အဓိပ္ပါယ်ဖွင့်ဆိုချက်
Dental Caries (သွားပိုးစားခြင်း) ကဘာလဲ။
သွားမှာအခေါင်းပေါက်များဖြစ်ပေါ်ခြင်းပါ။ ဘတ်တီးရီးယားပိုးများကြောင့်ဖြစ်ပြီး သွားပိုးစားခြင်းဟာ ကမ္ဘာ့အဖြစ်အများဆုံး ကျန်းမာရေးအခြေအနေတွေထဲက တစ်ခုဖြစ်ပါတယ်။ မကုသပါက ပိုးပေါက်များပိုကြီးလာပြီး သွားအတွင်းလွှာများအထိ ထိခိုက်သွားနိုင်ပါတယ်။ သွားကိုက်ခြင်း၊ ပိုးဝင်ခြင်း၊ နှင့် နောက်ဆုံး သွားနှုတ်ရခြင်းထိ ဖြစ်နိုင်ပါတယ် ။
Dental Caries (သွားပိုးစားခြင်း) က ဘယ်လောက်အဖြစ်များသလဲ
အလွန်တရာကိုအဖြစ်များပါတယ်။ ကလေးငယ်များ၊ ဆယ်ကျော်သက်များနဲ့ အသက်ကြီးသူများမှာ အဖြစ်များပြီး ဖြစ်နိုင်ချေရှိသောအချက်များကိုလျှော့ချခြင်းဖြင့် ထိန်းသိမ်းနိုင်ပါတယ်။ နောက်ထပ်အချက်အလက်များအတွက် ဆရာဝန်နှင့်ဆွေးနွေးနိုင်ပါတယ်။
လက္ခဏာများ
Dental Caries (သွားပိုးစားခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ
- သွားကိုက်ခြင်း
- သွားကျင်ခြင်း
- အချို၊ အပူ၊ အအေးစာများ စားလျှင် စူးရှစွာနာကျင်ခြင်း
- သွားတွင်အပေါက်များဖြစ်ခြင်း
- သွားမျက်နှာပြင်ပေါ်တွင် အညိုရောင်၊ အမည်းရောင်၊ အဖြူရောင်များထင်ခြင်း
- ဝါးလျှင်၊ ကိုက်လျှင်နာကျင်ခြင်း
နောက်ထပ်လက္ခဏာတွေလည်းရှိနိုင်သေးတာကြောင့် အသေးစိတ်သိလိုပါက ဆရာဝန်နဲ့မေးမြန်းတိုင်ပင်နိုင်ပါတယ်။
ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ
တကယ်လို့-
- ဖျားမယ်၊
- မခံနိုင်အောင်သွားနာမယ်
- ခံတွင်းအနံ့ထွက်လာမယ် ဆိုရင်တော့ ဆရာဝန်ပြသင့်ပါပြီ။
အကြောင်းရင်းများ
Dental Caries (သွားပိုးစားခြင်း) ကိုဘာတွေကဖြစ်စေသလဲ
ပါးစပ်တွင်းဘတ်တီးရီးယားပိုးဝင်ခြင်းနှင့် အစားအစာတွေ သကြားဓါတ်အလွန်အကျွံပါခြင်း စသည်ဖြင့် အဓိကအချက်နှစ်ချက်ကြောင့်ဖြစ်တယ်။
ပါးစပ်အတွင်းမှာ ဘတ်တီးရီးယားပိုးတွေရှိနေတာက ပုံမှန်ပဲဖြစ်ပါတယ်၊ ဒါပေမယ့်ထိုဘတ်တီးရီးယား၊ အစားအသောက်အကြွင်းအကျန်နဲ့ တံထွေးတို့ပေါင်းကာ ခဲသွားပါတယ်။
အစားအသောက်မှာ သကြားဓါတ်များလေ ပိုမိုစေးကပ်လေဖြစ်ပြီး ထိုဘတ်တီးရီးယားများမှ သကြားဓါတ်များကို အက်စစ်အဖြစ်ပြောင်းလိုက်သောအခါ သွားပိုးစားခြင်းဖြစ်ရပါတယ်။ အက်စစ်ဓါတ်က သွားအပြင်လွှာရှိသတ္ထုများကိုဖယ်ပစ်ပြီး ထိုတိုက်စားမှုက သွားလွှာမှာ အပေါက်များဖြစ်စေပါတယ်။
ဖြစ်နိုင်ခြေများ
Dental Caries (သွားပိုးစားခြင်း) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ
- သွားစောင့်ရှောက်မှုအားနည်းခြင်း- နေ့စဉ်ပုံမှန်သွားတိုက်ခြင်း၊ သွားသန့်ရှင်းမှုမရှိခြင်း။
- ကာဗွန်ဟိုက်ဒရိတ်များသောအစားအစာ၊ သစ်သီးဖျော်ရည်၊ ဆော်ဒါ၊ မုန့်အချိုများ၊ သကြားလုံး၊ ကွတ်ကီး စသည်…။
- အက်စစ်ပါသောစားစရာသောက်စရာများ- သံပုရာရည်၊ ဆော်ဒါ၊ ဖျော်ရည်များ။
- အစာအိမ်အတွင်းရှိ အက်စစ်များပြန်ဆန်တက်ကာ သွားများနှင့်ထိတွေ့မိခြင်း၊
- ဖလိုရိုက်မလုံလောက်ခြင်း- သွားပေါက်များကို ကာကွယ်ပေးပြီး သွားများပျက်စီးစအခြေအနေကိုပင် ပြန်ကောင်းစေနိုင်သော သဘာဝသတ္ထုဓါတ် ဖလိုရိုက်နည်းပါးခြင်း၊
- တံထွေးနည်းခြင်း၊ (ခံတွင်းအတွင်းရှိတံထွေးဟာ သင့်သွားများကြားရှိအစာများကို သန့်ရှင်းပေးပြီး သွားပျက်စီးစေတဲ့ ဘတ်တီးရီးယားများကိုလည်း လျှော့ချပေးနိုင်ပါတယ်)
ရောဂါအဖြေရှာခြင်းနှင့် ကုသမှု
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
Dental Caries (သွားပိုးစားခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ
သွားဆရာဝန်က သွားပိုးပေါက်များကိုစစ်ဆေးရန်-
- သွားနာကျင်မှုနဲ့ပတ်သတ်ပြီး မေးခွန်းတချို့မေးပါလိမ့်မယ်
- သင့်သွားကိုလိုအပ်သောပစည်းကိရိယာနဲ့ စစ်ဆေးကြည့်ပါမယ်
- လိုအပ်ပါက သွားပေါက်နှင့်၊ သွားပျက်စီးနေခြင်း အတိုင်းအတာကိုသိရန် သွားဓါတ်မှန် (X-rays) ရိုက်ကောင်းရိုက်နိုင်ပါတယ်။
Dental Caries (သွားပိုးစားခြင်း) ကို ဘယ်လိုကုသပါသလဲ
သင့်သွားအခြေအနေပေါ်မှာမူတည်ပါတယ်။
ဖလိုရိုက်နှင့်ကုသမှု- အစပိုင်းအခြေအနေတွေမှာသုံးပြီး ဖလိုရိုက်က သွားကြွေလွှာများကို ပြန်လည်ပြုပြင်ပေးပါလိမ့်မယ်။
သွားဖာခြင်း- ဒါကတော့ သွားကြွေလွှာထိခိုက်ခြင်းထက် ပိုကျော်လွန်သွားသော သွားပျက်စီးခြင်းတွေမှာသုံးတတ်တဲ့ အဓိကကုသမှုနည်းဖြစ်တယ်။
သွားစွတ်ခြင်း- သွားတွေအလွန်အမင်းပျက်စီးနေရန် သွားစွတ်ရတတ်ပါတယ်။
အတွင်းသားများစားပစ်ခြင်း- ပျက်စီးမှုက သွားအတွင်းသားတွေထိရောက်နေရင်တော့ ထိုအတွင်းသားတွေကိုစားပစ်ဖို့လိုပါလိမ့်မယ်။
သွားနှုတ်ခြင်း – ဆိုးဆိုးရွားရွားပျက်စီးနေပြီဆိုရင်တော့ နောက်ဆုံးသွားနှုတ်ပစ်ရပါတယ်။
နေထိုင်မှုပုံစံ၊ အိမ်တွင်းကုသမှုများ
ဖလိုရိုက်ပါသော သွားတိုက်ဆေးနဲ့ တစ်ရက်အနည်းဆုံးနှစ်ကြိမ်သွားတိုက်ပါ။
တစ်ရက်လျှင် အနည်းဆုံးတစ်ကြိမ်ခန့် သွားကြားပွတ်ကြိုးဖြင့် သွားကြားများကိုသန့်ရှင်းပါ။
အစာစားပြီးတိုင်း ရေ သို့မဟုတ် ခံတွင်းဆေးရည်ဖြင့် ပါးလုတ်ကျင်းပါ။
သွားကျန်းမာစေသောအစားအစာများစားပါ။
သွားသန့်ရှင်းရေး၊ ခံတွင်းစစ်ဆေးရေးများအတွက် ပုံမှန်သွားဆရာဝန်နှင့်ပြပါ။
သိလိုသည်များရှိပါက သင့်အတွက်အကောင်းဆုံးအဖြေရရန် သွားဆရာဝန်နှင့် သေချာဆွေးနွေးတိုင်ပင်ပါ။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။