ကိုဗစ်နဲ့ ပတ်သက်လာရရင် စစ်ဆေးတဲ့ နည်းက PCR လို့ ခေါ်တဲ့ တစ်ရက်နီးပါးလောက် နေမှ အဖြေထွက်တဲ့ စစ်ဆေးနည်းရယ်၊ Antigen testလို့ခေါ်တဲ့ ၁၅မိနစ်၊ နာရီဝက်လောက်နဲ့ ထွက်တဲ့ စစ်ဆေးနည်းရယ်၊ Antibody testလို့ ခေါ်တဲ့ အရင်က ရောဂါဖြစ်ဖူးသလားကို စစ်ဆေးနည်းရယ်ဆိုပြီး ရှိပါတယ်။
ဘယ်စစ်ဆေးနည်းကို ဘယ်မှာ သုံးလဲဆိုတာ ဒီမှာပြန်ဖတ်နိုင်ပါတယ်။
ခုပြောပြပေးမှာက ကိုဗစ်ရောဂါရှာဖွေတဲ့ နေရာမှာ အကောင်းဆုံးလို့ သတ်မှတ်ထားတဲ့ PCR စစ်ဆေးနည်းပဲ ဖြစ်ပါတယ်။
PCR ဆိုတာ
PCR ဆိုပေမယ့် ကိုဗစ်အတွက် တိတိကျကျ ပြောမယ်ဆိုရင် RT- PCRလို့ ခေါ်ပါတယ်။ Reverse transcriptase – Polymerase Chain Reaction ဖြစ်ပါတယ်။ ကိုဗစ်ဖြစ်စေတဲ့ ဗိုင်းရပ်စ်က RNA ဗိုင်းရပ်စ် ဖြစ်တဲ့အတွက် DNAဖြစ်အောင် အင်ဇိုင်းတစ်ဆင့်ခံပြီး ပြောင်းရလို့ ရှေ့မှာ RT ပါသွားတာပါ။
PCR ကို ဘယ်လို စစ်သလဲ။
PCR နဲ့ စစ်ဖို့ဆိုရင်
-အရင်ဆုံး ဆရာဝန်၊ သူနာပြု၊ ဆေးပညာရှင် တစ်ယောက်ယောက်က အာခေါင် ဒါမှမဟုတ် နှာခေါင်းတို့ဖတ်ယူရပါတယ်။
-ပြီးရင် သန့်စင်တဲ့ ဘူးထဲကို ထည့်၊ လုံအောင်ပိတ်ပြီး ဓာတ်ခွဲခန်းကို ပို့ရပါတယ်။
-ဒီလိုပို့တဲ့ နေရာမှာ လမ်းမှာ တို့ဖတ်တွေ မပျက်စီးအောင် အပူချိန်တစ်ခုမှာ ထိန်းပြီး သယ်သွားရပါတယ်။ နမူနာယူပြီး ၇၂ နာရီအတွင်း စစ်ဆေးရပါတယ်။
-ဓာတ်ခွဲခန်းကို ရောက်ရင် ပညာရှင်က RNAပဲ ရအောင် အရည်တစ်မျိုး ရောရပါတယ်။ ဒါမှ တခြားမလိုအပ်တဲ့ ပရိုတင်းတွေ ရောပြီး ပါမလာမှာပါ။
-ပြီးရင် primersတို့၊ probesတို့ သုံးပြီး စက်ထဲမှာ ထည့်လည်ရပါတယ်။ ဒီလို လည်တဲ့အခါ အပူချိန်ကို အတိုးအလျော့လုပ်၊ RNA ကနေ DNAကို ပြောင်း၊ ပြီးရင် ပိုးတွေကို ပွားလာအောင် အကြိမ်ကြိမ် လှည့်ရပါတယ်။ တစ်ခါလှည့်ရင် ၂ဆပွားပါတယ်။
-ဒီလို အကြိမ်ကြိမ်အခါခါ လှည့်ပြီး စက်ကဖတ်နိုင်တဲ့ အနေအထားတစ်ခုရောက်ပြီဆိုရင် ‘ပိုးရှိ’ positiveလို့ အဖြေထွက်ပါတယ်။ ဒီလို အကြိမ်ကြိမ်အခါခါ လှည့်ပြီး ပိုးတွေပွားတာကိုတော့ cycle threshold လို့ ခေါ်ပါတယ်။
Cycle threshold (Ct) အရေအတွက်နဲ့ ပိုးရှိမရှိ ဘယ်လို ဆက်စပ်နေသလဲ။
Cycle threshold is inversely related to viral load လို့ ပြောကြပါတယ်။ ဆိုလိုတာက ဗိုင်းရပ်စ် ပမာဏ များလေလေ၊ ပွားဖို့ နည်းနည်းပဲ လှည့်ရလေလေ၊ Ctနည်းနည်းနဲ့ ပိုးရှိ အဖြေထွက်လေပါ။ ဒါနဲ့ ပြောင်းပြန်။ ပိုးနည်းမယ်ဆိုရင်တော့ များများလှည့်ရတဲ့အတွက် Ct များမှာပါ။
ဒီနေရာမှာ ဘယ်လောက်လှည့်ရမယ်ဆိုတဲ့ စံသတ်မှတ်ချက်တွေလည်း မရှိပါဘူး။ ဓာတ်ခွဲခန်းတစ်ခုနဲ့ တစ်ခုလည်း မတူပါဘူး။ နိုင်ငံခြားက ဓာတ်ခွဲခန်းတွေတောင် ၃၀ကျော်၊ ၄၀နီးပါးလောက်ထိ လှည့်ကြပါတယ်။
Ctကို ကြည့်ပြီး ပိုးရှိခြင်း မရှိခြင်းထက် ပိုးပမာဏကိုပဲ စိတ်ဝင်စားကြပါတယ်။ ဆိုလိုတာက Ctနည်းရင် ပိုးပမာဏ များတဲ့အတွက် လူနာက အခြေအနေဆိုးနိုင်မလား၊ ပြောင်းပြန် Ct များရင် ပိုးပမာဏ နည်းတဲ့အတွက် လူနာက လက္ခဏာမပြဘဲ လူကောင်းအတိုင်းလို ဖြစ်နေမလား စသဖြင့် ဓာတ်ခွဲခန်းက အဖြေနဲ့ လက်တွေ့လူနာအခြေအနေနဲ့ကိုပဲ စိတ်ဝင်စားပြီး သုတေသနတွေ လုပ်နေကြပါတယ်။
Ctနဲ့ ပိုးရှိမရှိက သိပ်ပြီး မဆက်စပ်ပါဘူး။ ဘာကြောင့်လည်း ဆိုတော့ ပိုးရှိမှ စပွားလို့ရမှာမို့လို့ပါ။ ဥပမာ ပိုးတစ်ကောင်လောက်ရှိမှာ တစ်ကောင်ကနေ ၂ကောင်၊ ၂ကောင်ကနေ ၄ကောင် ဒီလို ဆတိုးပွားလို့ရမှာမို့လို့ပါ။
PCR က ဘယ်လောက်တိကျလဲ။
PCR မှာ 80% sensitivity နဲ့ 98-99% specificity ရှိပါတယ်။ ၁၀၀ရာခိုင်နှုန်း မှန်တဲ့ ဆေးစစ်ချက်ဆိုတာ မရှိတဲ့အတွက် လက်ရှိမှာတော့ ကိုဗစ်အတွက် PCRက အတိကျဆုံးပါပဲ။ လူထုကြားထဲမှာ ကျယ်ကျယ်ပြန့်ပြန့်သုံးဖို့အတွက်ဆို testတစ်ခုက အနည်းဆုံး 80% sensitivity ရှိရပါမယ်။ ဒါကြောင့်လည်း PCR ကို နိုင်ငံတိုင်းက လက်ခံထားတာပါ။
80% sensitivityဆိုတာ ပိုးရှိရင် ရှိကြောင်း ပြနိုင်တာ ၈၀ရာခိုင်နှုန်းပါ။ ဒါဆို ကျန်တဲ့ ၂၀ရာခိုင်နှုန်းကရောလို့ မေးစရာရှိပါတယ်။ ဆေးစစ်ချက်မှာ positiveမထွက်သည့်တိုင် တခြားဆေးစစ်ချက်တွေ၊ လက္ခဏာတွေအရ ကိုဗစ်နဲ့ တူနေရင် ကိုဗစ်လိုပဲ သဘောထားပြီး ကုပါတယ်။ လိုအပ်ရင် ထပ်စစ်ပါတယ်။ ကွာရန်တင်း အပြည့်ဝင်ရပါတယ်။ စစ်ဆေးတဲ့ နေရာမှာ ချွတ်ချော်မှု မဖြစ်အောင်လို့ ကျွမ်းကျင်ပညာရှင်တွေကပဲ စစ်ဆေးပေးပါတယ်။
၈၀ရာခိုင်နှုန်းလို့ ဆိုပေမယ့် လက်တွေ့မှာ ၁၁ ရက်ကျော်လို့ သူများကို မကူးနိုင်တော့သည်တိုင် PCR မှာ ပိုးရှိ အဖြေပြနိုင်ပါသေးတယ်။ ဆိုလိုတာက ၁၁ရက်ကျော်ရင် လူမှာရှိတဲ့ ပိုးက သူများကို ဒုက္ခမပေးနိုင်တော့တဲ့၊ မကူးနိုင်တော့တဲ့ ပိုးအပိုင်းအစလေးအနေနဲ့ပဲ ရှိနေပါတော့တယ်။ PCRက ဗိုင်းရပ်စ်ကို ရှာနိုင်ပါသေးတယ်။ ပိုးဝင်ပြီး ၁လလောက်အထိ ပိုးကို ရှာနိုင်ပါသေးတယ်။ ဒါပေမယ့် သူများကို မကူးနိုင်တော့တဲ့အတွက် ၁၁ရက်ပြည့်လို့ လူနာအခြေအနေကောင်းရင် PCRထပ်မစစ်ဘဲ အိမ်ပေးပြန်ပါတယ်။
98-99% specificity ဆိုတာ ပိုးမရှိရင် မရှိကြောင်း ၉၉ရာခိုင်နှုန်းထိ သေချာပါတယ်။ ဒါကြောင့် သူများနိုင်ငံကလူတွေ ကိုယ့်ဆီလာတာပဲ ဖြစ်ဖြစ်၊ ကိုယ်က သူများဆီသွားတာဖြစ်ဖြစ် PCRအဖြေပြရပါတယ်။ တစ်ကမ္ဘာလုံး ဒီအဖြေပဲ ကြည့်ပါတယ်။ PCR မှာ ပိုးမရှိ အဖြေထွက်ရင် တကယ်မရှိတာဖြစ်တဲ့အတွက် ပြည်ဝင်ခွင့်ပေးပါတယ်။
Takeaways
ခုထက်ထိတော့ PCRက ကိုဗစ်အတွက် တစ်ကမ္ဘာလုံးက လက်ခံထားတဲ့ အကောင်းဆုံး ဆေးစစ်ချက်ပါ။ Test kitနဲ့ စစ်ပြီး အဖြေ မသေချာရင်တောင် PCRနဲ့ပဲ ပြန်ပြီး အတည်ပြုပါတယ်။ ခုထက်ထိတော့ PCRက Gold standardလို့ ပြောလို့ရပါတယ်။
[embed-health-tool-bmi]