backup og meta

သစ်ကြံပိုးခေါက် သုံးစွဲလွန်းရင် ဘာတွေ ဖြစ်နိုင်သလဲ

သစ်ကြံပိုးခေါက် သုံးစွဲလွန်းရင် ဘာတွေ ဖြစ်နိုင်သလဲ

သစ်ကြံပိုးခေါက်ကို သစ်ကြံပိုးပင်ရဲ့ အတွင်းပိုင်း သစ်ခေါက်လွှာကနေ ထုတ်လုပ်ထားပြီး ဟင်းခတ်အမွှေးအကြိုင်အနေနဲ့ အသုံးပြုကြပါတယ်။ သစ်ကြံပိုးခေါက်မှာ ကျန်းမာရေးအတွက် အကျိုးပြုတဲ့ အာနိသင်တွေ ရှိပါတယ်။ အထူးသဖြင့် သွေးတွင်းသကြားဓာတ်ကို ထိန်းနိုင်စေခြင်း၊ နှလုံးရောဂါဖြစ်နိုင်ခြေကို လျော့နည်းစေခြင်း စတဲ့အာနိသင်တွေ ပေးပါတယ်။

သစ်ကြံပိုးခေါက်ကို အတန်အသင့်စားသုံးရင် ဘေးကင်းစိတ်ချရပါတယ်။ ဒါပေမယ့် သစ်ကြံပိုးခေါက် သုံးစွဲလွန်းရင် ကျန်းမာရေးပြဿနာတွေလည်း ဖြစ်လာနိုင်ပါတယ်။ အဓိကအားဖြင့် သစ်ကြမ်းပိုးခေါက်မှာ ပါဝင်တဲ့ coumarin ဓာတ်ကြောင့် ဖြစ်ပါတယ်။ သုတေသနတွေအရ coumarin ဓာတ်ကို အလွန်အကျွံ စားသုံးမိရင် အသည်းကို ထိခိုက်ပြီး ကင်ဆာရောဂါဖြစ်နိုင်ခြေလည်း မြင့်တက်စေနိုင်ပါတယ်။ တခြားသော ကျန်းမာရေးပြဿနာတွေလည်း ရှိပါသေးတယ်။

ယခုဆက်လက်ဖော်ပြမှာကတော့ သစ်ကြံပိုးခေါက်ကို လွန်ကဲစွာ သုံးစွဲမိတဲ့အခါ ရလာနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်ပါတယ်။

သစ်ကြံပိုးခေါက် သုံးစွဲလွန်းရင် ဘာတွေ ဖြစ်နိုင်သလဲ

သစ်ကြံပိုးခေါက် သုံးစွဲလွန်းရင် ဘာတွေ ဖြစ်နိုင်သလဲ ဆိုတော့

၁။ အသည်းကို ထိခိုက်စေနိုင်ပါတယ်

သစ်ကြံပိုးခေါက် တစ်ဇွန်းစာ (၂.၆ ဂရမ်) မှာ coumarin ဟာ ၇ မီလီဂရမ်မှ ၁၈ မီလီဂရမ်ထိ ပါဝင်နိုင်ပါတယ်။ လူတစ်ယောက်အတွက် တစ်နေ့တာ coumarin ရရှိမှုနှုန်းဟာ ကိုယ်အလေးချိန် တစ်ပေါင်မှာ ဝ.၀၅ မီလီဂရမ်ဖြစ်ပါတယ်။ သဘောကတော့ ကိုယ်အလေးချိန် ၁၃၀ ပေါင်ရှိတဲ့ လူတစ်ယောက်အတွက် တစ်နေ့တာမှာ coumarin ပမာဏဟာ ၅ မီလီဂရမ် မကျော်ရပါဘူး။ ဒီတော့ လူတစ်ယောက်ဟာ တစ်နေ့တာမှာ သစ်ကြမ်းပိုးခေါက်ကို တစ်ဇွန်းစာထက် ပိုပြီး စားသုံးခြင်း မပြုသင့်ပါဘူး။ Coumarin ဓာတ်ဟာ လိုတာထက်ပိုပြီး ခန္ဓာကိုယ်ထဲရောက်သွားရင် အသည်းကို ထိခိုက်စေတတ်ပါတယ်။

၂။ ကင်ဆာဖြစ်နိုင်ခြေ မြင့်တက်စေနိုင်ပါတယ်

သစ်ကြံပိုးခေါက်မှာ ပါတဲ့ Coumarin ဟာ ကင်ဆာရောဂါအချို့ကိုလည်း ဖြစ်နိုင်ခြေ များစေပါတယ်။ Coumarin ဟာ လူသားတို့ရဲ့ မျိုးရိုးဗီဇ ဒီအန်အေကို ထိခိုက်စေရာမှ ကင်ဆာဖြစ်နိုင်ခြေ မြင့်စေတယ်လို့ သုတေသီများက ယူဆကြပါတယ်။ အထူးသဖြင့် အဆုတ်၊ အသည်းနဲ့ ကျောက်ကပ် စတဲ့နေရာတွေမှာ ကင်ဆာကျိတ်များ ဖြစ်ပေါ်လာဖို့ အားပေးတယ်လို့ ယူဆကြပါတယ်။ အကြောင်းအရင်းကိုတော့ သုတေသီများအနေနဲ့ ရှာဖွေနေဆဲ ဖြစ်ပါတယ်။

၃။ ပါးစောင်နာများ၊ ပါးစပ်အနာများဖြစ်စေနိုင်ပါတယ်။

လူတချို့မှာ သစ်ကြံပိုးခေါက် ပါဝင်တဲ့ အစားအစာကို စားမိရင် ပါးစပ်မှာ အနာတွေ ဖြစ်တတ်ပါတယ်။ ဒါဟာ သစ်ကြံပိုးခေါက်မှာ ပါဝင်တဲ့ cinnamaldehyde လို့ခေါ်တဲ့ ဓာတ်တစ်မျိုးကြောင့်ဖြစ်ပြီး များများစားမိရင် ဓာတ်မတည့်ခြင်း ဖြစ်တတ်ပါတယ်။ အနည်းငယ်ပဲ စားရင်တော့ တံတွေးဟာ အဆိုပါဓာတ်ပစ္စည်းများကို ပါးစပ်အတွင်းသားနဲ့ မထိအောင် ကာကွယ်ထားတာမို့ ဓာတ်မတည့်ခြင်း မဖြစ်နိုင်တော့ပါဘူး။

Cinnamaldehyde နဲ့ ဓာတ်မတည့်တဲ့အခါ ဖြစ်နိုင်တဲ့ ပြဿနာတွေကတော့ လျှာ (သို့မဟုတ်) သွားဖုံးရောင်ခြင်း၊ ပူခြင်း၊ ယားယံခြင်း၊ ပါးစပ်အတွင်း အဖြူကွက်များ ဖြစ်ပေါ်ခြင်း စတာတွေပဲ ဖြစ်ပါတယ်။ အဆိုပါပြဿနာတွေဟာ ဆိုးဆိုးရွားရွားတော့ ဒုက္ခမပေးပေမယ့် နေရထိုင်ရခက်စေပြီး စိတ်အနှောက်အယှက် ပေးပါတယ်။

၄။ သွေးတွင်းသကြားဓာတ်ကို ကျစေပါတယ်

သုတေသနတွေအရ သစ်ကြံပိုးခေါက်ဟာ သွေးတွင်းသကြားဓာတ်ကို လျော့ကျစေလို့ ဆီးချိုလူနာတွေအတွက် အကျိုးပြုပါတယ်။ သူ့မှာ အင်ဆူလင်နဲ့ ဆင်တူတဲ့ အာနိသင်ရှိပါတယ်။ ဒါပေမယ့် အများအပြားစားမိရင် သွေးတွင်းသကြားဓာတ်ကို အလွန်အမင်း ကျဆင်းသွားစေနိုင်ပါတယ်။ သွေးတွင်းသကြားဓာတ်ကျခြင်းကြောင့် မောပန်းနွမ်းနယ်ခြင်း၊ မူးဝေခြင်း၊ သတိလစ်ခြင်း စတာတွေ ဖြစ်လာနိုင်ပါတယ်။ အထူးသဖြင့် ဆီးချိုဆေးတွေကို ပုံမှန်သောက်သုံးနေသူတွေမှာ ဖြစ်တတ်ပါတယ်။

၅။ အသက်ရှူလမ်းကြောင်း ပြဿနာတွေ ဖြစ်နိုင်ပါတယ်

သစ်ကြံပိုးခေါက်ကို စားသုံးတာများသွားရင် အသက်ရှူလမ်းကြောင်းပြဿနာတွေ ကြုံတွေ့နိုင်ပါတယ်။ အထူးသဖြင့် သေးငယ်တဲ့ အမှုန်တွေ ရှူရှိုက်မိသွားပြီး ဖြစ်တတ်ပါတယ်။ ချောင်းဆိုးခြင်း၊ အသက်ရှူမမှန်ခြင်း၊ လည်ချောင်းယားယံခြင်း စတာတွေ ဖြစ်နိုင်ပါတယ်။ ပန်းနာရင်ကျပ်နဲ့ အသက်ရှူလမ်းကြောင်းပိုင်းဆိုင်ရာ ပြဿနာရှိသူတွေမှာ သတိထားသင့်ပါတယ်။

၆။ အခြားဆေးဝါးများနဲ့ ဓာတ်ပြုနိုင်ခြေ ရှိပါတယ်။

သစ်ကြံပိုးခေါက်ဟာ တော်တန်ရုံပဲစားရင် တခြားဆေးဝါးတွေနဲ့ ဘာပြဿနာမှ မဖြစ်စေပါဘူး။ ဒါပေမယ့် လွန်ကဲသွားရင်တော့ သင်သောက်သုံးနေတဲ့ ဆေးဝါးများနဲ့ ပေါင်းစပ်ဓာတ်ပြုနိုင်ခြေ ရှိပါတယ်။ အထူးသဖြင့် ဆီးချို၊ နှလုံးရောဂါ၊ အသည်းရောဂါ စတာတွေအတွက် သောက်သုံးနေတဲ့ ဆေးဝါးများ ဖြစ်ပါတယ်။ အာနိသင်များကို ပိုမိုအားကောင်းသွားစေပြီး ဘေးထွက်ဆိုးကျိုးတွေ တိုးလာနိုင်ပါတယ်။

ဥပမာအားဖြင့် သစ်ကြံပိုးခေါက်ဟာ အသည်းကို ထိခိုက်နိုင်ခြေ ရှိပါတယ်။ ဒီအခြေအနေမှာ ပါရာစီတမော၊ အစီတာမီနိုဖင် စတဲ့ဆေးဝါးတွေ များပြားစွာ သောက်သုံးနေရရင် အသည်းကို ထိခိုက်နိုင်ခြေ ပိုများလာစေပါတယ်။ ဆီးချိုဆေးသောက်သုံးနေရသူများမှာလည်း သွေးတွင်းသကြားဓာတ်ကို အလွန်အမင်း ကျဆင်းသွားစေနိုင်ပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.healthline.com/nutrition/side-effects-of-cinnamon Accessed Date 30 June 2020

ယခုပုံစံ

10/08/2023

Hello Sayarwon Panel မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဟင်းခတ် ငရုတ်ကောင်း ရဲ့ကျန်းမာရေးအကျိုးကျေးဇူး (၁၀) ခု

နနွင်း


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Hello Sayarwon Panel မှ ရေးသားသည်။ · 10/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement