backup og meta

အဆစ်အတွင်း သွေးယိုခြင်း


Dr. Thant Zin မှ ရေးသားသည်။ · 05/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အဆစ်အတွင်း သွေးယိုခြင်း

    ကိုယ်ခန္ဓာရှိအဆစ်အမြစ်များအတွင်း သွေးယိုတဲ့ အခြေအနေ (Hemarthrosis) ကို ဆိုလိုပါတယ်။ ထိခိုက်ဒဏ်ရာရခြင်းကြောင့် ဖြစ်တတ်သလို ဟေမိုဖီးလျားခေါ် သွေးမတိတ်တဲ့ရောဂါကြောင့်လည်း ဖြစ်တတ်ပါတယ်။ အရိုးအဆစ်များဟာ ကိုယ်ခန္ဓာရဲ့ အစိတ်အပိုင်းတွေ ချောမွေ့စွာ လှုပ်ရှားနိုင်အောင် တည်ဆောက်ထားခြင်း ဖြစ်ပါတယ်။ အကယ်၍ အဆစ်အတွင်းကို သွေးယိုစိမ့်ခဲ့ရင် ရောင်ရမ်းခြင်း၊ နာကျင်ခြင်းတွေဖြစ်တတ်ပါတယ်။ ထိရောက်စွာ မကုသရင် အမြဲတမ်းပျက်စီးသွားနိုင်ပါတယ်။

    ဘာလက္ခဏာတွေရှိသလဲ

    အဆစ်အတွင်း သွေးယိုတဲ့အခါ ဖြစ်နိုင်တဲ့လက္ခဏာတွေကတော့

    –              အဆစ်များ ရောင်ရမ်းခြင်း

    –              နာကျင်ကိုက်ခဲခြင်း

    –              နီရဲခြင်း

    –              အဆစ်များကို ဖိကြည့်လျှင် လေခိုသလိုဖြစ်နေခြင်း

    –              အဆစ်များတောင့်တင်းခြင်း

    –              သွေးခြည်ဥခြင်း

    –              ပုံမှန်လှုပ်ရှားနိုင်မှုမရှိခြင်း စတာတွေ ဖြစ်ပါတယ်။

    ဘာကြောင့်ဖြစ်တတ်သလဲ

    အဆစ်အတွင်းသွေးယိုခြင်းကို ဖြစ်စေတဲ့ အကြောင်းအရာများကတော့

    –              ထိခိုက်ဒဏ်ရာရခြင်း၊ အရိုးကျိုးခြင်း၊ အရွတ်များစုတ်ပြဲခြင်း

    –              ခွဲစိတ်ကုသမှုခံယူခြင်း (မှန်ပြောင်းသုံး ခွဲစိတ်ခြင်း အပါအဝင်)

    –              သွေးယိုတတ်သောရောဂါများ (ဥပမာ ဟေမိုဖီးလျား)

    –              သွေးကျဲဆေးများ သောက်သုံးနေခြင်း

    –              ရောဂါပိုးဝင်ခြင်း

    –              Osteoarthristis ခေါ် အရိုးအဆစ်ရောင်ရောဂါ

    –              ကင်ဆာ (ရှားပါးပါသည်)

    စတာတွေ ဖြစ်ပါတယ်။ ဟေမိုဖီးလျား ခေါ် သွေးမတိတ်တဲ့ရောဂါကတော့ သွေးခဲဖို့အတွက် အရေးကြီးတဲ့ ပရိုတိန်းတွေ မထုတ်လုပ်နိုင်တဲ့ အခြေအနေ ဖြစ်ပါတယ်။ ဟေမိုဖီးလျားရောဂါဆိုးလွန်းရင် တစ်ပတ်ကို နှစ်ကြိမ်လောက်ထိ အဆစ်အတွင်း သွေးယိုခြင်း ဖြစ်တတ်ပါတယ်။

    ရောဂါရှာဖွေအတည်ပြုခြင်း ဘယ်လိုလုပ်မလဲ

    ဆရာဝန်ဟာ ရောဂါရာဇဝင်နဲ့ မိသားစုရာဇဝင်ကို မေးမြန်းပါလိမ့်မယ်။ အထူးသဖြင့် မိသားစုတွင်းမှာသွေးမတိတ်တဲ့ရောဂါ ဖြစ်ပွားဖူးသူရှိမရှိ မေးမြန်းပါလိမ့်မယ်။ ရောဂါနဲ့ပတ်သက်တဲ့ အချက်တွေကို ပြည့်ပြည့်စုံစုံဖြေပေးဖို့ လိုပါတယ်။ ထိခိုက်ဒဏ်ရာရဖူးခြင်း ရှိမရှိ၊ ဆေးဝါးများ သောက်သုံးမှု ရှိမရှိ မေးမြန်းပါလိမ့်မယ်။ စစ်ဆေးစမ်းသပ်မှုတွေ ပြုလုပ်ပါလိမ့်မယ်။ အဆစ်ရဲ့လှုပ်ရှားနိုင်မှုကို စစ်ဆေးခြင်း၊ ကွေးခိုင်းခြင်း ဆန့်ခိုင်းခြင်းတွေပါ ပါဝင်ပါလိမ့်မယ်။

    အဆစ်တွင်းသွေးယိုခြင်းရဲ့ အဓိကအကြောင်းအရင်းကို သိနိုင်အောင် အဆစ်အတွင်းက ချောဆီအရည်များကို စုပ်ယူစစ်ဆေးခြင်း ပြုလုပ်ပါလိမ့်မယ်။ ဒီအတွက် အဆစ်ထဲကို အပ်ထိုးသွင်းပြီး အရည်များကို စုပ်ယူကာ ဓာတ်ခွဲခန်းပို့ပြီး စစ်ဆေးပါလိမ့်မယ်။ လိုအပ်ရင် ပုံရိပ်ဖော်စစ်ဆေးခြင်းတွေ ပြုလုပ်ပါလိမ့်မယ်။ ရောဂါကြောင့် သွေးယိုခြင်းလို့ သံသယရှိရင် သွေးစစ်ပါလိမ့်မယ်။

    ဘယ်လိုကုသမလဲ

    ဒူးခေါင်း၊ ခြေကျင်းဝတ် စတဲ့အဆစ်တွေမှာ ဆိုးရွားစွာ ရောင်ရမ်းနေရင် ဆေးရုံပြသသင့်ပါတယ်။ ရောဂါအခံကြောင့်ဖြစ်တာဆိုရင် ရောဂါအတွက် ကုသခြင်းတွေ ဥပမာ သွေးသွင်းခြင်း စတာတွေပါ လုပ်ဆောင်ပါလိမ့်မယ်။ သွေးတိတ်စေတဲ့ ဓာတ်ပစ္စည်းများ ထည့်သွင်းပေးပြီး သွေးတိတ်အောင် ကုသပေးပါလိမ့်မယ်။ ပြန်လည်သန်စွမ်းရေးဆေးပညာအရ ကုသခြင်း၊ လျှပ်စစ်ဓာတ်ဖြင့် ကုသပေးခြင်း စတာတွေလည်း ပါဝင်ပါတယ်။ အဆစ်ပတ်ဝန်းကျင်က ကြွက်သားတွေ သေးသိမ်မသွားအောင် ဖြစ်ပါတယ်။

    တခြားကုသနည်းတွေကတော့

    –              အဆစ်ကို အနားပေးပြီး ရေခဲကပ်ပေးခြင်း

    –              သက်ဆိုင်ရာ ခြေ/လက်ကို မြှင့်ထားပေးခြင်း

    –              အကိုက်အခဲပျောက်ဆေးများ သောက်သုံးခြင်း

    –              အဆစ်အတွင်းမှ သွေးများကို ဖောက်ထုတ်ပေးခြင်း

    –              အဆစ်ကို ခွဲစိတ်ကုသခြင်း စတဲ့ နည်းလမ်းတွေလည်း ရှိပါတယ်။

    အဆစ်အတွင်းသွေးယိုခြင်းကို ထိရောက်စွာ မကုသရင် အဆစ်ပျက်စီးခြင်း၊ နာကျင်ကိုက်ခဲပြီး ကောင်းစွာ မလှုပ်ရှားနိုင်ခြင်း၊ အဆစ်ပျက်စီးခြင်း စတဲ့နောက်ဆက်တွဲပြဿနာတွေ ကြုံနိုင်ပါတယ်။ လမ်းလျှောက်ခြင်း၊ ပစ္စည်းသယ်မခြင်း၊ လှေကားတက်ခြင်း စတဲ့ပုံမှန်လုပ်ဆောင်မှုတွေကိုတောင် မလုပ်နိုငတော့ဘဲ ရှိတတ်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ အဆစ်ဝန်းကျင်က တစ်ရှူးတွေ၊ ကြွက်သားတွေ၊ အရွတ်တွေကိုပါ ထိခိုက်လာနိုင်လို့ ထိရောက်စွာ ကုသမှု ခံယူသင့်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thant Zin မှ ရေးသားသည်။ · 05/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement