- နဂိုကျန်းမာရေး မကောင်းတာကြောင့်
လိင်တံမထောင်မတ်တာက ရောဂါဆိုတာထက် လက္ခဏာလို့ ပြောရင်ပိုမှန်ပါတယ်။ လိင်တံမထောင်မတ်နိုင်တဲ့ အမျိုးသားတွေမျာ ရောဂါက လိင်တံမှာ ရှိနေတာ မဟုတ်ပါဘူး။ တခြားအကြောင်းရင်းကြောင့်သာ လိင်တံမထောင်မတ်နိုင်တာပါ။ ဥပမာ နဂိုတည်းက အဝလွန်တယ်။ ဆေးလိပ်လည်း သောက်တယ်၊ သွေးကြောတွေကလည်း ကောင်းလှတယ်တော့ မဟုတ်ဘူး။
ဒီလိုအချက်တွေ ရှိနေတဲ့အတွက် သူများထက်လည်း ကိုဗစ်ကူးလွယ်တယ်။ ကူးခဲ့ပြီးပြန်တော့လည်း ဒီအချက်တွေကြောင့်ပဲ လိင်တံမထောင်မတ်နိုင်တာက ပိုဆိုးပြီး လက္ခဏာတွေ ပြလာတာမျိုး ဖြစ်နိုင်ပါတယ်။
ပြန်ကောင်းလာပါ့မလား။
ခုထက်ထိတော့ ဒါက ယာယီပဲလား၊ တစ်သက်လုံး ဖြစ်သွားမှာလား၊ မျိုးအောင်နိုင်စွမ်းကို ထိခိုက်နိုင်မှာလားဆိုတာ ပြောဖို့က စောနေပါသေးတယ်။ လူနာတွေကို ဆက်စောင့်ကြည့်ပြီး လေ့လာချက်တွေ ဆက်လုပ်ရဦးမှာပါ။
အသက်ကလည်း စကားပြောပါသေးတယ်။ အသက်ကြီးတဲ့သူတွေက နဂိုတည်းက လိင်တံထောင်မတ်နိုင်စွမ်းကျလာတဲ့အပြင် ကိုဗစ်ကူးနိုင်ခြေကလည်း ပိုများနေတော့ ကိုဗစ်ကြောင့်လား၊ အသက်ကြောင့်လား ကွဲကွဲပြားပြား သိဖို့ လေ့လာရဦးမှာပါ။
လိင်တံမထောင်မတ်နိုင်တာ တစ်ကိုယ်လုံးရဲ့ ကျန်းမာရေးကို ကိုယ်စားပြုနေတာ ဖြစ်တဲ့အတွက် မထောင်တိုင်း ကိုဗစ်ပါလို့ စွပ်စွဲဖို့ရာ ခက်ပါတယ်။ နဂိုက သန်သန်မာမာ လူငယ်တစ်ယောက်၊ ကျန်းမာရေးလည်း ကောင်းတယ်။ ကိုဗစ်ဖြစ်ပြီးမှ ရုတ်တရက် လိင်တံမထောင်မတ်နိုင်တော့ဘူးဆိုရင်တော့ တစ်မျိုးပေါ့။
အရင်ကတော့ ကိုဗစ်က ဘယ်လိုဖြစ်လဲ၊ ဘယ်လိုကူးလဲဆိုတာကို လေ့လာနေရာက ခုဆိုရင် ကိုဗစ်ရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို လေ့လာတဲ့ အခြေအနေ ဖြစ်နေပါပြီ။ ဗိုင်းရပ်စ်ကြောင့် နှလုံး၊ အဆုတ်၊ ဦးနှောက်၊ ကျောက်ကပ် စတဲ့ ကိုယ်တွင်းအင်္ဂါတွေမှာ ဘာတွေ ထိခိုက်နိုင်သလဲဆိုတာအပြင် ခုအမျိုးသားတွေရဲ့ မျိုးပွားစနစ်ကို ပျက်စီးစေနိုင်လာဆိုတာပါ လေ့လာနေရပါပြီ။
ကိုဗစ်ဖြစ်ပြီးပေမယ့် ကိုဗစ်ရဲ့ နောက်ဆက်တွဲ လက္ခဏာတွေကို လနဲ့ချီ ခံစားနေရတဲ့ ‘long haulers’တွေလည်း ဒုနဲ့ ဒေးပါပဲ။
ဒါကြောင့် အမျိုးသားတွေ အနေနဲ့ သေမှာမကြောက်လို့ ပေတစ်ရာ လျှောက်တာ ပြဿနာ မရှိပေမယ့် လိင်တံမထောင်မတ်နိုင်တာကိုတော့ စိုးရိမ်ပါ။ မပြေးသော်လည်း ကန်ရာရှိ ကိုဗစ်ပြန်ကောင်းခဲ့ရင်တောင် ‘ထောင်ထောင်၊ ထောင်ထောင်’ မနေနိုင်မှာကို တွေးကြောက်ပြီး အနေအထိုင်ဆင်ခြင်ကြဖို့ အကြံပြုလိုပါတယ်။