backup og meta

အဖျား ပိုမဆိုးအောင် ဆင်ခြင်သင့်တဲ့ အချက်များ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 13/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အဖျား ပိုမဆိုးအောင် ဆင်ခြင်သင့်တဲ့ အချက်များ

    အအေးမိ၊ တုပ်ကွေးရာသီ လို့တောင် ခေါ်ကြတဲ့ မိုးရာသီမှာ ကိုယ်ခံအားနည်းသူတွေ အဖို့ နှာစေး၊ ‌ချောင်းဆိုးနဲ့ မကင်းနိုင်ရှာပါဘူး။ ထစ်ခနဲဆို ဟက်ချိုး ပဲ။ အဲဒီမှာ ပြဿနာ စတော့တာ မဟုတ်လား။ အအေးမိတုပ်ကွေး ဗိုင်းရပ်စ်တွေ ရဲ့ လက္ခဏာ အတိမ်အနက်နဲ့ ဘယ်အချိန် သက်သာ ပျောက်ကင်းမလဲ ဆိုတာက ကာယကံရှင်ရဲ့ ကိုယ်ခံအားစနစ်မှာ အဓိက မူတည်နေတာပါ။ ဥပမာ တချို့ဆို ဖျားတဲ့အဆင့်ထိ မရောက်ဘဲ နှာစေးတဲ့ အဆင့် မှာတင် ပြန်သက်သာသွားတာမျိုး၊ တချို့ကျ နှာစေး၊ ချောင်းဆိုးလည်ချောင်းနာ၊ ကိုယ်ပူတာ အတော်ကြာကြာ ခံစားရတတ်ပါတယ်။ ဒါကြောင့် အဖျား ပိုမဆိုးအောင် ဆင်ခြင်သင့်တဲ့ အချက်များ အကြောင်းကို လေ့လာလိုက်ရအောင်။

    အဖျား ပိုမဆိုးအောင် ဆင်ခြင်သင့်တဲ့ အချက်များ

    ကိုယ်ခံအား ကောင်းရင် တော်ရုံ နေမကောင်းမဖြစ်ဘူးဆိုပေမယ့် အခန့်မသင့်လို့ ဖျားနာတဲ့ အခါတောင် ဆင်ခြင်နေထိုင်တတ်မယ် ဆိုရင် အဖျား မြန်မြန် သက်သာစေနိုင်ပါတယ်။ အဖျား ပိုမဆိုးအောင် ဆင်ခြင်သင့်တဲ့ အချက်များ ကတော့

    (၁) မလိုအပ်ဘဲ ထူထူ မဝတ်ပါနဲ့

    ရာသီဥတု အေးလို့၊ ချမ်းတုန်နေလို့ ဆို ထားတော့။ လိုအပ်ရင် အနွေးထည်ဝတ်၊ စောင်ခြုံလို့ ရတာပဲကို။ အဝတ်အစားကို ထူထူဝတ်ဖို့ မလိုပါဘူး။ ဖျားနေချိန်မှာ အဝတ်အစားကို ပေါ့ပေါ့ပါးပါး ချည်သားပါတာ ဝတ်ဆင်သင့်တယ်။

    လေဝင်လေထွက် ကောင်းဖို့၊ ချွေးစုပ်ဖို့၊ အိုက်လှောင်မနေဖို့ ဖြစ်ပါတယ်။ အဝတ်ထူထူ ဝတ်ထားရာက ချွေးထွက်များပြီး ကိုယ်အပူချိန် ထိုးကျတဲ့အခါ ဆိုးကျိုး ရှိလာနိုင်ပါတယ်။

    (၂) အစာ မစားဘဲ မနေပါနဲ့

    တချို့က နေမကောင်းတဲ့အချိန် အစားစားရင် အဖျားပိုတက်တယ် လို့ အစွဲရှိကြပါတယ်။ ဆန်ပြုတ်အရည်ပဲ သောက်ရမယ်၊ ထမင်းမစားရဘူး ဆိုပြီး ကန့်သတ်ထားကြပါသေးတယ်။ တကယ်တမ်းက အစာကြေလွယ်စေမယ့် အစားအစာ ဆိုရင် အရည်ဖြစ်ဖြစ်၊ အဖတ်ဖြစ်ဖြစ် ရပါတယ်။

    နေမကောင်းတဲ့ အချိန်မှာ ခန္ဓာကိုယ်က အာဟာရ ပြည့်ဝနေဖို့ ပိုပြီးတောင် လိုအပ်ပါတယ်။ အဲဒီအချိန်မှာ အစားရှောင်ပြီး အားနည်းလာမယ် ဆိုရင် ကိုယ်ခံအားကို ထိခိုက်စေပြီး ရောဂါကို ခုခံနိုင်စွမ်း ပိုနည်းစေပါလိမ့်မယ်။

    (၃) မနားဘဲ မနေပါနဲ့

    နေမကောင်းတဲ့ အချိန်မှာ အနားမယူဘဲ အလုပ်တွေ ဆက်လုပ်တာ၊ အပင်ပန်းခံတာတွေ မလုပ်သင့်ပါဘူး။ ရောဂါဒဏ် ကို ခုခံနိုင်ဖို့ အားပြန်မွေးရပါမယ်။ နားနားနေနေ နေမှသာ ကိုယ်ခံအားစနစ် ရဲ့ လုပ်ဆောင်ချက်တွေ ပိုကောင်းစေပါလိမ့်မယ်။

    (၄) အိပ်ရေးဝအောင် အိပ်ပါ

    နေမကောင်းရတဲ့ အထဲ အိပ်ရေးပျက်ခံမယ် ဆိုရင် ကိုယ်ခံအား ပိုနည်းပြီး တခြားရောဂါတွေပါ ဝင်လာနိုင်ပါတယ်။ ပြည့်ပြည့်ဝဝအိပ်စက်ခြင်းက ကိုယ်ခံအားစနစ်ရဲ့ကြံ့ခိုင်မှုအတွက် အဓိကသော့ချက်ပါ။

    ဒါမှ ခန္ဓာကိုယ်က ရောဂါပိုးမွှားတွေကို ခုခံတိုက်ဖျက်နိုင်မှာ ဖြစ်ပါတယ်။ သုတေသနတစ်ခု အရ ဆိုရင် တစ်ညကို အိပ်ချိန် ၇ နာရီမပြည့်တဲ့သူတွေဟာ အအေးမိဝေဒနာ ခံစားရနိုင်ခြေမှာ ထိပ်ဆုံးကနေ ၃ ဆ ပိုများနေတယ် လို့ ဆိုပါတယ်။

    (၅) ရေ သို့မဟုတ် အရည် သောက်ပါ

    ကိုယ့်ကိုယ်ကိုယ် ရေဓာတ် ပြည့်ဝအောင် ဂရုမစိုက်ရင် ရောဂါဝေဒနာကို ပိုဆိုးစေနိုင်ပါတယ်။ နေမကောင်းဖြစ်ချိန်မှာ ကိုယ်ပူခြင်း၊ နှာရည်ယိုခြင်း၊ ဆေးတွေကြောင့် အာခေါင်ခြောက်ခြင်း၊ ချွဲသလိပ်တွေ ထွက်ခြင်းတို့ကြောင့် ခြောက်ခန်းသွားတဲ့ အရည်ဓာတ်ကို ပြန်လည် ဖြည့်တင်းပေးရပါမယ်။ ရေ သို့မဟုတ် အရည် (ဥပမာ ကြက်စွပ်ပြုတ်) များများ သောက်ပေးပါ။

    (၆) စပ်ဆေး တွေ အလွယ်မသောက်ပါနဲ့

    နေမကောင်းဖြစ်ချင်သလိုလို ရှိလာတာနဲ့ ဖြစ်သလို စပ်ဆေး ဝယ်သောက်လိုက်တာ နည်းလမ်းကောင်း မဟုတ်ပါဘူး။ စပ်ဆေး တွေမှာ ပဋိဇီဝပိုးသတ်ဆေးတွေ၊ အကိုက်အခဲပျောက်ဆေးတွေနဲ့ ဆရာဝန်ညွှန်ကြားချက်မပါဘဲ မသောက်သင့်တဲ့ဆေးတွေ ပါဝင်နေတတ်လို့ ပါပဲ။

    ထစ်ခနဲရှိ ပဋိဇီဝပိုးသတ်ဆေးတွေ သောက်ဖို့ လောနေတာ မကောင်းပါဘူး။ ပဋိဇီဝပိုးသတ်ဆေး ဆိုတာ ဘက်တီးရီးယား ကိုပဲ သေစေတာ ဖြစ်ပြီး အအေးမိတုပ်ကွေး ရောဂါပိုးတွေက ဗိုင်းရပ်စ်တွေကြောင့် ဖြစ်တာပါ။

    ပဋိဇီဝဆေးဝါး တွေကို မလိုအပ်ဘဲ ပိုသောက်သုံးရင် ဘေးထွက်ဆိုးကျိုး ခံစားရတာပဲ အဖတ်တင်နိုင်ပြီး အခန့်မသင့်ရင် ဆေးယဉ်ပါးတဲ့ အနေအထားပါ ဖြစ်စေနိုင်ပါတယ်။ ဘက်တီးရီးယားပိုး တွေသာ ဆေးယဉ်ပါးလာခဲ့ရင် ပဋိဇီဝဆေးတွေ ဘယ်လောက် သောက်သောက် သူတို့ကို မနှိမ်နင်းနိုင်တော့ပါဘူး။

    # အအေးမိဖျားနာ နောက်ဆက်တွဲ မပေါ့ဆသင့်ပါ

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 13/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement