backup og meta

ထူးထူးခြားခြား ကိုဗစ်လက္ခဏာ များ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 10/09/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ထူးထူးခြားခြား ကိုဗစ်လက္ခဏာ များ

    ခုချိန်မှာ ဖျားရင်၊ ချောင်းဆိုးရင်၊ အနံ့ပျောက်ရင် ကိုဗစ်လက္ခဏာ ပဲလို့ သတ်မှတ်လို့လောက်အောင် ကိုဗစ်ကူးစက်မှုက များနေပါပြီ။ တော်တော်များများကလည်း ကိုဗစ်လက္ခဏာတွေကို ရင်းနှီးလာကြပါပြီ။ ဒါပေမယ့် ကိုဗစ်မှာ တခြားတွေ့ရတတ်တဲ့ လက္ခဏာတွေလည်း ရှိပါသေးတယ်။

    လူနာတွေအနေနဲ့ ကိုဗစ်မှာ တွေ့နေကျလက္ခဏာတွေ မဟုတ်ဘဲ တခြားထူးထူးခြားခြားတွေ ဖြစ်လို့ (ဥပမာ အရေပြားမှာ အနီစက်တွေ ထွက်လို့၊ ရင်တုန်လို့) ကိုဗစ်လားဆိုပြီး လာမေးတဲ့အခါ ဆရာဝန်အနေနဲ့ ဖြေရတော်တော်ခက်ပါတယ်။ ကိုဗစ်က မှန်းလို့မရအောင် အမျိုးမျိုး ဖြစ်နိုင်ပါတယ်။ ခုထက်ထိလည်း နေ့စဉ်နဲ့အမျှ အသစ်အသစ်တွေ အများကြီး တွေ့နေပါသေးတယ်။ ဒါကြောင့် လူနာတွေ လာမေးတဲ့အခါ ဟုတ်တယ်၊ မဟုတ်ဘူးဆိုတာကို ယတိပြတ် ပြောဖို့ ခက်တာပါ။

    ထူးထူးခြားခြား ကိုဗစ်လက္ခဏာ များ

    • အစာအိမ်နဲ့ အူလမ်းကြောင်း ပြဿနာ

    ပျို့တာ၊ အန်တာ၊ ဝမ်းလျှောတာ အများဆုံး တွေ့ရပါတယ်။ သူ့ချည်းပဲလည်း ဖြစ်နိုင်သလို တခြား အဖြစ်များတဲ့ ကိုဗစ်လက္ခဏာ ဖျားတာ၊ ချောင်းဆိုးတာတွေနဲ့လည်း တွဲပြီး တွေ့ရနိုင်ပါတယ်။

    • ခြေချောင်းတွေ အရောင်ပြောင်းတာ

    ဒါကို Covid toes လို့ ခေါ်ပါတယ်။ ကလေးတွေနဲ့ လူငယ်တွေမှာ တွေ့ရတတ်ပါတယ်။ ခြေချောင်းတွေ ဖောင်းတာ၊ ရောင်တာ၊ အရောင်ပြောင်းတာတွေ ဖြစ်တတ်ပါတယ်။ လက်ချောင်းမှာလည်း တွေ့ရနိုင်ပါတယ်။ အရည်ကြည်ဖုတွေ ထွက်တာ၊ ယားတာ၊ အရေပြား ကြမ်းတာ၊ နာတဲ့ အဖုလေးတွေ ပေါက်တာ စတာတွေလည်း ဖြစ်နိုင်ပါတယ်။ တစ်ခါတလေ ပြည်တည်တာတွေပါ တွေ့ရတတ်ပါတယ်။

    • မျက်ဖြူသား ရောင်တာ

    Pink eyeလို့လည်း ခေါ်ပါတယ်။ ဒါ့ပြင် အလင်းရောင် မခံနိုင်တာ၊ မျက်စိနာတာ၊ မျက်စိယားတာလည်း ဖြစ်နိုင်ပါတယ်။

    • နှလုံးခုန်နှုန်း မြန်လာတာ

    အရင်ကနဲ့ မတူဘဲ နည်းနည်းလေး လှုပ်ရှားလိုက်တာနဲ့ ရင်တွေတုန်ပြီး နှလုံးခုန်တွေ မြန်လာတာမျိုးပါ။ ကိုရိုနာဗိုင်းရပ်စ်က နှလုံးခုန်တာကို ထိန်းချုပ်ထားတဲ့ အာရုံကြောတွေကို ထိခိုက်စေလို့ပဲ ဖြစ်ပါတယ်။

    • အရေပြား ပြဿနာ

    အရေပြားမှာ အနီကွက်တွေ ထွက်လာတာ၊ အင်ပျဉ်တွေ ထတာ၊ ရေကျောက်လိုမျိုး အရည်ကြည်ဖုလေးတွေ ပေါက်လာတာကို အများဆုံးတွေ့ရပါတယ်။ ခြေထောက်တွေ၊ ခြေချောင်းတွေမှာ တွေ့ရတတ်ပြီး ရုတ်တရက် ကြည့်လိုက်ရင် အရေပြား ပိုးဝင်တာနဲ့ ခပ်ဆင်ဆင် တူပါတယ်။

    • ကယောင်ကတမ်း ဖြစ်တာ

    အထူးသဖြင့်တော့ အသက်ကြီးတဲ့သူတွေမှာ အကောင်းကြီးကနေ ကယောင်ကတမ်းတွေ ပြောတာ၊ သတိမမှန်တော့တာတွေ ကြုံရတတ်ပါတယ်။ ကိုဗစ်ကြောင့် ဒါမျိုး ခံစားရတာဆိုရင်တော့ အခြေအနေဆိုးနိုင်ပါတယ်။

    • သွေးတွင်း အောက်ဆီဂျင်ကျတာ

    လူနာက မမောဘဲနဲ့ သွေးတွင်းအောက်ဆီဂျင် ကျနေတာမျိုးပါ။ ဘာလက္ခဏာမှလည်း မခံစားရဘူး။ မောလည်း မမောဘူး။ စက်ကလည်း ကောင်းတယ်။ အောက်ဆီဂျင်လေး ကျနေတာတစ်ခုတည်းပဲဆိုပြီး ပြောတတ်ကြပါတယ်။ Silent hypoxiaလို့ ခေါ်ပါတယ်။

    ဒါမျိုးကျ အရေးကြီးပါတယ်။ ကျတာ သေချာရင် မောသည်ဖြစ်စေ၊ မမောသည် ဖြစ်စေ အောက်ဆီဂျင် ရှူရမယ်။ ဆရာဝန်နဲ့ သေချာ ပြသပြီး ကုသမှု ခံယူရမှာပါ။

    ဒီလို ပုံမှန်မဟုတ်တဲ့ လက္ခဏာတွေ ခံစားရရင် ဘယ်လို လုပ်မလဲ။

    ကိုဗစ်မှာ တွေ့နေကျ မဟုတ်တဲ့ လက္ခဏာတွေ ခံစားရရင်  တန်းပြီး လန့်မသွားပါနဲ့။ တချို့ကလည်း ကိုဗစ်မဟုတ်ဘဲ သာမန်အပရိက လက္ခဏာလေးတွေပါ။ ရက်ပိုင်းလောက်နေရင် သက်သာသွားပါတယ်။ ခဏလောက် စောင့်ကြည့်ပါ။ မသက်သာဘူး၊ ပိုဆိုးလာတယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြပါ။

    ပြပါဆိုတာက လိုအပ်တာတွေ စစ်ဆေးပြီး ကိုဗစ်ဆိုရင်လည်း ကိုဗစ်လို ကုရမှာ ဖြစ်ပါတယ်။ ကိုဗစ်မဟုတ်ဘူးဆိုရင်လည်း တခြားရောဂါများ ဖြစ်နိုင်သလားဆိုတာကို ဆက်စစ်ဆေးပြီး ကုသရမှာပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 10/09/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement