လိင်တံကို ကြာရှည်စွာ ထောင်မတ်ခြင်းဖြစ်စေဖို့ သွေးကြောအရွယ်အစားက သက်ဆိုင်မှု မရှိသလို သုက်လွှတ်ပမာဏ ပြင်းထန်ဖို့၊ သုက်ပိုးကောင်ရဲ့ ကျန်းမာရေးနဲ့လည်း မသက်ဆိုင်ပါဘူး။ တစ်ချို့အခြေအနေမှာတော့ သွေးကြောအတွင်း သွေးခဲပြီး ပိတ်ဆို့နေတဲ့အတွက် သွေးကြောက ကြီးလာတယ်လို့ ထင်ရပြီး လိင်တံေကာင်းစွာ မထောင်မတ်နိုင်တဲ့ အခြေအနေမျိုး ဖြစ်နိုင်ပါတယ်။
ခါတိုင်းထက်ပိုပြီး လိင်တံသွေးကြောတွေက ထောင်မတ်နေတာ ဘာကြောင့်လဲ။
၁။ လတ်တလော ဖြစ်ခဲ့တဲ့ လိင်မှုကိစ္စကြောင့်
လိင်တံ ထောင်မတ်နေချိန်မှာ ပျမ်းမျှအားဖြင့် သွေး ၁၃၀ မီလီလီတာလောက်က လိင်တံအတွင်း သွေးကြောတွေနဲ့ နူးညံ့တဲ့ တစ်သျှူးအလွှာတွေထဲမှာ စီးဆင်းနေပါတယ်။ သုက်ထွက်ပြီးသွားချိန်၊ လိင်တံ ပျော့သွားချိန်မှသာ ဒီသွေးတွေက နှလုံးသွေးလွှတ်ကြောဆီ ပြန်လည် စီးဆင်းသွားတာပါ။ ဒါကြောင့် လိင်တံအတွင်းမှာ ကျန်နေခဲ့တဲ့ တစ်သျှူးတွေနဲ့ သွေးကြောတွေဟာ ပုံမှန်ထက် အရွယ်အစား ပိုကြီးနေတယ်လို့ ထင်ရတာမျိုးတွေ ဖြစ်နိုင်ပါတယ်။
၂။ ကပ္ပါယ်အိတ်ပေါ်က သွေးကြောတွေ
ဆယ်ကျော်သက်အရွယ် လူငယ်တချို့မှာ ကပ္ပါယ်အိတ်ပေါ်မှာ အရွယ်အစားကြီးမားနေတဲ့ သွေးကြောတွေ (Varicocele) တွေ ပေါ်လာနိုင်ပါတယ်။ ပုံမှန်အားဖြင့်တော့ အန္တရာယ်ဖြစ်စေတဲ့ ကိစ္စတစ်ခု မဟုတ်ပေမဲ့ နာကျင်ကိုက်ခဲမှု ဝေဒနာတွေ ခံစားရတာ၊ ကြာလာလေ ပိုပြီး ဝေဒနာဆိုးလာတာ၊ ကိုယ်လက်လေ့ကျင့်ခန်း လုပ်ပြီး စူးပြီးအောင့်သလို ခံစားရတာ၊ ပက်လက်လှဲအိပ်တော့မှ နာကျင်မှု အနည်းငယ်သက်သာသွားတယ်လို့ ခံစားနေရရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံး ပြသသင့်ပါတယ်။ ခွဲစိတ်ကုသမှုမခံယူဘဲ ပစ်ထားလိုက်မယ်ဆိုရင် အချိန်ကြာလာတာနဲ့အမျှ သုက်ပိုးထုတ်လွှတ်နိုင်စွမ်းနည်းသွားတာအပြင် မျိုးမအောင်တာ၊ ဝှေးစေ့သေးပြီး ကျုံ့သွားတဲ့အခြေအနေထိပါ ဖြစ်လာနိုင်ပါတယ်။
၃။ သွေးကြောအတွင်း သွေးခဲနေခြင်း
လိင်တံ ကောင်းစွာ ထောင်မတ်နိုင်ဖို့ သွေးကြောအတွင်း သွေးကောင်းစွာ စီးဆင်းနိုင်ဖို့ လိုပါတယ်။ ဒီလိုမျိုးနေရာမှာ သွေးကခဲပြီး ပိတ်နေရင် သွေးဝင်ဖို့ အဟန့်အတားဖြစ်သွားပြီး လိင်တံ ကောင်းစွာ မထောင်မတ်နိုင်တော့ပါဘူး။ သွေးခဲနေတဲ့အခြေအနေမှာ သွေးကြောက ခါတိုင်းထက် ပိုကြီးနေတယ်လို့ ထင်ရနိုင်ပြီး ပျော့နေစဉ်မှာတောင် သွေးကြောက မာနေတာ၊ ပျော့အိအိဖြစ်နေသလို ခံစားရနိုင်ပါတယ်။ သွေးခဲစေနိုင်တဲ့ အကြောင်းရင်း အများကြီးရှိနိုင်တဲ့အတွက် လိင်တံထောင်မတ်နေစဉ် နာကျင်မှုဝေဒနာ ခံစားရပြီဆိုရင် ဆရာဝန်နဲ့ အမြန်ဆုံး ပြသပြီး ပြဿနာအရင်းအမြစ်ကို ရှာသင့်ပါတယ်။
၄။ တချို့သော ခွဲစိတ်ကုသမှု အပြီး
လိင်တံ၊ ဝှေးစေ့၊ ကပ္ပါယ်အိတ်နဲ့ ခြေထောက်အတွင်းမှာ ရှိတဲ့ သွေးကြောတွေကို ခွဲစိတ်မှု အပြီးမှာ သွေးကြောက ပုံမှန်ထက်ပိုကြီးနေတတ်ပြီး သွေးစီးဆင်းမှုနှုန်းကို အနည်းဆုံး ပိတ်ဆို့နေနိုင်ပါတယ်။ အထူးသဖြင့် ကပ္ပါယ်အိတ်အတွင်း ကြီးနေတဲ့ သွေးပြန်ကြော (Varicocele) ကို ခွဲစိတ်ဖယ်ရှားခြင်း (Varicocelectomy) ၊ သွေးကြောအတွင်း နီရဲရောင်ရမ်းတာကို သက်သာစေဖို့ ခွဲစိတ်ကုသခြင်း (Vasculitis) ၊ သွေးပြန်ကြော ဖယ်ထုတ်ခြင်း (Vein Removal) လိုမျိုး ခွဲစိတ်ကုသမှုအပြီးမှာ သွေးကြောအရွယ်အစားက ပုံမှန်ထက် ကြီးနေနိုင်ပါတယ်။ ဒီလိုမျိုး အခြေအနေနဲ့ ကြုံလာပြီဆိုရင် ခွဲစိတ်ကုသခဲ့တဲ့ ဆရာဝန်နဲ့ ပြန်ပြီး တိုင်ပင်ဆွေးနွေးကြည့်ဖို့ လိုအပ်ပါတယ်။
လိင်တံသွေးကြော ကြီးနေတာကို ဆရာဝန်နဲ့ ပြသဖို့ လိုအပ်လား။
ဒါကို ပုံမှန်ဖြစ်တတ်တဲ့ အခြေအနေလို့ သတ်မှတ်လို့ ရတဲ့အတွက် ဆရာဝန်နဲ့ ပြသရလောက်တဲ့အထိ စိုးရိမ်စရာမလိုပါဘူး။ ထောင်မတ်နေစဉ်နဲ့ သုက်လွှတ်နေစဉ် နာကျင်ခြင်း၊ လိင်အင်္ဂါ၊ ဝှေးစေ့ တစ်ဖက် သို့မဟုတ် နှစ်ဖက်လုံးက ရောင်နေတာ၊ သွေးကြောတွေက ထိမိစဉ် အရမ်းမာနေတာ၊ ပျော့အိအိဖြစ်နေတာ၊ လိင်တံနဲ့ ကပ္ပါယ်အိတ်မှာ အဖုအလုံးလေး ရှိနေတယ်လို့ ခံစားမိရင်တော့ ဆရာဝန်နဲ့ စောစော ပြသထားတာ ပိုကောင်းပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။