backup og meta

ပန်းသေရခြင်း အကြောင်းအရင်းများ

Written by Dr. Thant Zin · အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy


26/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ပန်းသေရခြင်း အကြောင်းအရင်းများ

    ပန်းသေခြင်း ဆိုတာ အမျိုးသားများ လိင်အင်္ဂါမထောင်မတ်နိုင်ခြင်း၊ ပြီးမြောက်အောင် မစွမ်းဆောင်နိုင်ခြင်း စတာတွေပဲ ဖြစ်ပါတယ်။ ပန်းသေခြင်း ဖြစ်စေတဲ့ အကြောင်းခြင်းရာတွေများစွာ ရှိပါတယ်။ အဓိကအားဖြင့် စိတ်ခံစားမှုပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ အခြေအနေတွေပဲ ဖြစ်ပါတယ်။

    ပန်းသေခြင်း ဟာ အသက်အရွယ်နဲ့လည်း ဆိုင်ပါတယ်။ နှလုံးနဲ့သွေးကြောဆိုင်ရာ ရောဂါရှိသူအမျိုးသားတွေမှာ ဖြစ်နိုင်ခြေ ပိုများပါတယ်။ ပန်းသေခြင်းကြောင့် လိင်မှုကိစ္စစွမ်းဆောင်နိုင်တော့ခြင်း မရှိတော့ချိန်မှာ စိတ်ကျခြင်း၊ စိတ်ဖိစီးခြင်း၊ မိမိကိုယ်ကို ယုံကြည်မှုကင်းမဲ့ခြင်း စတာတွေ ဖြစ်ပေါ်လာပါတယ်။

    ယခုဆောင်းပါးမှာ ဆက်လက်ဖော်ပြမှာကတော့ ဘယ်အရာတွေက ပန်းသေခြင်း ကို အဓိကဖြစ်စေသလဲဆိုတာပါပဲ။ ပန်းသေရခြင်း အကြောင်းအရင်းများ ကို လေ့လာကြည့်လိုက်ပါ။

    ပန်းသေရခြင်း အကြောင်းအရင်းများ

    ပန်းသေရခြင်း အကြောင်းအရင်းများ ကတော့

    ၁။ ဟော်မုန်းရောဂါများ

    ခန္ဓာကိုယ်ရဲ့ ဟော်မုန်းစနစ်ကနေ ဇီဝဖြစ်ပျက်မှု၊ လိင်ပိုင်းဆိုင်ရာ လုပ်ဆောင်ချက်များ၊ မျိုးပွားခြင်း၊ စိတ်ပိုင်းဆိုင်ရာ စတာတွေကို ထိန်းညှိပေးတဲ့ ဟော်မုန်းတွေ ထုတ်လုပ်ပေးပါတယ်။ ဥပမာ ပြောရရင် ဆီးချိုဟာ ဟော်မုန်းဆိုင်ရာ ရောဂါဖြစ်ပြီး ပန်းသေခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဆီးချိုဟာ အင်ဆူလင်ဟော်မုန်းကို ခန္ဓာကိုယ်ကနေ အသုံးချနိုင်စွမ်းကို ထိခိုက်စေပါတယ်။ ရေရှည်မှာ အာရုံကြောတွေကို ထိခိုက်စေလာတဲ့အတွက် လိင်အင်္ဂါရဲ့ အာရုံခံနိုင်စွမ်းကိုပါ ထိခိုက်စေပါတယ်။

    ဆီးချိုရဲ့ နောက်ဆက်တွဲပြဿနာ နောက်တမျိုးကတော့ သွေးလည်ပတ်မှုမကောင်းခြင်း ဖြစ်ပါတယ်။ ဒါဟာလည်း ပန်းသေခြင်းဖြစ်စေနိုင်တဲ့ အကြောင်းပါပဲ။

    ၂။ အာရုံကြောဆိုင်ရာ ပြဿနာများ

    အာရုံကြောပြဿနာတချို့ဟာ ပန်းသေနိုင်ခြေကို မြင့်တက်စေပါတယ်။ အာရုံကြောများ ချို့ယွင်းခြင်းကြောင့် မျိုးပွားစနစ်နဲ့ ဦးနှောက်ကြားဆက်သွယ်မှုကို ပျက်စီးစေပါတယ်။ အဲဒီအခါ လိင်တံထောင်မတ်နိုင်မှုကို ထိခိုက်စေပါတယ်။

    ပန်းသေခြင်းနဲ့ ဆက်စပ်နေတဲ့ အာရုံကြောပြဿနာတွေကတော့

    • အယ်လ်ဇိုင်းမားရောဂါ
    • ပါကင်ဆန်ရောဂါ
    • ဦးနှောက်အကျိတ်
    • လေဖြတ်ခြင်း
    • တက်ခြင်း စတာတွေပဲ ဖြစ်ပါတယ်။

    ဆီးကျိတ်ခွဲစိတ်မှု ပြုလုပ်ထားရင်လည်း မတော်တဆအာရုံကြောထိခိုက်နိုင်ပြီး ပန်းသေနိုင်ခြေ မြင့်ပါတယ်။

    ခရီးဝေးကို စက်ဘီးစီးသူတွေအနေနဲ့ ပန်းသေခြင်းကို ယာယီခံစားရတတ်ပါတယ်။ တင်ပါးနဲ့ ဆီးခုံနေရာတွေအပေါ် ဖိအားဖြစ်စေပြီး အာရုံကြောတွေကို ထုံထိုင်းသွားစေလို့ ဖြစ်ပါတယ်။

    ၃။ ဆေးဝါးများ သုံးစွဲနေခြင်း

    ဆေးဝါးအချို့ဟာ သွေးလည်ပတ်မှုကို အနှောက်အယှက်ဖြစ်စေပြီး ပန်းသေပန်းညှိုးဖြစ်ဖို့ အာပေးပါတယ်။ သင်သုံးစွဲနေတဲ့ ဆေးတွေဟာ ပန်းသေနိုင်စေတယ်ဆိုရင်တောင် ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ သုံးစွဲမှု လျှော့ချခြင်း၊ ရပ်တန့်ခြင်း ပြုလုပ်သင့်ပါတယ်။

    ပန်းသေပန်းညှိုးခြင်းကို ဖြစ်စေနိုင်တဲ့ ဆေးဝါးတချို့ကတော့

    • alpha-adrenergic blocker ဆေးများ (ဥပမာ tamsulosin)

    • beta-blocker ဆေးများ ဥပမာ carvedilol နှင့် metoprolol

    • ဓာတ်မတည့်ခြင်းအတွက် အသုံးပြုသောဆေးများ ဥပမာ cimetidine

    • ဗဟိုအာရုံကြောစနစ်ကို ဖိနှိမ်ပေးသောဆေးများ ဥပမာ alprazolam၊ diazepam နှင့် codeine

    ဗဟိုအာရုံကြောစနစ်ကို လှုံ့ဆော်ပေးသောဆေးများ ဥပမာ cocaine နှင့် amphetamine

    • ဆီးဆေးများ ဥပမာ furosemide နှင့် spironolactone

    • SSRI ဆေးများ ဥပမာ fluoxetine နှင့် paroxetine

    • ထုတ်လုပ်ဖန်တီးထားသောဟော်မုန်းများ ဥပမာ leuprolide စတာတွေပဲ ဖြစ်ပါတယ်။

    ၄။ နှလုံးရောဂါများ

    နှလုံးရောဂါတစ်ခုခုဖြစ်ခဲ့ရင် နှလုံးဆီကနေ သွေးများညှစ်ထုတ်ရာမှာ အနှောင့်အယှက်ဖြစ်စေတဲ့အတွက် ပန်းသေခြင်း ဖြစ်စေနိုင်ပါတယ်။ လိင်တံဆီကို သွေးကောင်းကောင်းမရောက်ရင် မထောင်မတ်နိုင်ပါဘူး။

    သွေးကြောများပိတ်ဆို့ပြီး ကျဉ်းမြောင်းလာစေတဲ့ အခြေအနေဟာလည်း ပန်းသေခြင်းကို ဖြစ်စေပါတယ်။ ကိုလက်စထရောများခြင်း၊ သွေးတိုးခြင်း စတာတွေဟာလည်း ပန်းသေခြင်းနဲ့ ဆက်စပ်နေပါတယ်။

    ၅။ နေထိုင်မှုပုံစံ နှင့် စိတ်ခံစားမှုဆိုင်ရာ ပြဿနာများ

    လိင်တံထောင်မတ်နိုင်ဖို့ဆိုရင် ပထမဦးစွာ စိတ်လှုပ်ရှားမှုအဆင့်ကို ကျော်ဖြတ်ရပါမယ်။ စိတ်ခံစားမှုဆိုင်ရာ တုံ့ပြန်မှုဖြစ်ပါတယ်။ စိတ်ခံစားမှုပိုင်းမှာ ချို့ယွင်းချက်ရှိရင် လိင်စိတ်နိုးကြွဖို့ အခက်အခဲရှိနိုင်ပါတယ်။

    စိတ်ကျခြင်းနဲ့ စိတ်ပူပန်ခြင်းဟာ ပန်းသေခြင်း ကို ဖြစ်နိုင်ခြေ အန္တရာယ် မြင့်စေပါတယ်။ ဝမ်းနည်းခြင်း၊ မျှော်လင့်ချက်မဲ့ခြင်း၊ အကူအညီမဲ့ခြင်း စတာတွေ ခံစားရတတ်ပါတယ်။ မိမိစွမ်းဆောင်ရည်နဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုရှိနေရင်လည်း ပြီးမြောက်အောင် စွမ်းဆောင်နိုင်ခြင်း မရှိဘဲ ဖြစ်တတ်ပါတယ်။

    မူးယစ်ဆေးများ သုံးစွဲခြင်း၊ အရက်ကို အလွန်အကျွံသောက်သုံးခြင်း စတာတွေကလည်း ပန်းသေနိုင်ပါတယ်။

    ဘယ်လိုကုသမလဲ

    ပန်းသေခြင်း နဲ့ ပတ်သက်ပြီး ကုသနိုင်တဲ့ နည်းလမ်းပေါင်းများစွာ ရှိပါတယ်။ ဆေးဝါးကုသခြင်း၊ သဘာဝဆေးဖက်ဝင် အပင်များမှ ထုတ်လုပ်ထားသော ဆေးဝါးများ သုံးစွဲခြင်း၊ နေထိုင်မှုပုံစံ ပြောင်းလဲခြင်း စတဲ့နည်းလမ်းတွေ ရှိပါတယ်။ အကောင်းဆုံးကတော့ ဆရာဝန်နဲ့ ပြသဖို့ပါပဲ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    Written by

    Dr. Thant Zin

    အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy


    26/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement