backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

သုက်ရည်ကျဲလာခြင်း က အမျိုးသားတွေအတွက် စိုးရိမ်စရာရှိလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Ye Myo Myat မှ ရေးသားသည်။ · 16/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

သုက်ရည်ကျဲလာခြင်း က အမျိုးသားတွေအတွက် စိုးရိမ်စရာရှိလား

သုက်ရည်ဆိုတာ အမျိုးသားများ လိင်စိတ်ဆန္ဒ ပြီးမြောက်ချိန်မှာ သုက်ပို့ပြွန်ကနေ အပြင်ဘက်က ထုတ်လွှတ်လိုက်တဲ့ အရည်ဖြစ်ပါတယ်။ သုက်ရည်တွင် သုက်ပိုးများနှင့် ဆီးကျိတ်ဂလန်းက အရည်များ ပါဝင်ပါတယ်။ ပုံမှန်အားဖြင့် သုက်ရည်သည် ပျစ်ပြီး အဖြူရောင် သို့မဟုတ် နို့နှစ်ရောင်ရှိပါတယ်။ ဒါဆို သုက်ရည်ကျဲလာခြင်း က ပြဿနာတစ်ခုလား။

သုက်ရည်ရဲ့ ပျစ်ကျဲမှု ဘာကြောင့်ပြောင်းလဲသွားတာလဲ။

၁။ သုက်ပိုးကောင်ရေ နည်းသွားခြင်း

ဝှေးစေ့တွင် သိမ်းဆည်းထားတဲ့ သုက်ပိုးများ နည်းလာတဲ့အခါ လိင်အင်္ဂါကနေ ထွက်လာတဲ့ သုက်ရည်ဟာလည်း ကျဲသွားတတ်ပါတယ်။ ဝှေးစေ့အကြော ရောင်ရမ်းခြင်း၊ လိင်မှတစ်ဆင့် ရောဂါများ ကူးစက်ခံရခြင်း၊ ဝှေးစေ့တွင် အကျိတ်ဖြစ်နေခြင်း၊ ကျားဟော်မုန်းနည်းလာခြင်း၊ ကိုယ်ခံအားစနစ် ဖောက်လွဲဖောက်ပြန်ဖြစ်ခြင်း၊ သုက်ပို့ပြွန် ထိခိုက်မိခြင်းကြောင့် သုက်ပိုးကောင်ရေ နည်းသွားနိုင်ပါတယ်။

၂။ မကြာခဏ သုက်လွှတ်ခြင်း

မကြာခဏ သုက်လွှတ်တဲ့အခါ သုက်ပိုးများ နည်းသွားသလို သုက်ရည်ဟာလည်း စေးပျစ်ခြင်းမရှိတော့ဘဲ ကျဲသွားတတ်ပါတယ်။ အထူးသဖြင့် တစ်နေ့ကို တစ်ကြိမ်ထက် ပိုပြီး သုက်လွှတ်တဲ့အခါ သုက်ရည် ကျဲနေပြီး ပမာဏနည်းနေတာကို တွေ့ရနိုင်ပါတယ်။ ပုံမှန်အတိုင်း သုက်ရည်ပမာဏနဲ့ ပျစ်နေဖို့အတွက် ခန္ဓာကိုယ်က နာရီအနည်းငယ်ခန့် အားပြန်ဖြည့်ပေးဖို့ လိုအပ်ပါတယ်။

၃။ ဇင့်ဓာတ်ချို့တဲ့ခြင်း

ဇင့်ဓာတ်သည် သုက်ပိုးကို ထိခိုက်စေနိုင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများကို တိုက်ခိုက်ပေးတဲ့အတွက် ဇင့်ဓာတ်ချို့တဲ့နေစဉ် အမျိုးသားတစ်ယောက်ရဲ့ ကိုယ်ခန္ဓာအတွင်းက အချို့သော ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေဟာ သုက်ပိုးများကို တိုက်ခိုက်ပြီး သုက်ပိုးလျော့နည်းခြင်း၊ သုက်ရည်ကျဲလာခြင်း ကို ဖြစ်စေပါတယ်။

၄။ သုက်လွှတ်မြန်ခြင်း

သုက်လွှတ်မြန်တဲ့ အမျိုးသားတွေဟာ လိင်စိတ်ဆန္ဒ အထွတ်အထိပ်ကို ရောက်နေစဉ်မှာ သို့မဟုတ် မရောက်ခင်မှာ စောစီးစွာ သုက်လွှတ်တတ်ပါတယ်။ ဒီအခါ ထွက်လာတဲ့ သုက်ရည်ဟာ ပမာဏ အနည်းငယ်သာထွက်လာတတ်ပြီး ပိုပြီးလည်း ကျဲနေနိုင်ပါတယ်။

သုက်ရည်ကျဲတာ ပြဿနာရှိလား။

ပြဿနာအရတော့ ကြီးကြီးမားမား မရှိတာများပါတယ်။ များသောအားဖြင့် တစ်ကိုယ်ရေအာသာဖြေတာ များတဲ့ အမျိုးသားတွေမှာ သုက်ရည်ကျဲတဲ့ ပြဿနာအတွေ့များပြီး အာသာဖြေတဲ့ အကြိမ်ရေကို လျှော့ချလိုက်ခြင်းဖြင့် ပုံမှန်ပျစ်ကျဲမှုအဆင့်ကို ရောက်သွားစေနိုင်ပါတယ်။

သုက်ရည်နည်းသွားခြင်းကြောင့် သုက်ရည်ကျဲတဲ့ သူတွေကတော့ ကလေးယူဖို့ ကြိုးစားနေတဲ့ စုံတွဲတွေမှာ က​လေးရနိုင်ခြေကို ရာခိုင်နှုန်းအနည်းငယ်တော့ လျော့နည်းသွားစေပါတယ်။ လိင်ပိုင်းဆိုင်ရာမှာလည်း ပြောင်းလဲမှုတစ်စုံတစ်ရာ မဖြစ်စေနိုင်ပါဘူး။

သုက်ရည်ကျဲလာခြင်း ကို ကုသဖို့လိုအပ်သလား။

များသောအားဖြင့် ကိုယ့်ရဲ့ နေထိုင်စားသောက်မှုပုံစံကို ပြောင်းလဲရုံနဲ့ ရပါတယ်။ အဓိက ပြောင်းလဲဖို့ လိုအပ်တာကတော့

  • ဇင့်ဓာတ်ချို့တဲ့ခြင်းအတွက် ဇင့်ဓာတ်ပါတဲ့ အားဆေး၊ ဖြည့်စွက်စာတွေအပြင် ဟင်းသီးဟင်းရွက်၊ အသီးအနှံ၊ ပဲအမျိုးမျိုးကို သေချာစားသုံးပေးပါ။
  • အလွန်အကျွံ တစ်ကိုယ်ရေအာသာဖြေတာမျိုး မလုပ်ပါနဲ့။ ကိုယ့်ရဲ့ သတ်မှတ်ပမာဏထက် အကြိမ်ရေ ကျော်လွန်ပြီးတော့လည်း အာသာမဖြေပါနဲ့။
  • လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ။
  • အိပ်ချိန်ကို အနည်းဆုံး ၈နာရီ ရအောင် အိပ်စက်အနားယူပါ။
  • အစာအာဟာရကို မျှတစွာ စားသုံးပေးပါ။
  • ဆေးလိပ်၊ အရက်၊ ကွမ်းယာကို ရှောင်ပေးပါ။
  • ဒါတွေနဲ့ မသက်သာရင် ဆရာဝန်နဲ့ ပြသပြီး ဖြစ်ရတဲ့ အကြောင်းရင်းကို ရှာဖွေပြီး ကုသမှုခံယူပါ။

Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ ဘဝနေ့ရက်မျိုးကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Phyo Wai Lynn


Ye Myo Myat မှ ရေးသားသည်။ · 16/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement