိုက်ရမယ့်သွားကို အချိန်မှန်မှန်မတိုက်ဘဲ ဖြစ်သလိုတိုက်တာ၊ မနက်အိပ်ရာနိုးရင် သွားမတိုက်ဘဲ ပစ်ထားလိုက်တဲ့အခါ တစ်ညလုံး သွားမှာကပ်ငြိနေတဲ့ အနံ့အသက်တွေ၊ ပိုးမွှားတွေက ပိုမိုပျံ့နှံ့ပြီး သွားကို အရောင်မှိန်ကာ အနံ့ဆိုးထွက်လာစေဖို့ ဖန်တီးပေးပါတယ်။

    ၂။ သွားကို သေချာမတိုက်တာ

    သွားတိုက်ရင် ပြီးရောဆိုပြီး နည်းစနစ်မှန်နဲ့ သေချာမတိုက်တာ၊ မြန်မြန်သွားတိုက်တာ၊ သွားကြားထဲမှာ ကပ်ငြိနေနိုင်တဲ့ စားကြွင်းစားကျန်တွေကို သွားပွတ်တံနဲ့ သေချာမပွတ်တိုက်တာတွေဟာလည်း သွားကို ဝါလာစေနိုင်ပါတယ်။

    ၃။ ဆေးလိပ်၊ အရက်သောက်တာ၊ ကွမ်းစားတာ

    သွားနဲ့ ခံတွင်းအတွက် အဆိုးဆုံးရန်သူကတော့ ဆေးလိပ်၊ အရက်၊ ကွမ်းပါပဲ။ ဆေးလိပ်ကပါတဲ့ နီကိုတင်းဓာတ်တွေက သွားကို ဝါစေရုံသာမက မည်းညစ်ပြီး အနံ့ဆိုးဖြစ်စေတယ်။ အရက်သည်လည်း ထိုနည်းတူပါပဲ။ ကွမ်းကတော့ အဆိုးဆုံးပေါ့။ သွားချိုးတက်စေပြီး သွားကို နီရဲစေတယ်၊ ပုပ်စော်နံစေပြီး ခံတွင်းချဉ်စေတယ်။ အပေါ်ယံကြွေလွှာက တဖြည်းဖြည်းပျက်စီးသွားပြီး သွားကိုဆွေးမြေ့သွားစေပါတယ်။

    ၄။ သွားအရောင်စွန်းထင်းစေတဲ့ အစားအစာတွေ

    ကိုယ်နေ့တိုင်းစားနေတဲ့ အစားအစာတွေ၊ ဖျော်ရည်၊ အအေးတွေကလည်း သွားကိုဝါစေနိုင်တယ်ဆိုတာ သတိထားမိရဲ့လား။ အစားအစာတွေမှာ နဂိုပါဝင်နေတဲ့ အရောင်တွေ၊ တချို့သောပါဝင်ပစ္စည်းတွေ၊ ဟင်းချက်တဲ့အခါ သုံးတဲ့ ဟင်းခတ်မှုန့်တွေ၊ ဆိုဒါ၊ ကဖင်းဓာတ်ပါတဲ့ အအေးတွေဟာ သွားကို ဝါသွားစေနိုင်ပါတယ်နော်။ သွားကို မြန်မြန်ဝါစေနိုင်တဲ့အရာတွေကတော့

    • ကော်ဖီ
    • ဂက်စ်ပါတဲ့ ဖျော်ရည်တွေ
    • ဟင်းခတ်မှုန့် အများအပြားထည့်ထားတဲ့ ဟင်းလျာတွေ
    • ချဉ်လွန်းတဲ့ အသီးအနှံတွေ
    • ရေနွေးကြမ်း၊ လက်ဖက်ရည်
    • ခရမ်းချဉ်သီးအနှစ်
    • ငံပြာရည်
    • ချောကလက် တို့ပဲ ဖြစ်ပါတယ်။

    လုံးဝမစားသင့်တာတော့ မဟုတ်ပေမဲ့ ဒါတွေစားပြီးရင် ရေများများသောက်ဖို့၊ ပါးစပ်ကို သေချာပလုတ်ကျင်းဖို့တော့ သတိထားသင့်တယ်နော်။

    ၅။ တချို့သော ဆေးဝါးတွေ

    ပဋိဇီဝဆေးတချို့မှာ ပါဝင်တဲ့ tetracycline ဓာတ်၊ doxycycline ဓာတ်တွေဟာ ငယ်သေးတဲ့ ကလေးတွေရဲ့ သွားတွေကို အရောင်မှိန်စေပါတယ်။ သွေးတိုးကျစေတဲ့ဆေးတွေ၊ စိတ်ငြိမ်ဆေးတချို့ဟာလည်း သွားကို နဂိုထက် ပိုဝါစေနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေ ရှိပါတယ်။ ဆေးသောက်လို့ သွားဝါတာဆိုရင်တော့ ကိုယ့်သဘောနဲ့ ကိုယ်ဆေးမရပ်ပစ်ဘဲ ဆရာဝန်ကို သေချာတိုင်ပင်ပြီး ဆေးပြောင်းသောက်တာ၊ ဆေးပမာဏ လျှော့သောက်တာမျိုး လုပ်ပေးလို့ရပါတယ်။

    ဘယ်လိုအချက်တွေက သွားကိုပိုပြီးဝါစေနိုင်လဲဆိုတာ သိပြီးပြီဆိုတော့ ရှောင်ကြဉ်ဖို့ကတော့ ကိုယ့်တာဝန်ဖြစ်သွားပြီနော်။ သွားနဲ့ ခံတွင်းဆေးခန်းကို ၆လ သို့မဟုတ် တစ်နှစ်တစ်ကြိမ်လောက် ပုံမှန်ပြသပြီး သန့်ရှင်းရေးလုပ်ပေးဖို့ မမေ့နဲ့ဦးနော်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 23/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement