backup og meta

ဟင်းသီးဟင်းရွက်တွေကို အာဟာရဓာတ် မဆုံးရှုံးရအောင် ဘယ်လိုဆေးကြောမလဲ


Ye Zon Aung မှ ရေးသားသည်။ · 20/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဟင်းသီးဟင်းရွက်တွေကို အာဟာရဓာတ် မဆုံးရှုံးရအောင် ဘယ်လိုဆေးကြောမလဲ

    နေ့စဉ်နေ့တိုင်း မှီဝဲစားသုံးနေတဲ့ သစ်သီးဝလံတွေနဲ့ ဟင်းသီးဟင်းရွက်တွေမှာ အာဟာရဓာတ်တွေ ကြွယ်ဝစွာ ပါရှိနေပါတယ်။ ဒါပေမယ့် ဒီလို ကြွယ်ဝစွာ ပါဝင်နေတဲ့ အာဟာရဓာတ်တွေကို ဆုံးရှုံးမသွားဖို့၊ လျော့ပါးမသွားဖို့ဆိုရင် အဆိုပါ ဟင်းသီးဟင်းရွက်တွေကို စတင်ဆေးကြောစဉ် အချိန်မှာကတည်းက ဂရုတစိုက် ဆေးကြောသန့်စင်ပေးဖို့ လိုအပ်ပါတယ်။

    အိမ်ထောင်ရှင်မ အများစုဟာ နေ့စဉ် အသားငါးတွေ၊ ဟင်းသီးဟင်းရွက်တွေကို ဆေးကြောသန့်စင် နေကြပေမယ့် မှန်ကန်တဲ့ နည်းလမ်းနဲ့ ဆေးကြောသန့်စင်တာမျိုးကတော့ နည်းပါးကြပါတယ်။ စားဖိုဆောင် တစ်ခုကနေ ချက်ပြုတ်ဖန်တီးလိုက်တဲ့ အစားအသောက် ဟင်းလျာတွေဟာ နေအိမ် တစ်အိမ်လုံးက မိသားစုဝင်တွေ ဗိုက်ပြည့်ရုံတင် မဟုတ်ပါဘူး၊ ကျန်းမာကြံ့ခိုင်ပြီး အာဟာရ ပြည့်ဝနေစေဖို့လည်း အထောက်အကူ ပြုပါတယ်။

    ဒီလို အာဟာရဓာတ်တွေ ပြည့်ဝပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဟင်းလျာတွေကို ဖန်တီးနိုင်ဖို့ဆိုရင် စတင် ဆေးကြောချိန်ကနေစတင်ပြီး ဂရုတစိုက် သန့်စင်ဆေးကြောပေးဖို့က အလွန်ကို အရေးကြီးလှပါတယ်။

    အစာအဆိပ်သင့်တာကို ကာကွယ်နိုင်စေဖို့၊ မသန့်ရှင်းတဲ့ ပိုးမွှားတွေ ကပ်ငြိလာတာကို ရှင်းလင်းနိုင်စေဖို့၊ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေရဲ့ အာဟာရဓာတ်တွေကို အလေအလွင့် နည်းပါးအောင် ထိမ်းသိမ်းထားနိုင်စေဖို့ ဆိုရင် မှန်ကန်တဲ့ နည်းလမ်းတွေနဲ့ ပြောင်စင်အောင် ဆေးကြောသန့်စင် ပေးရမှာပါ။

    စားဖိုဆောင်တွေကို ကွပ်ကဲနေရတဲ့ ကိုကို၊ မမ၊ ဦးဦး၊ ဒေါ်ဒေါ်တွေနဲ့ ဟင်းချက်ဝါသနာရှင်တွေဟာ ဟင်းသီးဟင်းရွက်တွေကို ဆေးကြောရာမှာ ပျက်ဆီးနွမ်းကြေသွားတဲ့အထိ အလွန်အမင်း ပြင်းပြင်းထန်ထန် ကိုင်တွယ် ဆေးကြောတာမျိုး၊ ခုတ်ထစ် ခူးခြွေပြီးမှ ဆေးကြောတာမျိုးတွေ အများဆုံး ပြုလုပ်တတ်ကြပါတယ်။

    တကယ်တော့ အဆိုပါနည်းလမ်းတွေဟာ မှားယွင်းပြီး ဟင်းလျာ မချက်ပြုတ်ခင်မှာတင် အသီးအနှံတွေမှာပါရှိတဲ့ အာဟာရဓာတ် အတော်များများကို ဆုံးရှုံးသွားစေတတ်ပါတယ်။

    ဒါကြောင့် အပူချိန်ပြင်းပြင်းနဲ့ ဟင်းအဖြစ် ချက်ပြုတ်ပြီးချိန်မှာတော့ အဆိုပါဟင်းပွဲမှာရှိသင့်တဲ့ အာဟာရဓာတ် အများစုဟာ ပျက်ဆီးဆုံးရှုံးတဲ့ အခြေအနေမျိုးကို ရောက်ရှိနေပါပြီ။ ဒီလိုမျိုး မဖြစ်စေဖို့ဆိုရင် အစားအစာ မပြင်ဆင်၊ မချက်ပြုတ်မှီမှာ ဟင်းသီးဟင်းရွက်တွေကို နည်းမှန်လမ်းမှန်နဲ့ ဆေးကြောသန့်စင်ပေးဖို့ လိုအပ်မှာဖြစ်ပြီး အဆိုပါ နည်းလမ်းလေးတွေကို မျှဝေပေးပါရစေ။

    မှန်ကန်တဲ့ ဟင်းသီးဟင်းရွက် ဆေးကြောမှု နည်းလမ်း

  • ဟင်းသီးဟင်းရွက်တွေကို မဆေးခင်မှာ မိမိရဲ့လက်ကို ရေနွေး၊ ဆပ်ပြာတွေနဲ့ သေချာ သန့်စင်ဆေးကြောရပါမယ်။
  • ဟင်းသီးဟင်းရွက်တွေကို ဆေးကျောပြီးချိန်မှာလည်း မိမိရဲ့လက်ကို ရေနွေး၊ ဆပ်ပြာတွေနဲ့ သေချာ ပြန်လည် သန့်စင်ဆေးကြောပေးရပါမယ်။
  • ဟင်းသီးဟင်းရွက်တွေကို မလှီးဖြတ်ခင်၊ မခုတ်ခင်၊ မခွာခင်၊ မချွေခင်မှာ ရေအရင်ဆေးရမှာဖြစ်ပါတယ်။ ဒါမှမသာ အညစ်အကြေးတွေနဲ့ ဘက်တီးရီးယားတွေဟာ ဓားနဲ့ မိမိလက်တွေကို မကပ်ငြိနိုင်မှာဖြစ်သလို တခြား ပစ္စည်းတွေဆီကိုလည်း မရောက်နိုင်တော့မှာပါ။
  • ဟင်းသီးဟင်းရွက်တွေကို သန့်စင်တဲ့ ရေထည့်ထားတဲ့ ဇလုံထဲကို ညင်ညင်သာသာထည့်ပြီး အရွက်၊ အရိုး၊ အခွံနဲ့ မျက်နှာပြင်တွေကို ပွတ်ဆေးနိုင်ပါတယ်။
  • အာလူး၊ သခွားသီး၊ ဖရဲသီးနဲ့ ကန်စွန်းဥတို့လို တစ်ချို့သော အသီးအနှံတွေဟာ ဘရွတ် ဒါမှမဟုတ် သွားပွတ်တံလေးနဲ့ ပွတ်တိုက်ဆေးကြောပေးဖို့ လိုအပ်ပါတယ်။
  • ဆေးကြောပြီးတဲ့ ဟင်းသီးဟင်းရွက်တွေကို ခြောက်သွေ့အောင် ခနရေစစ်ထားဖို့ လိုအပ်ပါတယ်။ မြန်ချင်ရင်တော့ သန့်စင်တဲ့ အဝတ်စ ဒါမှမဟုတ် မီးဖိုချောင်သုံး Paper Towel တစ်ရှူးအထူကြီးတွေနဲ့ သုတ်ပြီး သန့်စင်ပေးလို့ရပါတယ်။ ဒီလိုလုပ်ပေးခြင်းအားဖြင့် လက်ကျန် ဘက်တီးရီးယားတွေနဲ့ အညစ်အကြေးတွေကို ထပ်မံ သန့်စင်ပေးနိုင်ပါလိမ့်မယ်။
  • ယခုဖော်ပြခဲ့တဲ့ နည်းလမ်းတွေကို အသုံးပြုပြီး ဟင်းသီးဟင်းရွက်တွေကို ဆေးကြောသန့်စင်မယ်ဆိုရင် အာဟာရဓာတ် ဆုံးရှုံးမှု အလွန်နည်းပါးမှာဖြစ်သလို အညစ်အကြေးတွေနဲ့ ဘက်တီးရီးယားပိုးမွှားတွေကိုလည်း သန့်စင်နိုင်မှာဖြစ်ပါတယ်။ လတ်ဆတ်သန့်စင်တဲ့ အသီးအရွက်တွေကို အသုံးပြုချက်ပြုတ်ထားတာမို့ ဟင်းလျာလေးတွေဟာလည်း အရသာပြည့်စုံပြီး ကျန်းမာရေးနဲ့ ညီညွတ်နေမှာဖြစ်ပါတယ်။

    Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Ye Zon Aung မှ ရေးသားသည်။ · 20/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement