brand logo
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေး ကိရိယာများ
အဖွဲ့အစည်း
ကျန်းမာရေးစောင့်ရှောက်မှု

ကြော်ငြာ

မျှဝေပါ။

ကိုဗစ် Antibody စစ်ပြီး အဖြေဖတ်နည်း

ကိုဗစ်ကနေ သက်သာလာပြီဆိုရင် Test kitလေးတွေနဲ့ Antibody စစ်လေ့ရှိပါတယ်။ ဒီအခါမှာ Mတို့ Gတို့ ပေါ်ပြီ။ ဟိုဟာပေါ်ပြီ၊ ဒီဟာ မပေါ်သေးဘူး။ ခုခံအားက ရတာလား၊ မရတာလားဆိုပြီး ပြောကြပါတယ်။ ဒီအဖြေတွေက ဘာကို ပြောတာလဲ။ Test Kitနဲ့ စစ်ပြီး ဘာသိနိုင်မလဲဆိုတာ ပြောပြပေးပါ့မယ်။

ကိုဗစ် Antibody စစ်ပြီး အဖြေဖတ်နည်း

Antibody Mနဲ့ G

Mနဲ့ Gကို Immunoglobulin (Ig)လို့ ခေါ်ပါတယ်။ သူတို့နှစ်ခုအပါအဝင် ၅မျိုး ရှိပြီး ကိုဗစ်အတွက်တော့ ဒီနှစ်ခုလောက် သိရုံနဲ့ လုံလောက်ပါတယ်။ Test kitမှာ Cဆိုတာ Controlပါ။ Test kitက ကောင်းကောင်းအလုပ်လုပ်တယ်ဆိုရင် Cနေရာမှာ လိုင်းလေးပေါ်နေပါတယ်။ Cမှာမှ လိုင်းမပေါ်ရင် ဒီTest kitကို ဆက်မသုံးသင့်တော့ပါဘူး။

Antibodyစစ်နည်းက အမျိုးမျိုးရှိပြီး Test Kitကတော့ အလွယ်ဆုံးနဲ့ အမြန်ဆုံးပါ။ လက်ထိပ်ကနေ သွေးဖောက်ပြီး စစ်ရုံပါပဲ။ Test Kitမှာပါတဲ့ အသုံးပြုနည်းကို သေသေချာချာ လိုက်နာမှ အဖြေမှန်ရမှာပါ။

နောက်တစ်ခု အရေးကြီးတာက Test Kitအမျိုးအစားပါ။ FDAကနေ ပယ်ဖျက်ထားတဲ့ အမျိုးအစားတွေ အများကြီးရှိလို့ ဝယ်မယ်ဆို ဒီမှာအရင်စစ်ဆေးပြီးမှ ဝယ်စေချင်ပါတယ်။

Mနဲ့ G ဘယ်လိုပေါ်

အလွယ်ပြောရရင် Mက အရင်ပေါ်ပါတယ်။ ကြာကြာ မခံပါဘူး။ G က နောက်ကျမှ ထွက်ပါတယ်။ ကြာကြာလည်း ခံပါတယ်။

Ig Mက ပိုးဝင်ပြီး ၅ရက်ကနေ ၇ရောက်လောက်ဆို စထွက်ပါပြီ။ ၂ပတ်လောက်နေရင် အမြင့်ဆုံးကို ရောက်ပြီး ၃ပတ်လောက်ဆို မရှိသလောက် ဖြစ်သွားပါပြီ။ Ig Mစကျတဲ့အချိန် ၂ပတ်ကျော်လောက်ဆို Ig G  စထွက်လာပါပြီ။ အဲ့ကနေပြီး စထွက်လိုက်တာ ၂၈ရက်ကနေ ၃၅ရက်လောက်ထိ ဆက်တိုက်ထွက်ပါတယ်။ ပြီးရင်တော့ သွေးထဲမှာ အချိန်တစ်ခုကြာအောင် ရှိနေပါတယ်။

သူဘယ်လောက်ကြာကြာခံမလဲဆိုတာကိုတော့ လေ့လာနေကြဆဲပါ။ ၃လ၊ ၆လ၊ ၈လ စသဖြင့် အမျိုးမျိုး ပြောကြပါတယ်။

Antibody မစစ်ခင်မှာ ဒါတွေ သတိထားပါ။

Antibody စစ်မယ်ဆိုရင် ဒီအချက်တွေကို သတိထားသင့်ပါတယ်။

–လက္ခဏာပြတဲ့ လူနာကို စစ်တာလား၊ လက္ခဏာ မပြတဲ့ လူနာကို စစ်တာလား။

-လက္ခဏာပြပြီး ဘယ်နှရက်အကြာမှာ စစ်တာလဲ။

–Ig M ပေါ်သလား၊ မပေါ်ဘူးလား။

–Ig Gပေါ်လား၊ မပေါ်ဘူးလား။

ကိုဗစ် Antibody စစ်ပြီး အဖြေဖတ်နည်း

  • Cပဲပေါ်၊ Mနဲ့ G မပေါ်

မကူးသေးတာ ဒါမှမဟုတ် ကူးပြီး Antibody မထွက်သေးတာ ဖြစ်နိုင်ပါတယ်။ ဒီနှစ်ခုက ခွဲဖို့ ခက်ပါတယ်။ ဒါကြောင့် လက္ခဏာ ပြပြီး (လက္ခဏာ မပြတဲ့ လူနာတွေမှာ ထိတွေ့မှု ဖြစ်ပြီး) ၅ရက်ကနေ ၇ရက်လောက်နေမှ စစ်သင့်ပါတယ်။

စစ်တဲ့ရက် စောနေလို့ မပေါ်သေးတာကို ရောဂါမရှိဘူးလို့ ထင်ပြီး လျှောက်သွားနေမယ်၊ သူများတွေနဲ့ နီးနီးကပ်ကပ် နေမယ်ဆိုရင် အကုန်ကူးကုန်မှာပါ။ နောက်ပြီး ဒီလို Cပဲပေါ်တာက မကူးသေးဘူးလို့ပဲ ပြောလို့ရပါတယ်။ ရောဂါပိုး မရှိဘူးလို့ ပြောလို့ မရဘူးဆိုတာ သိထားသင့်ပါတယ်။

  • Gပဲပေါ်၊ M မပေါ်

လူနာက ဘာလက္ခဏာမှ မရှိဘူးဆိုရင်တော့ အရင်က ကူးထားတာကနေ ကျန်သေးတာပါ။ လူနာကို အတိုင်းအတာတစ်ခုအထိ အကာအကွယ်ပေးနိုင်ပါတယ်။

ခုမှ လက္ခဏာပြတာ၊ လက္ခဏာပြပြီး ၂ပတ်ကျော်မှ စစ်လို့ ပေါ်တာဆိုရင်တော့ ဒီတစ်ခေါက်ကူးတာကနေ ထွက်တာပါ။

  • M ပဲပေါ်၊ G မပေါ်

ဒါကတော့ လက်ရှိမှာ အကူးခံနေရတာကို ပြတာပါ။ ရောဂါဖြစ်တာအစောပိုင်း ဖြစ်တဲ့အတွက် Mပဲ ပေါ်သေးတာပါ။ Antibody ထွက်ပြီဆိုပြီး လျှောက်သွားလို့ မရသေးပါဘူး။ ပိုးဝင်ထားတာ မကြာသေးတဲ့အတွက် သူများကို ကူးနိုင်ခြေ ရှိပါတယ်။

လက္ခဏာပြပြီး ၂ပတ်၊ ၃ပတ်လောက်နေရင် ထပ်စစ်ကြည့်လို့ Gပါပေါ်ပြီဆိုရင်တော့ လူနာက ခုခံအားကို အတိုင်းအတာ တစ်ခုအထိ ရသွားပါပြီ။ ဒါပေမယ့် အပြင်ထွက်မယ်ဆို ဒီ၂ချက်ကို စဉ်းစားပါ။

-လက္ခဏာပြတာ သာမန်နဲ့ မပြင်းထန်လူနာတွေမှာ ၁၁ရက် ကျော်ပြီလား။ ခုရော ဖျားတာ၊ ချောင်းဆိုးတာတွေ ကျန်နေသးလား။

-လက္ခဏာပြတာ ပြင်းထန်လူနာတွေမှာ ၂၁ရက်ကျော်ပြီလား။ ကိုဗစ်လက္ခဏာတွေ ကျန်နေသေးလား။

ရက်ပြည့်ပြီ။ လက္ခဏာတွေ မရှိဘူးဆိုမှ အပြင်ပြန်ထွက်ပါ။ Antibody ပေါ်တိုင်း စိတ်ချလက်ချ အပြင်ထွက်လို့ မရပါ။ ဘာကြောင့်လဲဆိုတာ နောက်မှာ ဆက်ပြောပြပါမယ်။

  • Mရော Gရော ပေါ်

ဒါဆိုရင်တော့ ပိုးဝင်တာ ၂ပတ်နဲ့ ၃ပတ်ကြားလို့ ခန့်မှန်းလို့ရပါတယ်။ သိပ်မကြာခင်မှာ Mပျောက်တော့မှာပါ။ Gကတော့ ဆက်ကျန်မှာပါ။ လူနာက ခုခံအား ရနေပါပြီ။ ဒါပေမယ့် ၁၁ရက် မပြည့်သေးရင်၊ ၁၁ရက် ပြည့်ပေမယ့် ဖျားတာ၊ ချောင်းဆိုးတာ ကျန်သေးရင် အိမ်မှာပဲ နေပါ။ သူများတွေနား မကပ်ရပါ။

Antibody စစ်ရာကနေ ဘာတွေကို မသိနိုင်ဘူးလဲ။

Antibodyကို Test Kitနဲ့ စစ်တာက

-ကိုဗစ်ကို လုံးဝခုခံနိုင်သွားပြီလား။ ဆိုလိုတာက ကိုဗစ်ထပ်မဖြစ်နိုင်တော့ဘူးလား။

–သူများကို ကူးနိုင်သေးလားဆိုတာ မပြောနိုင်ပါဘူး။

ဘာကြောင့်လည်းဆိုတော့ Test kitတွေက Antibodyပမာဏ လုံလောက်ရဲ့လား၊ ရောဂါကို တကယ်ကာကွယ်နိုင်တဲ့ neutralizing antibodies တွေ ပါရဲ့လားကို မပြောနိုင်တဲ့အတွက်ကြောင့်ပါ။ ဒါကို စစ်ချင်ရင် ဓာတ်ခွဲခန်းတွေမှာ စစ်မှ ရမှာပါ။

–ကာကွယ်ဆေးထိုးပြီးရင်လည်း ဆေးအောင် မအောင်ကို ဒီTest kitနဲ့ စစ်လို့ မရပါဘူး။

-Antibodyနဲ့ ရောဂါအခြေအနေနဲ့လည်း မဆိုင်ပါ။ Antibody ထွက်နေပေမယ့် အောက်ဆီဂျင် ရှူနေရတာတွေလည်း ရှိပါတယ်။

ဒါဖြင့်ရင် Antibodyစစ်တာက ဘာပြောနိုင်လဲဆိုရင် တစ်ခုပါပဲ။ အရင်က ကူးထားဖူးလားဆိုတာလောက်ပဲ သိနိုင်တာ ဖြစ်ပါတယ်။

fact-check
Hello Sayarwon Panel
မှ အချက်အလက် စစ်ဆေးထားပါသည်။
Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 10/09/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။