သွေးပေါင်ကျတယ်ဆိုတာ
သွေးပေါင်ကျတယ်ဆိုတာကဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေးပြဿနာတစ်ခုပါ။ အရမ်းစိုးရိမ်ရတာမျိုးမဟုတ်ပေမယ့်သေချာဂရုစိုက်ဖို့တော့လိုအပ်တဲ့ ကျန်းမာရေး အခြေအနေတစ်ခုပါ။သွေးပေါင်ချိန်တိုင်းကြည့်လိုက်လို့ အပေါ်သွေးက ၉၀ mmHgအောက်သွေးက ၆၀ mmHgဖြစ်နေမယ်ဆိုရင်သွေးပေါင်ကျနေပြီလို့ပြောပါရစေ။ ပုံမှန်အားဖြင့်တော့ လူတစ်ယောက်က အပေါ်သွေး ၁၂၀ mmHg နဲ့အောက်သွေး ၈၀ mmHg မှာရှိရမှာဖြစ်ပါတယ်။
သွေးပေါင်ကျတာကြောင့်ပြင်းပြင်းထန်ထန်လက္ခဏာတစ်ခုခုမရှိဘူးဆိုရင် စိုးရိမ်စရာမရှိပေမယ့်သွေးပေါင်ကျတာကြောင့် ခန္ဓါကိုယ် အစိတ်အပိုင်းတွေဆီကိုသွေးလုံလောက်စွာမရောက်တာမျိုးဖြစ်လာမယ်ဆိုရင် စိုးရိမ်စရာကောင်းနေပါပြီ။သွေးပေါင်ကျတာကရေရှည်မှာပြင်းထန်တဲ့ ကျန်းမာရေးအကျိုးဆက်တွေအနေနဲ့
- ရုတ်တရက်မူးလဲတာ
- လေဖြတ်တာ
- ရုတ်တရက်နှလုံးရပ်တာ
- ကျောက်ကပ်ပျက်စီးတာမျိုးဖြစ်နိုင်ပါတယ်။
သွေးပါင်ကျတတ်သူတွေအတွက် ကျန်းမာရေးနဲ့ညီညွတ်တဲ့နေထိုင်မှုပုံစံ
သွေးပေါင်ကျတိုင်းဆေးရုံဆေးခန်းသွားဖို့မလိုပါဘူး။ အချို့သောအပြုအမူလေးတွေကိုပြင်ဆင်မှုက ကိုယ့်ကိုကိုယ်သွေးပေါင်ကျတဲ့ကျန်းမာရေးပြဿနာနဲ့ ခပ်ကင်းကင်းနေနိုင်အောင် အထောက်အပံ့ပေးနိုင်မှာပါ။ ဘာတွေများသတိထားရမလဲ အတူတူဆက်ကြည့်လိုက်ကြမလား။
ဆား စားပေးပါ – ဆားကို အလွန်အကျွံမစားသင့်ပေမယ့် လုံးဝမစားဘဲနေတာတော့ မဖြစ်သင့်ပါဘူး။သွေးပေါင်ကျတတ်တယ်ဆိုရင် ဆားကို နည်းနည်းလောက်တော့စားပေးပါ။
ရေများများသောက်ပါ – အရည်ဓါတ်ကသွေးထုထည်ကိုတိုးစေနိုင်ပါတယ်။နောက်တစ်ချက်က ခန္ဓါကိုယ်ကိုရေဓါတ်ပြည့်ဝစေနိုင်တာပါ။သွေးပေါင်ကျတာကို သက်သာစေဖို့အတွက်ရော ခန္ဓါကိုယ် ကျန်းမာစေဖို့အတွက်ပါရေများများသောက်ပေးပါ။
သောက်နေရတဲ့ဆေးဝါးတွေနဲ့ ပတ်သက်လို့ ဆရာဝန်နဲ့တိုင်ပင်ပါ – တစ်ခါတလေမှာသွေးပေါင်ကျတာကသောက်နေရတဲ့ဆေးဝါးတွေကြောင့်လည်းဖြစ်နေနိုင်ပါတယ်။ ဒါကြောင့်ဆေးတွေစသောက်ပြီးတဲ့အခါသွေးပေါင်ကျတဲ့လက္ခဏာမျိုးခံစားရမယ်ဆိုရင် ဆရာဝန်နဲ့သေချာဆွေးနွေးတိုင်ပင်ကြည့်ပါ။
နည်းနည်းချင်းနဲ့ အကြိမ်များများစားပေးပါ -အစားစားတဲ့အခါ နည်းနည်းချင်းစီနဲ့ ခဏခဏစားပေးပါ။ ဒီနည်းလမ်းကသွေးပေါင်ကျတဲ့သူတွေအတွက် အသုံးတည့်နိုင်ပါတယ်။ ဒီနည်းက တစ်ခါတည်းအများကြီးစားတာထက်သွေးပေါင်ကျတာကို ပိုပြီး သက်သာစေနိုင်ပါတယ်။
ရုတ်တရက် ခန္ဓါကိုယ်နေဟန်ထားပြောင်းတာမျိုး မလုပ်ပါနဲ့ – ရုတ်ရက်ထိုင်ချလိုက်တာ၊ မတ်တတ်ရပ်လိုက်တာမျိုးမလုပ်ပါနဲ့။ မိုက်ခနဲမူးတာ၊ခေါင်းထဲမှာ မူးဝေတာမျိုးခံစားရနိုင်ပါတယ်။သွေးပေါင်ကျတတ်သူတွေအနေနဲ့ ရုတ်တရက်ကိုယ်နေဟန်ထားပြောင်းတာမျိုးကမလုပ်သင့်တဲ့ အပြုအမူတစ်ခုပါ။ အိပ်ရာက နိုးတဲ့အခါ အရင်ထိုင်ပြီးမှာဖြည်းဖြည်းချင်းမတ်တတ်ထပေးပါ။
ကိုယ့်ကျန်းမာရေးကို ဂရုစိုက်ရမယ့်သူက ကိုယ်တိုင်ဖြစ်တာကြောင့် ဒီအချက်လေးတွေကို သတိထားပေးဖို့ပြောပါရစေနော်။
Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
[embed-health-tool-heart-rate]