backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

ဟင်းခတ် ငရုတ်ကောင်း ရဲ့ကျန်းမာရေးအကျိုးကျေးဇူး (၁၀) ခု

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 20/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ဟင်းခတ် ငရုတ်ကောင်း ရဲ့ကျန်းမာရေးအကျိုးကျေးဇူး (၁၀) ခု

ငရုတ်ကောင်း အနံ့မွှေးမွှေးလေးနဲ့ဆို ဟင်းခါးလေးဖြစ်ဖြစ်၊ မုန့်ဟင်းခါးလေးဖြစ်ဖြစ် အတော်ခံတွင်းမြိန်ကြတယ်မလား။ အရှေ့တိုင်းထမင်းဝိုင်းမှာ ပါလေ့ရှိတဲ့ ဟင်းခတ်အမွှေးအကြိုင်ဖြစ်သလို အနောက်တိုင်းအစားအစာ၊ ဥရောပအစားအစာတွေမှာလည်း ငရုတ်ကောင်းလေး ဖြူးထားတာ တွေ့ရများပါတယ်။

ငရုတ်ကောင်း ဆိုတာ

ဟင်းခတ် ငရုတ်ကောင်း ဆိုတာကို ထွေထွေထူးထူး ပြောစရာမလိုအောင် သိထားပြီးဖြစ်မှာပါ။ ငရုတ်ကောင်းကို ဟင်းခါးတွေ၊ အသားဟင်းတွေမှာ ထည့်သွင်းအသုံးပြုကြပါတယ်။ အစိမ်းတုန်းက အခွံစိမ်းစိမ်းလေးဖြစ်ပြီး လှော်ပြီး အခြောက်ခံပြီးချိန်မှာတော့ အမည်းရောင် အလုံးလေးလေးတွေ ဖြစ်သွားပါတယ်။ ပူရှိန်းရှိန်း မွှေးတေးတေးနဲ့ အခိုးပွင့်စေဖို့ လုပ်ဆောင်ပေးပါတယ်။

ဟင်းခတ် ငရုတ်ကောင်း ရဲ့ ကျန်းမာရေးအကျိုးကျေးဇူး

သည်လို အစားတလိုင်းတွေရဲ့ မိတ်ဆွေကြီး ဟင်းခတ် ငရုတ်ကောင်း က ခံတွင်းမြိန်စေတယ်၊ အခိုးပွင့်စေတယ်ဆိုတာအပြင် အသားအရေအတွက်အပါအဝင် တခြားကျန်းမာရေး အကျိုးကျေးဇူးတွေရှိနေသေးတယ်ဆိုတာကို သင်သိပါသလား။ဘာတွေဖြစ်မလဲ ကြည့်လိုက်ရအောင် –

(၁) စိတ်ကျခြင်းကို သက်သာစေခြင်း

ငရုတ်ကောင်း မှာပါတဲ့ piperine ဆိုတဲ့ဒြပ်ပေါင်းက စိတ်ကျဝေဒနာခံစားနေရတဲ့သူတွေအတွက် အရမ်းကိုအကျိုးပြုပါတယ်တဲ့။ ဦးနှောက်ရဲ့လုပ်ဆောင်ချက်တွေကို ကောင်းမွန်စေပြီး မှတ်ဉာဏ်လည်းကောင်းစေပါတယ်။

သုတေသနတွေအရ ငရုတ်ကောင်းနည်းနည်းကို ပုံမှန်စားပေးရင် စိတ်ကျရောဂါသက်သာစေပြီး ဦးနှောက်စွမ်းရည်ကို သိသိသာသာတိုးတက်စေတယ်လို့ဆိုပါတယ်။

(၂) အစာခြေစနစ်ကို ကောင်းစေခြင်း

အစာခြေတဲ့စနစ်အတွက် မရှိမဖြစ်လိုအပ်တဲ့ hydrochloric acid ဆိုတဲ့အက်စစ်ဓာတ်ကို ခန္ဓာကိုယ်က ထုတ်ပေးပါတယ်။ ငရုတ်ကောင်းက အဲဒီအက်စစ်ဓာတ်ထွက်ရှိမှုကို အားပေးပြီး အစာချေဖျက်မှု ပိုကောင်းစေပါတယ်။ လေလည်စေပြီး ချွေးထွက်ခြင်းနဲ့ ဆီးသွားခြင်းကို နှိုးဆွပေးနိုင်စွမ်းရှိလို့ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ကင်းစင်စေပါတယ်။

(၃) အာဟာရစုပ်ယူမှု အားကောင်းစေခြင်း

ငရုတ်ကောင်းလေးထည့်စားရင် တခြားအစားအစာတွေထဲကနေ အာဟာရဓာတ်စုပ်ယူနိုင်စွမ်း ပိုကောင်းစေပါတယ်တဲ့။

(၄) ဝိတ်ကျစေခြင်း

ကိုယ်အလေးချိန်ကျဖို့ဆိုရင် အဆီဆဲလ်တွေကို ဖြိုခွင်းနိုင်ဖို့လိုပါတယ်။ ငရုတ်ကောင်းက အဆီဆဲလ်တွေပြိုကွဲမှုကို မြန်ဆန်စေပြီး ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်စဉ်ကို နှုန်းပိုမြန်စေပါတယ်။

(၅) ချောင်းဆိုးနဲ့ လည်ချောင်းနာပျောက်ကင်းစေခြင်း

ချောင်းဆိုးခြင်းနဲ့ တခြားအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာတွေကို လျော့ပါးသက်သာစေတဲ့ အာနိသင်တွေ ငရုတ်ကောင်းမှာ ရှိပါတယ်။ ဥပမာ – ချောင်းအရမ်းဆိုးနေတဲ့အချိန် ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်းလေးပုံတစ်ပုံခန့်ကို ပျားရည်တစ်ဇွန်းနဲ့ရောပြီး စားပေးနိုင်ပါတယ်။

(၆) နှလုံးကျန်းမာစေခြင်း

နှလုံးသွေးကြောနံရံတွေမှာ သွေးတွင်းအဆီတွေ ကပ်တွယ်နေတာကိုလည်း ငရုတ်ကောင်းက ဖယ်ရှားပေးနိုင်လို့ atherosclerosisလို့ခေါ်တဲ့ ရောဂါကို ကာကွယ်နိုင်ပါတယ်။ Atherosclerosis ဟာ နှလုံးရုတ်တရက်ရပ်ခြင်းကို ဖြစ်စေတဲ့ အဓိကအကြောင်းရင်းလည်းဖြစ်ပါတယ်။

(၇) သွားကိုက်သက်သာစေခြင်း

ငရုတ်ကောင်းက သွားကိုက်ခြင်းနဲ့ သွားဖုံးရောဂါတွေကို သက်သာစေတဲ့အာနိသင်ရှိပါတယ်။ ပိုးမွှားတွေကို သေစေတဲ့အာနိသင်ကြောင့် ခံတွင်းမှာ ဘက်တီးရီးယားပျံ့နှံ့မှုကို ကာကွယ်ပေးနိုင်ပါတယ်။

(၈) ဆံပင်ဖြူခြင်းကို ကာကွယ်ခြင်း

ဆံပင်ဖြူခြင်းဟာ အသက်ကြီးသူတွေတင်မက လူငယ်လေးတွေမှာပါ ရင်ဆိုင်လာရတဲ့ပြဿနာ ဖြစ်ပါတယ်။ အရွယ်မတိုင်ခင် ဆံပင်ဖြူခြင်းကို ကာကွယ်ဖို့ သို့မဟုတ် ဆံပင်ဖြူနောက်ကျစေဖို့ နည်းရှိပါတယ်။ ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်းလေးပုံတစ်ပုံကို ဒိန်ချဉ်ခွက်တစ်ဝက်ထဲမှာ ထည့်မွှေပါ။ ဦးရေပြားမှာ နှိပ်လိမ်းပေးပြီး နာရီဝက်လောက်ထားပါ။ ညင်သာစွာ ရေဆေးချပါ။ မကြာခဏ ပုံမှန်လုပ်ပေးရင် ဆံပင်ဖြူခြင်းကို ဟန့်တားနိုင်ပါလိမ့်မယ်

(၉) အဆစ်နာဝေဒနာသည်တွေအတွက် သက်သာစေခြင်း

ငရုတ်ကောင်းကို အရေပြားမှာလိမ်းလိုက်တဲ့အခါ ပူနွေးနွေးခံစားမှုလေး သတိထားမိမှာပါ။ အဲဒါက သွေးလည်ပတ်မှုကောင်းစေပါတယ်။ အဆစ်နာဝေဒနာရှင်တွေကို နာကျင်မှုဝေဒနာသက်သာစေတဲ့အပြင် ယူရစ်အက်စစ်ကိုလည်း လျော့ပါးစေပါတယ်။

(၁၀) ငရုတ်ကောင်းနဲ့ အသားအရေ

ငရုတ်ကောင်းဟာ ခန္ဓာကိုယ်အတွက် အာဟာရဓာတ်တွေပေးစွမ်းနိုင်သလို သူ့ကို ဟင်းခတ်ပဲဖြစ်ဖြစ် ပုံမှန်စားပေးရင် ဝင်းလက်ပြီး ကြည်လင်တဲ့အသားအရေကို ရရှိစေနိုင်ပါတယ်။ ပျားရည် သို့မဟုတ် ဒိန်ချဉ်တို့နဲ့ ရောစပ်ပြီး exfoliator အဖြစ် ဆဲလ်သေဖယ်ရှားရာမှာသုံးနိုင်ပါတယ်။

ဘာတွေ သတိထားရမလဲ

ဆေးဖက်ဝင်တာ မှန်ပေမယ့် အများကြီး အသုံးပြုတာ၊ အလွန်အကျွံ အသုံးပြုတာမျိုး မလုပ်မိဖို့ လိုပါမယ်။ အများကြီးစားရင် ရင်ပူတာမျိုး ဖြစ်စေနိုင်ပါတယ်။

ဘယ်သူတွေ အသုံးမပြုသင့်ဘူးလဲ

ရောဂါအခံ ရှိသူတွေ၊ ကျန်းမာရေး ပြဿနာတစ်ရပ်ရပ်အတွက် ဆေးသောက်နေရသူတွေအနေနဲ့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ အသုံးပြုသင့်ပါတယ်။

သတင်းစကား

ငရုတ်ကောင်းက ဆေးဖက်ဝင်တယ်ဆိုပေမယ့် ကောင်းကျိုးဆိုးကျိုး သေချာသိရဖို့ လေ့လာစမ်းသပ်မှုတွေ လိုပါသေးတယ်။ ဘယ်အရာမဆို တန်ဆေး လွန်ဘေးဖြစ်တဲ့အတွက် သတိထား အသုံးပြုတာ အကောင်းဆုံးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 20/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement