backup og meta

စိတ်ဖိစီးမှုတွေ က အမျိုးသားတွေရဲ့ မျိုးအောင်နိုင်စွမ်းကို ထိခိုက်စေနိုင်သလား၊၊

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 09/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    စိတ်ဖိစီးမှုတွေ က အမျိုးသားတွေရဲ့ မျိုးအောင်နိုင်စွမ်းကို ထိခိုက်စေနိုင်သလား၊၊

    စိတ်ဖိစီးမှုတွေ က ကျန်းမာရေးကို ထိခိုက်စေနိုင်တယ်ဆိုတာ သိထားပြီးမှာ ဖြစ်မှာပါ၊၊ ဒါတင်မက စိတ်ဖိစီးမှုတွေက အမျိုးသားတွေရဲ့ သုက်ကောင်တွေနဲ့ သုက်ရည်အပေါ်မှာ သက်ရောက်မှု ရှိတယ်ဆိုတဲ့ လေ့လာချက်တွေ ထွက်ပေါ်လာပါပြီ၊၊ တစ်နည်းအားဖြင့်တော့ စိတ်ဖိစီးမှုတွေက အမျိုးသားတွေရဲ့ မျိုးအောင်နိုင်စွမ်းအပေါ် သက်ရောက်မှု ရှိနေပါပြီ၊၊

    စိတ်ဖိစီးမှုတွေ နဲ့ အမျိုးသားတွေရဲ့ မျိုးအောင်နိုင်စွမ်း

    ၂၀၁၄ခုနှစ်က စိတ်ဖိစီးမှုနဲ့ အမျိုးသားတွေရဲ့ မျိုးအောင်နိုင်စွမ်းနဲ့ ပတ်သတ်ပြီး လေ့လာမှုတစ်ခု လုပ်ခဲ့ပါတယ်၊၊ ဒီလေ့လာချက်မှာ ၂၀၀၅ခုနှစ်ကနေ ၂၀၀၈ခုနှစ်အတွင်းမှာ အသက် ၃၈နဲ့ ၄၉နှစ်ကြား အမျိုးသား ၁၉၃ယောက်ကို လေ့လာခဲ့တာ ဖြစ်ပါတယ်၊၊ ဒီလေ့လာချက်မှာ လုပ်ငန်းခွင် ဖိစီးမှု၊ စိတ်ဖိစီးစရာ အဖြစ်အပျက်တွေနဲ့ ကြုံရတာ၊ စိတ်ဖိစီးမှုကို လက်ခံနိုင်စွမ်း စတာတွေကို ထည့်သွင်းလေ့လာခဲ့ပါတယ်၊၊

    တွေ့ရှိချက်ကတော့ တစ်နှစ်မှာ စိတ်ဖိစီးစရာ အဖြစ်အပျက် ၂ခုနဲ့အထက် ခံစားခဲ့ရတဲ့ အမျိုးသားတွေက စိတ်ဖိစီးမှု လုံးဝမခံစားခဲ့ရတဲ့ အမျိုးသားတွေထက် သုက်ကောင်လှုပ်ရှားနှုန်းနည်းတာ၊ ပုံမှန်မဟုတ်တဲ့ သုက်ကောင်ပါဝင်မှုများတာကို တွေ့ရပါတယ်၊၊ ဒီအချက်က သုက်ရည်ရဲ့ အရည်အသွေးကို လွှမ်းမိုးနေတဲ့ တခြားအချက်တွေဖြစ်တဲ့ အသက်၊ ရောဂါအခံတွေကိုပါ ထည့်သွင်းစဉ်းစားထားတဲ့ ရလဒ်ဖြစ်ပါတယ်၊၊

    (စိတ်ဖိစီးမှုလို့ ဆိုတဲ့နေရာမှာ နေ့စဉ်ကြုံတွေ့နေရတဲ့ စိတ်ညစ်စရာတွေလောက် မဟုတ်ဘဲ ပြင်းထန်တဲ့ စိတ်ဖိစီးမှုမျိုးကို ဆိုလိုတာ ဖြစ်ပါတယ်၊၊)

    ဒီလေ့လာချက်မှာ လုပ်ငန်းခွင်စိတ်ဖိစီးမှုတွေက သုက်ရည်ရဲ့ အရည်အသွေးကို တိုက်ရိုက်ထိခိုက်စေတာမျိုး မတွေ့ရပါဘူး၊၊ ဒါပေမယ့် ထူးခြားတာက သုက်ရည်မှာ မထိခိုက်ပေမယ့် သူတို့ရဲ့ တက်စတိုစတီရုန်းက သာမန်ထက် လျော့နည်းနေပါတယ်၊၊ ဒါကလည်း သုက်ကောင်ထုတ်လုပ်မှုကို ထိခိုက်စေလို့ မျိုးအောင်နိုင်စွမ်းကျသွားနိုင်ပါတယ်၊၊

    ဒါတွေအပြင် စိတ်ဖိစီးတာချင်း တူရင်တောင် အလုပ်လက်မဲ့အမျိုးသားတွေက အလုပ်ရှိတဲ့ အမျိုးသားတွေထက် သုက်ရည်အရည်အသွေး ကျနေတာကို တွေ့ရပါတယ်၊၊

    စိတ်ဖိစီးမှုတွေ ကို ဖြေဖျောက်တဲ့ နည်းလမ်းတွေကလည်း မျိုးအောင်နိုင်စွမ်းကို ထိခိုက်စေပါသေးတယ်၊၊

    စိတ်ဖိစီးမှုကိုယ်တိုင်က သုက်ကောင်တွေကို ထိခိုက်စေပြီး မျိုးအောင်နိုင်စွမ်းကို ကျစေသလို ကျန်းမာရေးနဲ့ မညီညွတ်တဲ့ စိတ်ဖိစီးမှု ဖြေဖျောက်တဲ့ နည်းလမ်းတွေကလည်း သွယ်ဝိုက်တဲ့ နည်းလမ်းနဲ့ ကလေးရဖို့ ခက်စေပါတယ်၊၊

    စိတ်ဖိစီးမှုတွေ ပြေပျောက်အောင်ဆိုပြီး

    • အရက်သောက်တာ
    • ဆေးလိပ်သောက်တာ
    • မူးယစ်ဆေးသုံးတာ
    • အစားများပြီး အဝလွန်လာတာ စတာတွေကလည်း မျိုးအောင်နိုင်စွမ်းကို သွယ်ဝိုက်ပြီး ထိခိုက်စေပါတယ်၊၊

    မျိုးအောင်နိုင်စွမ်းကို တိုက်ရိုက်ထိခိုက်တာ မဟုတ်ပေမယ့် စိတ်ဖိစီးမှုတွေ များနေတဲ့ အမျိုးသားက အတူနေဖို့လည်း စိတ်ပါမှာ မဟုတ်ပါဘူး၊၊ ဒီလိုမျိုး စိတ်ဖိစီးမှုကြောင့် လိင်စိတ်နည်းသွားတာ၊ လိင်တံမထောင်မတ်နိုင်တာတွေကလည်း ကလေးရဖို့ ခက်ခဲစေပါတယ်၊၊

    စိတ်ဖိစီးလို့ ကလေးရဖို့ခက်၊ ကလေးမရလို့ စိတ်ဖိစီးပြီး သံသရာလည်နိုင်ပါသေးတယ်၊၊

    ဒါကြောင့် စိတ်ဖိစီးမှုတွေကို နည်းမှန်လမ်းမှန်နဲ့ လျှော့ချဖို့ လိုလာပါပြီ၊၊

    ကံကောင်းတာက စိတ်ဖိစီးမှုကြောင့် သုက်ရည်အရည်အသွေးထိခိုက်တာက ယာယီပဲဖြစ်ပြီး စိတ်ဖိစီးမှုတွေ ပြန်သက်သာရင် သုက်ရည်အရည်အသွေးလည်း ပြန်တက်လာပါတယ်၊၊ နာတာရှည်စိတ်ဖိစီးမှု မဖြစ်ဖို့၊ ခဏခဏ စိတ်ဖိစီးတဲ့ ဒဏ်မခံရဖို့တော့ လိုပါတယ်၊၊

    နည်းမှန်လမ်းမှန်နဲ့ စိတ်ဖိစီးမှု လျှော့ချနိုင်ဖို့

    • ရိုးရှင်းလွယ်ကူတာတွေနဲ့ စလိုက်ပါ၊၊

    အချိန်မှန်စား၊ အချိန်မှန်အိပ်၊ လှုပ်လှုပ်ရှားရှားနေတာက စိတ်ဖိစီးမှုကို သက်သာစေသလို ကိုယ်ကျန်းမာရေးအတွက်လည်း အထောက်အကူ ဖြစ်ပါတယ်၊၊ ဒီစကားတွေက အမြဲတမ်းကြားနေရလို့ ရိုးစင်းတယ်လို့ ခံစားရနိုင်ပေမယ့် ထိရောက်တဲ့ နည်းလမ်းတွေပဲ ဖြစ်ပါတယ်၊၊

    • စိတ်ဖိစီးမှုတွေကို ရှင်းထုတ်ပါ၊၊

    အတွေးထဲမှာ စိတ်ဖိစီးစေတဲ့ အကြောင်းတွေကိုပဲ တွေးနေမိပြီဆိုရင် အချိန်တိုင်းမှာ စိတ်ပင်ပန်းနေမှာပါ၊၊ ဒါကြောင့် လက်ရှိကို အာရုံစိုက်စေတဲ့ Mindfulness techniques တွေကို သုံးနိုင်ပါတယ်၊၊ တရားထိုင်တာ၊ အသက်ရှူလေ့ကျင့်ခန်းလုပ်တာ စတာတွေနဲ့ စကြည့်ပါ၊၊ စစချင်းမှာ စိတ်လွင့်နေလို့ ခက်ခဲနေပါလိမ့်မယ်၊၊ ဇွဲရှိရှိ လုပ်သွားရင် စိတ်ဖိစီးမှုတွေ  အတွေးထဲက ထွက်သွားမှာပါ၊၊

    • အနားယူပါ၊၊

    အထူးသဖြင့်တော့ ကလေးရဖို့ ကြိုးစားရင်းနဲ့ မရသေးလို့ စိတ်ဖိစီးနေတဲ့ အတွဲတွေအတွက်ပါ၊၊ ကြိုးစားနေပေမယ့် မရတဲ့အခါကျတော့ စိတ်ပင်ပန်းလာတာ၊ အိမ်ထောင်ရေး အဆင်မပြေတာတွေ ဖြစ်လာနိုင်ပါတယ်၊၊ ဒီတော့ ခဏလောက် ခရီးသွား၊ သေချာအနားယူပြီးမှ ပြန်ကြိုးစားပါ၊၊

    • ဆေးကုသမှု ခံယူပါ၊၊

    စိတ်ဖိစီးမှုဆိုတာလည်း ဝေဒနာတစ်ခုဖြစ်တဲ့အတွက် ကိုယ့်ဘာသာ သက်သာအောင် ကြိုးစားလို့ မရရင် ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်၊၊ စိတ်ဖိစီးမှုက ကလေးရနိုင်တာကို ထိခိုက်စေတာတင် မဟုတ်ဘဲ ရေရှည်မှာ တခြားကျန်းမာရေးပြဿနာတွေကို ဖြစ်စေနိုင်လို့ပဲ ဖြစ်ပါတယ်၊၊

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 09/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement