ကမျဉ်းနီကောင် ကိုက်ခံရပြီးနောက်


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 09/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကမျဉ်းနီကောင် ကိုက်ခံရပြီးနောက်

    ကမျဉ်းနီကောင် ဆိုတာ အကောင်သေးသေးလေးတွေပါ။ အကောင်သေးသေး အဆိပ်ပြင်းပြင်းပေါ့။ သူတို့က လူကို ကိုက်လိုက်ရင် Orientia tsusugamushi လို့ ခေါ်တဲ့ ဘက်တီးရီးယား ကူးစက်ခံရပြီး လူကို ဒုက္ခပေးတာပါ။ သူ့ကြောင့်ဖြစ်တဲ့ရောဂါကိုတော့ scrub typhus လို့ ခေါ်ပါတယ်။ ဒီကမျဉ်းနီကောင်လေးတွေက ချုံပုတ်တို့၊ မြက်ခင်းပြင်တို့ စတဲ့ အုပ်အုပ်ဆိုင်းဆိုင်း နေရာတွေမှာ အတွေ့ရများပါတယ်။ ဒါကြောင့် ကိုယ်အလုပ်လုပ်တာက ဒီလို အပင်တွေ၊ ချုံတွေနဲ့ ဆက်နွယ်နေရင် ဒါမှမဟုတ် ခရီးသွားရင်းနဲ့ အပင်တွေနားကပ်ပြီး ဓာတ်ပုံရိုက်တော့မယ်ဆိုရင် ဒါလေးကို သတိထားပေးပါ။ မြန်မာနိုင်ငံဟာ scrub typhus triangle လို့ ခေါ်တဲ့ အဖြစ်များဆုံး ရွှေတြိဂံဒေသတွေရဲ့ အလယ်မှာ ရှိနေတာပါ။ အဖြစ်များပါတယ်။ အထူးသဖြင့် စက်တင်ဘာ၊ အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ စတဲ့ ဘာလေးဘာ လတွေမှာ အထူးသတိထားပါ။

    ခံစားရတဲ့ လက္ခဏာတွေ

    လက္ခဏာတွေကတော့ အကောင်ကိုက်ခံရပြီး ၁၀ရက်လောက်နေရင် စပြပါတယ်။

    • အနာဖေးတက်သလို အနာမည်းမည်းလေး ရှိပါတယ်။ ဒါကို escharလို့ ခေါ်ပါတယ်။ ဒါတွေ့ရင် scrub typhus ဖြစ်ဖို့ သေချာသလောက်ပါပဲ။eschar
    • ဖျားပါတယ်။ အဖျား ၁၀၂လောက်ထိတက်ပါတယ်။
    • တော်တော်နုံးပါတယ်။ သာမန်လူဖျားရင် ဘေးက လူတွေဝိုင်းတွဲရလောက်ထိ ဖျားခဲပါတယ်။ scrub typhusမှာ ဖျားတဲ့လူနာကို ဆေးခန်းထဲလာဖို့ ဘေးလူက ဝိုင်းတွဲရလောက်တဲ့ထိ ဖျားပါတယ်။
    • ကိုယ်တွေလက်တွေ ကိုက်မယ်။
    • ပြန်ရည်ကျိတ်တွေ ကြီးမယ်။ နာမယ်။
    • အနီစက်တွေ ထွက်မယ်။
    • သိပ်ဆိုးရင် သတိမကောင်းတော့ဘူး စတာတွေ ဖြစ်တတ်ပါတယ်။

    scrub typhusက ရောဂါကို အချိန်မီသိရင် ကုရလွယ်ပါတယ်။ မသိရင်တော့ လူနာက ဘာဖြစ်မှန်းမသိ သိပ်ကို ခံစားရပါတယ်။ နောက်ပြီး သေတတ်ပါတယ်။ ၃၀ရာခိုင်နှုန်းလောက်က အချိန်မီမကုနိုင်ဘူးဆို နောက်ဆက်တွဲ ရောဂါတွေ ဝင်ပြီး အသက်ဆုံးရှုံးတတ်ပါတယ်။ နောက်ဆက်တွဲတွေကတော့

    • အသည်းရောင်တာ
    • အစာအိမ်နဲ့ အူလမ်းကြောင်းမှာ သွေးယိုတာ
    • သွေးလန့်ပြီး ရှော့ရတာ စတာတွေပဲ ဖြစ်ပါတယ်။

    ရောဂါရှိမှန်း ဘယ်လိုသိနိုင်မလဲ။

    သူ့ရဲ့ လက္ခဏာက တခြားရောဂါရဲ့ လက္ခဏာတွေနဲ့ ဆင်တူနေတဲ့အတွက် ခွဲရခက်ပါတယ်။ သွေးလွန်တုပ်ကွေးတို့၊ ငှက်ဖျားတို့နဲ့ မှားတတ်ပါတယ်။ ဒါကြောင့် သူ့ရဲ့ အဓိက ထင်ရှားတဲ့ လက္ခဏာဖြစ်တဲ့ eschar လို့ ခေါ်တဲ့ အနာကို တစ်ကိုယ်လုံးမှာ နှံ့နှံ့စပ်စပ် လိုက်ရှာရခြင်း ဖြစ်ပါတယ်။ ဒါကို နားလည်ပေးစေချင်ပါတယ်။ ဒီအနာက တစ်ခါတစ်လေ လူမြင်မလွယ်တဲ့ နေရာ ( ဥပမာ – နှုတ်ခမ်းအတွင်းပိုင်း၊ ကပ္ပာယ်အိတ် ) တွေမှာ ရှိနေတတ်ပါတယ်။ ဒါကြောင့် scrub typhus လို့ ထင်ရင် ဒီအနာကို လိုက်ရှာရတာပါ။ အနာလည်းတွေ့ပြီ။ တခြားဆေးစစ်ဆေးချက်တွေနဲ့လည်း ကိုက်ညီတယ်ဆိုရင် scrub typhusလို့ သတ်မှတ်ပြီး ကုသလို့ရပါပြီ။ ကုသနည်းကတော့ ဘက်တီးရီးယားကြောင့် ဖြစ်တာမို့လို့ ပိုးသတ်ဆေးပေးပြီး ကုလို့ရပါတယ်။

    ဘယ်လိုကာကွယ်ကြမလဲ။

    ခုထက်ထိတော့ scrub typhusကို ကာကွယ်နိုင်တဲ့ ကာကွယ်ဆေး မရှိသေးပါဘူး။ ဒါကြောင့် ကမျဉ်းနီကောင် အကိုက်မခံရအောင် နေဖို့ပဲ ရှိပါတယ်။ ချုံတွေ၊ အပင်တွေ ပေါတဲ့နေရာကို သွားတဲ့အခါ ကမျဉ်းနီကောင်တွေကို သတိထားပါ။ ဒါ့ပြင်

    • ကမျဉ်းနီကောင်ပေါတဲ့ နေရာကိုသွားတဲ့အခါ တတ်နိုင်သမျှ လုံလုံခြုံခြုံ ဝတ်ပါ။ DEETပါတဲ့ လိမ်းဆေးလေးတွေရှိရင် အပြင်မသွားခင်ကြိုလိမ်းပါ။
    • ကလေးတွေကိုလည်း အပြင်ခေါ်သွားမယ်ဆို လုံလုံခြုံခြုံ ဝတ်ပေးပါ။ ကလေးလက်ထဲကို DEETပါတဲ့ လိမ်းဆေးကို တိုက်ရိုက်မထည့်ပါနဲ့။ ကလေးက ပါးစပ်ထဲထည့်မိရင် အန္တရာယ်ရှိပါတယ်။ လူကြီးလက်မှာ အရင်ထည့်ပြီးမှ ကလေးကိုယ်ကို ပြန်လိမ်းပေးပါ။
    • နောက်ပြီး ဝတ်သွားမယ့် အဝတ်အစားတွေ၊ ဦးထုပ်တွေ၊ ဖိနပ်တွေကို permethrin နဲ့ စိမ်ထားမယ်ဆိုရင် ကမျဉ်းနီကောင်တွေ မကပ်နိုင်ပါဘူး။ ဒီဆေးက လူကိုယ်ပေါ်တော့ တိုက်ရိုက်လိမ်းလို့မရပါဘူး။

    ဒီလိုနည်းလမ်းတွေကို သုံးမယ်ဆိုရင်တော့ ကမျဉ်းနီအကိုက်မခံရအောင် အထိုက်အလျောက် ကာကွယ်နိုင်မှာပါ။

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 09/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement
    advertisement
    advertisement
    advertisement