လိင်တံ ၂ချောင်းဖြင့် မွေးလာသော အမျိုးသားများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 02/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လိင်တံ ၂ချောင်းဖြင့် မွေးလာသော အမျိုးသားများ

    မွေးလာတဲ့အချိန်မှာ ယောက်ျားလေးက လိင်တံ ၂ချောင်း ခွဲထွက်နေတဲ့အခြေအနေကို Diphallia လို့ ခေါ်ပါတယ်။ ယောက်ျားလေး ၆သန်းမှာ တစ်ယောက်သာလျှင် ရှားရှားပါးပါး တွေ့ရတတ်တဲ့ အခြေအနေပါ။ လိင်တံ ၂ချောင်း ရှိခြင်းဟာ အန္တရာယ်များတာမျိုးတော့ မဟုတ်ပေမဲ့ သူ့မှာ နောက်ဆက်တွဲ စိုးရိမ်စရာ ကျန်းမာရေးပြဿနာတွေ ရှိနိုင်ပါတယ်။ အထူးသဖြင့် အစာချေဖျက်တဲ့ နေရာနဲ့ ဆီးလမ်းကြောင်း အစရှိတဲ့ မွေးရာပါ ချို့ယွင်းချက်တွေ ဖြစ်နိုင်ပါတယ်။

    ဘယ်လိုလက္ခဏာတွေ ရှိလဲ။

    Diphallia ဆိုတာ မွေးပြီးနောက်ပိုင်းမှ ဖြစ်လာတဲ့ အခြေအနေမဟုတ်ဘဲ မွေးလာကတည်းကိုက လိင်တံ ၂ခုအနေနဲ့ ကွဲထွက်ပြီး မွေးလာတာဖြစ်တဲ့အတွက် ဆရာဝန်တွေအနေနဲ့ ကလေးကို အလွယ်တကူ စစ်ဆေးကြည့်လို့ ရနိုင်ပါတယ်။

    • လိင်တံ၊ ဝှေးစေ့၊ ကပ္ပယ်အိတ်က ပုံမှန်မဟုတ်တာ
    • လိင်တံ ၂ခု ကွဲထွက်နေတာ (Penile Duplication)
    • ကပ္ပယ်အိတ်က နှစ်ဘက် ကွဲထွက်နေတာဆိုရင် Diphalia ရှိသူတွေမှာ အတွေ့များတဲ့ လက္ခဏာတွေလို့ ပြောလို့ ရပါတယ်။

    Diphallia ရောဂါကနေ ဒုတိယအတွေ့များတဲ့ ပြဿနာတွေကတော့

    • စအိုပေါက်မပွင့်ခြင်း (Anal Atresia)
    • ဆီးစွန့်ပြွန် ကွဲထွက်ခြင်း (Distal Urethral Duplication)
    • ကပ္ပယ်အိတ် အနေအထားမမှန်ခြင်း (Ectopic Scrotum) ဆိုပြီး လက္ခဏာ တစ်မျိုး သို့မဟုတ် အကုန်လုံး ဖြစ်နိုင်ပါတယ်။

    အတွေ့နည်းတဲ့ လက္ခဏာတွေကတော့

    • ကျောက်ကပ်ေတွက ပုံမှန်အနေအထားမှာ မရှိတာ
    • ဆီးခုံအရိုး၊ သုက်ရည်ထွက်နှုန်း ပုံမမှန်တာ
    • မွေးရာပါ နှလုံးမြှေးနံရံမပိတ်သည့် ရောဂါ (Atrial Septal Defect)
    • ဆီးအိမ်က ခန္ဓါကိုယ် အပြင်ဘက် ရောက်နေတာ (Bladder Exstrophy)
    • ဝှေးစေ့က အောက်ကို တွဲကျမနေတာ (Cryptorchidism)
    • ဆီးပို့ပြွန် ၂ခုဖြစ်နေတာ
    • ကျောက်ကပ်တစ်ခု အပိုပါနေတာ
    • ကျောက်ကပ်က မြင်းခွာပုံစံ ဖြစ်နေတာ
    • အူကျွံခြင်း (Inguinal Hernia) အစရှိတဲ့ လက္ခဏာတို့ပဲ ဖြစ်ပါတယ်။

    မွေးရာပါ လိင်တံ ၂ချောင်း ကို ဖြစ်စေတဲ့ အကြောင်းရင်းတွေက ဘာတွေလဲ။

    Diphallia ဆိုတာ အကြောင်းရင်းတစ်စုံတစ်ရာ မရှိဘဲ မွေးရာပါချို့ယွင်းချက်အနေနဲ့ ပါလာတဲ့ရောဂါ ဖြစ်ပါတယ်။ မိဘမျိုးရိုး လိုက်ခြင်းလည်းမဟုတ်သလို ကိုယ်ဝန်ဆောင်နေစဉ် ကြိုတင်ကာကွယ်လို့ ရတဲ့ အရာလည်း မဟုတ်ပါဘူး။ လက်ရှိအခြေအနေထိလည်း Diphallia ကို ဖြစ်စေတဲ့ အကြောင်းရင်းတရားခံကို ရှာဖွေနိုင်ခြင်း မရှိသေးဘူးလို့ ပြောလို့ ရပါတယ်။

    ဆရာဝန်နဲ့ ဘယ်အချိန်မှာ ပြသသင့်လဲ။

    Diphallia ရဲ့ လက္ခဏာတွေကို စတင်တွေ့ရတဲ့အချိန် (ဥပမာ – လိင်တံက ၂ခု ခွဲထွက်နေတာမျိုး) ကတည်းက ဆရာဝန်နဲ့ ပုံမှန်စစ်ဆေးကုသမှု ခံယူသင့်ပါတယ်။ ကျန်းမာရေးပြဿနာတွေ၊ ကိုယ့်ရဲ့ နေ့စဉ်ဘဝမှာ အခက်အခဲတွေ မရှိသေးသည့်တိုင်အောင် တခြားသော ကိုယ်တွင်းအင်္ဂါတွေမှာ ချို့ယွင်းချက်တွေ ရှိနေနိုင်တဲ့အတွက် ဆရာဝန်နဲ့ ပြသဖို့ အရမ်းအရေးကြီးပါတယ်။ ကိုယ့်ရောဂါရဲ့ အခြေအနေကို ဆရာဝန်အနေနဲ့ စစ်ဆေးပြီးတော့မှ ခွဲစိတ်ကုသမှုကို ဆက်လုပ်ဖို့ အကြံပေးမှာ ဖြစ်ပါတယ်။

    Diphallia လိင်တံ ၂ခု ပါတဲ့ ရောဂါဆိုတာ မွေးရာပါ ကိုယ်တွင်းအင်္ဂါ ချို့ယွင်းချက်ဖြစ်ပေမဲ့ တစ်သက်လုံး စိုးရိမ်ထိတ်လန့်ပြီး နေသွားစရာမလိုတဲ့ ရောဂါဖြစ်ပါတယ်။ ကိုယ့်အတွက် လိုအပ်မယ့် ကုသမှုကိုသာ သေချာပြုလုပ်ပေးမယ်ဆိုရင် ဒီရောဂါရှိနေတဲ့တိုင်အောင် သာမန်လူကောင်းတစ်ယောက်လိုပဲ အိမ်ထောင်ရေးနဲ့ လိင်မှုကိစ္စမှာ အခက်အခဲမရှိဘဲ ကျန်းကျန်းမာမာ နေသွားနိုင်မှာပါ။

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 02/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement
    advertisement
    advertisement
    advertisement