backup og meta

အထွက်နှုန်းတိုးတာ စိတ်ပူရသလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 20/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အထွက်နှုန်းတိုးတာ စိတ်ပူရသလား

    အထွက်နှုန်းတိုးတာ စိတ်ပူရသလား ။ ခေါင်းစဉ်ကြည့်ပြီး စိုက်ပျိုးရေးအကြောင်းလို့ မထင်ပါနဲ့။ အခုပြောမယ့် အထွက်နှုန်းတိုးတယ်ဆိုတာ အမျိုးသားတွေမှာ သုက်ရည်ပုံမှန်ထက်ပိုထွက်တဲ့ အခြေအနေကို ပြောချင်တာပါ။ ရောဂါတစ်ခုမဟုတ်ပေမဲ့ စိတ်ဝင်စားစရာကျန်းမာရေးကိစ္စတစ်ခုဖြစ်ပါတယ်။

    အမျိုးသားတွေအာသာဖြေတဲ့အခါ အမျိုးသားအင်္ဂါ(လိင်တံ) ကနေ သုက်ရည်ထွက်ပါတယ်။ သုက်ရည်ထဲမှာ မျိုးပွားဖို့လိုအပ်တဲ့ သုက်ကောင်တွေပါဝင်သလို ဆီးကျိတ်ကထွက်တဲ့ အရည်တချို့လည်း ပါဝင်ပါတယ်။ Hyperspermia ဖြစ်တဲ့အမျိုးသားတွေမှာ သုက်ရည်က ပုံမှန်ထက်ပိုထွက်တတ်ပါတယ်။ တစ်ခုရှိတာက hyperspermia ဖြစ်ရင် သုက်ရည်ပဲပမာဏများတာဖြစ်ပြီး သုက်ရည်ထဲမှာပါတဲ့ သုက်ကောင်ပမာဏကတော့ အပြောင်းအလဲရှိချင်မှ ရှိမှာပါ။ ဒါ့ကြောင့် hyperspermia ဖြစ်လည်း ကိုယ့်ရဲ့ မျိုးပွားနိုင်စွမ်း ထိခိုက်မှုရှိချင်မှရှိ မှာဖြစ်လို့ ရောဂါလို့ မသတ်မှတ်တာဖြစ်ပါတယ်။

    Hyperspermia ရဲ့လက္ခဏာကတော့ ရှင်းပါတယ်။ အာသာဖြေတဲ့အချိန်မှာ ပုံမှန်ထက်သုက်ရည်များများထွက်တာက အဓိကလက္ခဏာပါပဲ။ ဘယ်လောက်ထိများသလဲဆိုတာကိုတော့ အတိအကျပြောရခက်ပါတယ်။ လူမျိုး တစ်မျိုးချင်းစီလိုက်ပြီး ကွဲပြားနိုင်သလို အသက်အရွယ်ပေါ်လိုက်ပြီးလည်း မတူညီနိုင်ပါဘူး။

    ယေဘုယျအားဖြင့်တော့ ထွက်လာတဲ့ သုက်ရည်ပမာဏ ၆ မီလီလီတာကနေ ၆.၅ မီလီလီတာ အတွင်းရှိမယ် (ဒါမှမဟုတ်) ဒီထက်များနေမယ်ဆိုရင် hyperspermia လို့သတ်မှတ်နိုင်ပါတယ်။ Hyperspermia ရှိတဲ့တချို့အမျိုးသားတွေက တခြားအမျိုးသားတွေထက် လိင်ကိစ္စကိုပိုပြီးစိတ်ပါတယ်လို့လည်း ဆိုကြပါတယ်။

    Hyperspermia ကြောင့် မျိုးပွားနိုင်စွမ်းအပေါ်ထိခိုက်မှုရှိမရှိကိုတော့ အခုချိန်ထိ လေ့လာဆဲဖြစ်ပါတယ်။ သုက်ရည်ပမာဏအများကြီးထွက်ပေမဲ့ ပါဝင်တဲ့သုက်ကောင်ရည်ကပုံမှန်ထက်နည်းနေခဲ့ရင် သုက်ရည်ထဲမှာပါဝင်လာမယ့် သုက်ကောင်ရည်ကျဲသွားမှာပါ။ သုက်ကောင်ရည်နည်းတာကြောင့် အမျိုးသမီးရဲ့မျိုးဥနဲ့ပေါင်းဖို့ အခွင့်အလမ်းလည်း နည်းသွားပါတယ်။ ဒါ့ကြောင့် ကလေးရဖို့တခြားသူတွေထက် အချိန်ပိုကြာကြာ ကြိုးစားရနိုင်ပါတယ်။

    Hyperspermia ရှိပေမဲ့ သုက်ကောင်ရည်ပုံမှန်အတိုင်းထွက်နေမယ်ဆိုရင်တော့ ကလေးယူဖို့အတွက် ဘာပြဿနာမှ မရှိပါဘူး။

    ရောဂါတစ်ခုမဟုတ်တာကြောင့် သုက်ရည်အများကြီးထွက်တာက အရေးပေါ်ဆရာဝန်ပြရမယ့် ကိစ္စတစ်ခုမဟုတ်ပါဘူး။ ဒါပေမဲ့ ကိုယ်က တခြားဘာရောဂါမှမရှိဘူး၊ ကလေးယူဖို့ကြိုးစားနေတာ တစ်နှစ်လောက်ရှိနေပြီး မထူးခြားသေးဘူးဆိုရင်တော့ ဆရာဝန်နဲ့တိုင်ပင်ကြည့်ပါ။ ဆရာဝန်အနေနဲ့ အောက်ပါနည်းလမ်းတွေ လုပ်ဖို့ ညွှန်ကြားနိုင်ပါတယ်

    • Semen analysis

    သုက်ရည်နမူနာယူပြီး ဓာတ်ခွဲစမ်းသပ်ပေးတာဖြစ်ပါတယ်။ စမ်းသပ်ရမယ့် အမျိုးသားအနေနဲ့ လိင်ဆက်ဆံပြီးချိန်မှာ ခွက်တစ်ခုထဲကို သုက်ရည်လွှတ်တာ ဒါမှမဟုတ် မိမိဖာသာအာသာဖြေပြီး သုက်ရည်ကို ခွက်တစ်ခုနဲ့စုဆောင်းရပါမယ်။ ရ

    လာတဲ့သုက်ရည်နမူနာကို ဓာတ်ခွဲခန်းပို့ပြီး စစ်ဆေးရပါတယ်။ ကိုယ့်ရဲ့သုက်ကောင်ရည်ပမာဏ၊ သုက်ကောင်တွေအခြေအနေနဲ့ လှုပ်ရှားမှု တွေကို အသေးစိတ်သိနိုင်တာမို့ အများကြီးအထောက်အကူဖြစ်ပါတယ်

    အမျိုးသားခန္ဓာကိုယ်က သုက်ကောင်ထုတ်လုပ်ဖို့အတွက် testosterone (ကျားဟော်မုန်း) နဲ့ တခြားဟော်မုန်းတွေလိုပါတယ်။ ကျားဟော်မုန်းပမာဏပုံမှန်ထက်နည်းနေရင်လည်း ယောကျ်ားတစ်ယောက် ရဲ့ မျိုးပွားနိုင်စွမ်းကိုထိခိုက်စေပါတယ်

    • Imaging

    တစ်ခါတစ်လေကျတော့လည်း ခန္ဓာကိုယ်တည်ဆောက်ပုံမှာ လွဲချော်မှု (ဒါမှမဟုတ်) ချို့ယွင်းချက် လေးတစ်ခုရှိနေတဲ့အတွက် မျိုးပွားနိုင်စွမ်းကျဆင်းသွားတတ်ပါတယ်။ ဒီလိုအခြေအနေမျိုးကို တယ်လီဗေးရှင်းဓာတ်မှန်ရိုက်ပြီး အမျိုးသားရဲ့ ဝှေးစေ့နဲ့ တခြားအင်္ဂါတွေကို ကြည့်ရှုပြီး စစ်ဆေးနိုင်ပါတယ်

    အထွက်နှုန်းတိုးတာ (Hyperspermia) ဆိုတာရောဂါတစ်ခုမဟုတ်တာကြောင့် ကုသဖို့မလိုအပ်ပါဘူး။ ဖြစ်တဲ့သူလည်း ရှားပါတယ်။ အဓိကကတော့ ကလေးယူဖို့ ကြိုးစားနေတဲ့အမျိုးသားတွေပဲ ပိုသတိထားသင့်ပါတယ်။

    အသက်လည်း ငယ်သေးတယ်၊ ကလေးယူဖို့ ကြိုးစားနေတာ တစ်နှစ်လောက်ကြာနေတယ်ဆိုရင်တော့ အပေါ်မှာပြောသလို သားဖွားမီးယပ်အထူးကု ဆရာဝန်နဲ့ပြသပြီး စမ်းသပ်မှုတွေ ခံယူသင့်ပါတယ်။

    သဘာဝအတိုင်းကလေးယူဖို့ ခက်ခဲနေမယ်ဆိုရင် ဖန်ပြွန်သန္ဓေသားနည်း (ဒါမှမဟုတ်) သားအိမ်ထဲသုက်ကောင်တစ်ခါတည်း ထည့်သွင်းပေးတဲ့နည်းတွေထဲက ကိုယ့်အတွက်အဆင်ပြေစေမဲ့ မျိုးဆက်ပွားနည်းလမ်းကို ရွေးချယ်သုံးစွဲပြီး ကလေးယူဖို့ ကြိုးစားနိုင်ကြောင်းပြောကြားလိုက်ရပါတယ်။

    ရေးသားသူ – Dr.Htoo Tint

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 20/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement