backup og meta

ကိုဗစ်ရဲ့ နောက်ဆက်တွဲ COVID Haulerဆိုတာ

ကိုဗစ်ရဲ့ နောက်ဆက်တွဲ COVID Haulerဆိုတာ

ချောင်းဆိုးမယ်၊ ဖျားမယ်၊ အနံ့ပျောက်မယ်။ ဆေးစစ်မယ်။ ကိုဗစ်တွေ့မယ်။ ဆေးရုံတက်မယ်။ အားလုံးကောင်းရင်၊ ရက်ပြည့်ရင် ပြန်ဆင်းမယ်။ အိမ်မှာ Quarantineဆက်ဝင်မယ်။ ပြီးရင် ပြီးပြီလို့ ထင်နေရင် သင့်အတွေးတွေကို ရုတ်သိမ်းလိုက်ပါ။ ကိုဗစ်က ဒီလောက် မရိုးရှင်းပါဘူး။

ကိုဗစ်ကို စတွေ့တာ ၂၀၁၉ နှစ်ကုန်ပိုင်းကဆိုတော့ ခုဆိုရင် တစ်နှစ်တောင် ရှိရောပေါ့။ အိမ်နီးချင်းလိုပဲ အနေကြာလေ အကြောင်းသိလေပါ။ ဒါကြောင့် ကိုဗစ်ဖြစ်ပြီးလည်း မပြီးဘူးဆိုတာ တဖြည်းဖြည်း သိလာရပါပြီ။ ကိုဗစ်ဖြစ်ပြီးတာတောင် လူနာတွေက တချို့ဝေဒနာတွေကို ဆက်ပြီးခံစားနေရသေးတာ တွေ့ရပါတယ်။

ကိုဗစ်ဖြစ်ပြီးနောက်

ကိုဗစ်ဖြစ်ပြီးလို့ ပျောက်သွားရင် အိမ်မှာ အေးအေးဆေးဆေးနေနိုင်မယ်လို့ ထင်ပေမယ့် လက်တွေ့မှာ ဒီလိုမဟုတ်ပါဘူး။ ပိုးမရှိတော့ပေမယ့် ကိုယ်က အရင်လို မဟုတ်တော့တာကို သတိထားမိပါလိမ့်မယ်။ အရင်ကလောက် အလုပ်မလုပ်နိုင်တာ၊ တစ်ခုခုဆို စူးစိုက်မရဘဲ ဟိုမေ့ ဒီမေ့ ဖြစ်နေတာ၊ တစ်ကိုယ်လုံး ညောင်းနေတာ၊ ညအိပ်မပျော်တာမျိုးတွေ ခံစားနေရမှာပါ။ တချို့ဆို မောပြီး ရင်ဘတ်တွေတောင် အောင့်ကြပါတယ်တဲ့။

အထူးသဖြင့် အိမ်ရှင်မတွေဆိုရင် အရင်ကလောက် အိမ်အလုပ်လုပ်တွေ မလုပ်နိုင်တေ့ဘူး။ နည်းနည်းလေး လုပ်တာနဲ့ မောနေသလိုပဲလို့ ပြောကြပါတယ်။ အစကတော့ ဒါက ရောဂါပိုးကို ခန္ဓာကိုယ်က တိုက်ထုတ်လိုက်ရလို့ အားယုတ်နေတာ ဒါမှမဟုတ် PTSD (Post Traumatic Stress Disorder) ကြီးမားတဲ့ ကိစ္စရပ်ကို ကြုံတွေ့ခဲ့ရလို့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ပြီး ရုပ်ပိုင်းဆိုင်ရာမှာ လက္ခဏာတွေ လာပြတာလို့ ထင်ကြပါသေးတယ်။

ဒါကြောင့် စိတ်ရောဂါအထူးကုနဲ့ ပြကြည့် ဆွေးနွေးကြည့်ပေမယ့်လည်း ထင်သလောက် ထူးခြားလာတာ မတွေ့ရပါဘူး။ ဒါဆို ဘာကြောင့်များပါလိမ့်။

ကိုဗစ်ကနေ မလွတ်မြောက်နိုင်တော့ဘူးလား။

လေ့လာချက်တွေအရတော့ ကိုဗစ်ဖြစ်တဲ့သူရဲ့ ၅၀ကနေ ၈၀ရာခိုင်နှုန်းလောက်အထိက ဒီဝေဒနာတွေကို ၃လလောက်ကြာတဲ့အထိ ခံစားရပါတယ်တဲ့။ ဒီထက်လည်း ကြာချင် ကြာနိုင်ပါသေးတယ်။ ကိုယ်ထဲမှာ ဗိုင်းရပ်စ်မရှိတော့ပေမယ့် သူရဲ့ နောက်ဆက်တွဲ ဝေဒနာတွေကို လနဲ့ ချီဆက်ခံစားနေရတာပါ။

ဒါဆို အမေရိကမှာ long haulerလို့ ခေါ်ကြပြီး ယူကေမှာတော့ long covid လို့ ပြောကြပါသတဲ့။ ကိုဗစ်ကနေ မလွတ်မြောက်ကြသေးသူများပေါ့။

ဘယ်လိုလက္ခဏာတွေကို ခံစားရတာများသလဲ။

လူနာတွေ အများဆုံးပြောကြတာတော့ အားမရှိဘူး၊ ကိုယ်လက်ကိုက်တယ်၊ မောတာ၊ အာရုံစူးစိုက်မရဘူး၊ လေ့ကျင့်ခန်းတွေ ပြန်မလုပ်နိုင်ဘူး၊ ခေါင်းကိုက်တယ်၊ အိပ်မပျော်ဘူး စတာတွေပဲ ဖြစ်ပါတယ်။ ကိုဗစ်က ဖြစ်တာ တစ်နှစ်လောက်ပဲ ရှိသေးတော့ ဒီလိုခံစားနေရတာက ဘယ်လောက်ကြာမှာလဲ။ တစ်သက်လုံး ဒီလိုပဲ တရှောင်ရှောင်ပဲ ဖြစ်နေတော့မှာလားဆိုတာကို ဆက်စောင့်ကြည့်ရဦးမှာပါ။

ဘယ်သူတွေမှာ ပိုဖြစ်နိုင်လဲ။

ဘယ်သူတွေ ပိုဖြစ်နိုင်လဲဆိုတာ တိတိကျကျပြောဖို့ ခက်ပါတယ်။ လက်ရှိလေ့လာချက်တွေအရဆိုရင်တော့ ရောဂါသိပ်မပြင်းထန်တဲ့ သူတွေမှာတောင် ဒီဝေဒနာတွေက ဆက်ပြီး ခံစားရနိုင်ပါတယ်တဲ့။ ပြင်းပြင်းထန်ထန်ဖြစ်ခဲ့တဲ့ သူတွေကလည်း ၂လလောက်ကြာတဲ့အထိ ဆက်ပြီး ခံစားရနိုင်ပါတယ်။

အကြမ်းဖျင်း ပြောရရင် အသက်၅၀ကျော်အရွယ်တွေ၊ ရောဂါနှစ်မျိုး သုံးမျိုး ရှိနေတဲ့သူတွေ၊ ပြင်းပြင်းထန်ထန် နာဖျားခဲ့တဲ့သူတွေကတော့ ပိုပြီး ဖြစ်နိုင်ခြေရှိတာပေါ့။

ဒီလို နောက်ဆက်တွဲပြဿနာတွေ ခံစားရတဲ့သူတွေကို အုပ်စုခွဲကြည့်လိုက်တဲ့အခါမှာ

-တချို့က ဗိုင်းရပ်စ်ကြောင့် အဆုတ်၊ ကျောက်ကပ်၊ နှလုံး၊ ဦးနှောက်ထိခိုက်ပြီး အနည်းငယ်ပျက်စီးသွားတဲ့သူလည်း ပါသလို

-ကိုယ်တွင်းအင်္ဂါတွေ ဘာမှ မပျက်စီးပေမယ့် နောက်ဆက်တွဲ ဝေဒနာတွေကို ခံစားရနေသူတွေလည်း ပါပါတယ်။

National Institutes of Healthရဲ့ ဒါရိုက်တာဖြစ်သူ Dr. Anthony Fauciက ဘာမှမပျက်စီးတဲ့ ဒုတိယအုပ်စုထဲက လူတွေသည် myalgic encephalomyelitis /chronic fatigue syndrome လို့ခေါ်တဲ့ နာတာရှည် မောပန်းလွယ်တာမျိုး ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။ ဒါမျိုးက အရင်က တခြားရောဂါတွေ ဖြစ်တဲ့ mononucleosisတို့၊ Lyme diseaseတို့၊ SARSရောဂါတို့မှာလည်း ဖြစ်တတ်တာကို တွေ့ဖူးထားပြီးသားပါ။

ကိုဗစ်မှာတွေ့လာရပေမယ့် ဘယ်လောက်အထိ ဖြစ်သွားမလဲဆိုတာကတော့ ပြောဖို့ခက်ပါသေးတယ်။

ကိုဗစ်ဖြစ်ပြီးရင် သင်အကောင်းတိုင်း ကျန်ပါဦးမလား။

လူအမျးစုကတော့ အခုပြောတဲ့ လက္ခဏာတွေကို ခံစားနေရဦးမှာပါ။ ကိုယ်တွင်းအင်္ဂါတွေ ဘာမှထိခိုက်ဘူး၊ ဗိုင်းရပ်စ်တွေ မရှိတော့ဘူးဆိုရင်တောင်မှပေါ့။ လက်တွေ့မှာလည်း တကယ်ခံစားရလို့ လာတိုင်ပင်ကြတဲ့သူတွေလည်း ရှိပါတယ်။ အထူးသဖြင့် ပြန်ပြန်မောလာတဲ့အတွက် ကိုဗစ်များ ဖြစ်နေတာလားဆိုပြီး စိုးရိမ်တကြီးနဲ့ လာမေးကြပါတယ်။

လတ်တလောမှာ ဒီလက္ခဏာတွေက ဘယ်ထိသွားမလဲ မသိသေးတဲ့အတွက် ခံစားရသက်သာအောင်၊ မြန်မြန်နာလန်ထူအောင် အိပ်ရေးဝဝအိပ်၊ အာဟာရပြည့်အောင် စားပါ။ အဆုတ်ကနေ အသက်ရှူလေ့ကျင့်ခန်း လုပ်ပါ။ ကိုယ်လက်လှုပ်ရှားမှုလည်း နိုင်သလောက်လုပ်ပါ။ အာရုံစူးစိုက်မှုကောင်းအောင် တရားထိုင်ပါ။ ဒီလက္ခဏာတွေ သိပ်ဆိုးပြီးနေ့စဉ်လူနေမှု ဘဝကိုပါ ထိခိုက်လာရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ဖို့ အကြံပြုလိုပါတယ်။

ဒါကြောင့်လည်း ကိုဗစ်ကို လျှော့မတွက်ပါနဲ့။ ပိုးကူးပြီးလည်း မပြီးတဲ့အတွက် အစကတည်းက ရောဂါပိုးမကူးစက်အောင် နေတာကသာ အကောင်းဆုံး နည်းလမ်း ဖြစ်ပါတယ်။

[covid_19]

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.health.harvard.edu/blog/the-tragedy-of-the-post-covid-long-haulers-2020101521173

https://jamanetwork.com/journals/jama/fullarticle/2773056

ယခုပုံစံ

08/07/2022

Dr. Htet Htet Zaw Win မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

သွေးလွန်တုပ်ကွေးဖြစ်နေချိန်မှာ ဘာတွေစား ပြီး ဘာတွေရှောင်ရမလဲ

ကိုဗစ်ပျောက်သွားတောင် နေလို့ မကောင်းသေးတာ ဘာကြောင့်လဲ။


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Phyo Wai Lynn


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 08/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement