brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

စမုန်စပါး (Caraway)

ပဲဟင်းတွေ အသားဟင်းတွေထဲမှာ ထည့်ချက်လေ့ရှိတဲ့ စမုန်စပါး (Caraway) အကြောင်းလေး ပြောပြပေးချင်ပါတယ်။ စမုန်စပါးကို ဟင်းခတ်အမွှေးအကြိုင်အနေနဲ့ သုံးသလို တိုင်းရင်းဆေးတွေ၊ ပရဆေးတွေမှာလည်း အသုံးပြုလေ့ ရှိပါတယ်။

စမုန်စပါး (Caraway)

အသုံးပြုပုံများ

စမုန်စပါး ကို ဘာအတွက်အသုံးပြုကြသလဲ

စမုန်စပါးရဲ့ အဆီ၊ အသီးနဲ့ အစေ့များကို ဆေးအဖြစ်သုံးကြပါတယ်။ စမုန်စပါး (Caraway) ကို အခုလိုမျိုး အစာခြေစနစ် ပြဿနာတွေ သက်သာစေဖို့ အသုံးပြုကြပါတယ်။

  • ရင်ပူခြင်း
  • ဗိုက်ကယ်ခြင်း
  • အစားအသောက်ပျက်ခြင်း
  • ဝမ်းချုပ်ခြင်း
  • Irritable bowel syndrome
  • အစာမကြေခြင်း
  • အူနာခြင်း
  • ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း
  • အူနဲ့ အစာအိမ်အောင့်ခြင်း
  • ဒါ့ပြင် စမုန်စပါးအဆီကို ချွဲပျော်စေဖို့အတွက်လည်း သုံးကြပါတယ်။ ဆီးရွှင်စေရန်၊ ကိုယ်တွင်းရှိ ဘက်တီးရီးယားများကို သေစေရန်၊ ဝမ်းချုပ်ခြင်းကိုသက်သာစေရန်လည်း သုံးကြပါတယ်။

    အမျိုးသမီးတွေ ရာသီလာစေဖို့၊ ရာသီလာစဉ် နာကျင်ကိုက်ခဲခြင်းများ သက်သာစေဖို့အတွက် စမုန်စပါးဆီကို အသုံးပြုကြပါတယ်။ နို့တိုက်မိခင်တွေ နို့ထွက်များစေဖို့ အသုံးပြုကြတာမျိုးလည်း ရှိပါတယ်။

    လေပြွန်ရောင်ခြင်းအတွက် ပလုတ်ကျင်းဆေးအဖြစ် သုံးနိုင်သလို သွေးလည်ပတ်မှု ကောင်းစေရန် အရေပြားလိမ်းဆေးအဖြစ်ပါ သုံးကြပါတယ်။

    ဘယ်လိုအလုပ်လုပ်လဲ

    ဒီဆေးဖက်ဝင်အပင်ထွက်ပစ္စည်းအတွက် လုံလောက်တဲ့ လေ့လာမှုမျိုးမရှိသေးပါ။ ဒီထက်ပိုသိလိုသည်များရှိပါက ဆရာဝန် သို့မဟုတ် တိုင်းရင်းဆေးဆရာများနဲ့ ဆွေးနွေးပါ။ တချို့သော လေ့လာမှုများအရ စမုန်စပါးအဆီက

    •  လေအောင့်သက်သာစေခြင်း
    • အနာကျက်မြန်စေခြင်း
    • ပိုးသေစေခြင်း ဂုဏ်သတ္တိများရှိပါတယ်။

    ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

    စမုန်စပါး အသုံးမပြုခင် ဘာတွေသိသင့်သလဲ

    စမုန်စပါးက ခွဲစိတ်ကုသမှုများ ပြုလုပ်နေချိန်နဲ့ ပြုလုပ်ပြီးနောက်မှာ သွေးတွင်းသကြားပမာဏကို အနှောင့်အယှက်ဖြစ်စေနိုင်တယ်လို့ ယူဆကြပါတယ်။ ဒါကြောင့် ခွဲစိတ်ကုသမှုခံယူရန်ရှိပါက ၂ပတ်ကြိုပြီး စမုန်စပါးပါတဲ့ ဆေးတွေကို ရပ်ထားရပါမယ်။

    နေရောင်တိုက်ရိုက်မထိစေရန်၊ စိုထိုင်းမှုမရှိစေရန် ဂရုစိုက်ပါ။ သတ္တုဗူး၊ ဖန်ဗူးများနဲ့ သိမ်းဆည်းပါ။

    စမုန်စပါးကို စိတ်ချလက်ချသုံးနိုင်ရန်အတွက် လေ့လာမှုများ ထပ်လိုပါသေးတယ်။ အသုံးမပြုမီ ဒီအပင်ထွက်ဆေးကို သုံးပြီး ရရှိလာမယ့် ကောင်းကျိုးဆိုးကျိုးကို ချိန်ဆနိုင်ဖို့ ဆရာဝန် ဒါမှမဟုတ် တိုင်းရင်းဆေးဝါးပညာရှင်များနဲ့ ဆွေးနွေးပါ။

    စမုန်စပါး က ဘယ်လောက်စိတ်ချရလဲ

    သားအိမ်ကြွက်သားပျော့စေနိုင်တာကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ မသုံးသင့်ပါ။ နို့တိုက်မိခင်များနဲ့ ကလေးတွေကတော့ စိတ်ချရတဲ့ သုသေတနရလဒ်တွေ မရှိမချင်း ဆေးအဖြစ် မသုံးသင့်ပါ။

    ဘေးထွက်ဆိုးကျိုးများ

    စမုန်စပါး ကနေ ဘယ်လိုဘေးထွက်ဆိုးကျိုးမျိုးတွေကို ခံစားရနိုင်မလဲ

    • မစားချင်မသောက်ချင်ဖြစ်ခြင်း
    • ဝမ်းပျက်ခြင်း
    • အသည်းထိခိုက်ခြင်း
    • ကျောက်ကပ်ထိခိုက်ခြင်း
    • အနီကွက်ထခြင်း
    • အရေပြားလောင်ခြင်း
    • အရေပြားရောင်ရမ်းခြင်း

    စမုန်စပါးကို peppermint အဆီနဲ့ တွဲသုံးရင် ရင်ပြည့်ခြင်း၊ ရင်ပူခြင်း၊ ပျို့ခြင်းများ ဖြစ်တတ်ပါတယ်။ လိမ်းဆေးအဖြစ်သုံးပါက ဓာတ်မတည့်တဲ့သူတွေမှာ အရေပြားအကွက်ထခြင်း၊ ယားယံခြင်းများ ဖြစ်နိုင်ပါတယ်။

    ခုပြောတဲ့ ဘေးထွက်ဆိုးကျိုးတွေက လူတိုင်းမှာ ဖြစ်ချင်မှဖြစ်မှာပါ။ တစ်ဦးနဲ့တစ်ဦးလည်း ကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများရှိနေမယ်ဆိုရင် ဆရာဝန် သို့မဟုတ် တိုင်းရင်းဆေးဝါးပညာရှင်နဲ့ တိုင်ပင်ဆွေးနွေးပါ။

    ဆေးဓာတ်ပြုမှုများ

    ဘယ်လိုဓာတ်ပြုမှုတွေရှိလာနိုင်သလဲ

    သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေတွေအပေါ် သက်ရောက်မှုတွေ ရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးအာနိသင် ပြောင်းလဲသွားတာတွေ ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို ကြိုတင်အသိပေးဖို့ အရေးကြီးပါတယ်။

    ဒါ့ပြင် လောလောဆယ် သောက်သုံးနေတဲ့ တခြားဆေးဝါးတွေနဲ့ ဓာတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေရဲ့ အာနိသင်ပြောင်းလဲတာ၊ ဘေးထွက်ဆိုးကျိုးတွေ ပိုခံစားရတာတွေ ဖြစ်နိုင်ပါတယ်။

    မလိုလားအပ်တဲ့ ဆေးဝါးဓာတ်ပြုမှုတွေ ဖြစ်မလာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေ အားလုံးရဲ့ စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေ အားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို ပြောပြဖို့ လိုပါတယ်။

    စမုန်စပါးက သွေးတွင်းသကြားဓာတ်ကို ကျစေနိုင်ပါတယ်။ ဒါကြောင့် ဆီးချိုလူနာတွေ စမုန်စပါးသုံးမယ်ဆိုရင် သွေးတွင်းသကြားဓာတ်ကို သေချာဂရုစိုက်ရပါမယ်။ ဆီးချိုအတွက် သောက်သုံးတဲ့ ဆေးပမာကဏကို လိုအပ်ရင် ပြန်ချိန်ဖို့ လိုပါတယ်။

    သောက်သုံးရန်အညွှန်း

    အခုအချက်အလက်များမှာ ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ ဆေးဝါးများကို အသုံးမပြုခင် ဆရာဝန် သို့မဟုတ် ဆေးဝါးပညာရှင်နဲ့ အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါတယ်။

    စမုန်စပါး အတွက် ပုံမှန်သောက်သုံးရန်အညွှန်းက ဘယ်လောက်လဲ

    ရင်ပူခြင်းကို ကုသရန်အတွက် ပုံမှန်ဆေးပမာဏမှာ စမုန်စပါးဆီ ၅၀ – ၁၀၀ မီလီဂရမ်အား Peppermint ဆီနဲ့ တွဲဖက်သုံးနိုင်ပါတယ်။ လိုအပ်တဲ့ ဆေးပမာဏက တစ်ဦးနဲ့ တစ်ဦးမတူနိုင်ပါ။ သောက်သုံးရမယ့် ပမာဏက အသက်၊ ကျန်းမာရေးအခြေအနေနဲ့ တခြားအချက်တွေအပေါ် မူတည်ပါသည်။ အပင်ထွက်ဆေးပစ္စည်းတွေက အမြဲတမ်းစိတ်ချရတာ မဟုတ်ပါဘူး။ ဒါကြောင့် သင်နဲ့ သင့်တော်တဲ့ ဆေးပမာဏသိဖို့အတွက် ဆရာဝန် သို့မဟုတ် တိုင်းရင်းဆေးဝါးပညာရှင်နဲ့ တိုင်ပင်ဆွေးနွေးပါ။

    စမုန်စပါး က ဘယ်လိုပုံစံမျိုးတွေနဲ့ ရနိုင်သလဲ

    စမုန်စပါးကို လက်ဖက်ရည်၊ ဆေးတောင့်၊ အဆီ၊ အစေ့၊ စမုန်စပါးရည်၊ အမှုန့်၊ ပေါင်းရည်အဖြစ် ရရှိနိုင်ပါသည်။

    Hello Sayarwon Panel
    Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Hello Sayarwon Panel မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 21/12/2022 ဖြစ်ပါသည်။

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။