backup og meta

အမြဲတမ်းမောပန်းနွမ်းနယ်နေရတဲ့ အကြောင်းအရင်းများ


Dr. Thant Zin မှ ရေးသားသည်။ · 12/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အမြဲတမ်းမောပန်းနွမ်းနယ်နေရတဲ့ အကြောင်းအရင်းများ

    ပင်ပန်းနွမ်းနယ်ခြင်းဆိုတာ လူသားတို့ နေ့စဉ်ဘဝမှာ ကြုံရမယ့်အရာပဲ ဖြစ်ပါတယ်။ ရောဂါဝေဒနာ ဒါမှမဟုတ် ရုန်းကန်လှုပ်ရှားမှုများလို့ ပင်ပန်းနွမ်းနယ်ရတာ ရှိသလို တခါတရံမှာ အကြောင်းအရင်းမယ်မယ်ရရ မရှိဘဲလည်း ပင်ပန်းနွမ်းနယ်နေတတ်ပါတယ်။ များသောအားဖြင့် နေထိုင်မှုပုံစံတွေကြောင့် ဖြစ်ပါတယ်။

    အခုဆောင်းပါးမှာ ဖော်ပြမယ့်အချက်တွေကတော့ သင့်အနေနဲ့ ဘယ်လိုကိစ္စတွေကြောင့် မောပန်းနွမ်းနယ်နေရသလဲဆိုတာနဲ့ အဆိုပါအချက်တွေကို ဘယ်လိုဖြေရှင်းနိုင်သလဲ ဆိုတာပါပဲ။

    ၁။ စားကောင်းအောင် လွန်ကဲစွာ ပြင်ဆင်ထားသော ကာဘိုဟိုက်ဒရိတ်များ အများအပြား စားသုံးခြင်း

    ကာဘိုဟိုက်ဒရိတ်ဟာ စွမ်းအင်ကို လျင်မြန်စွာ ရရှိနိုင်တဲ့ ရင်းမြစ်ဖြစ်ပါတယ်။ ကိုယ်ခန္ဓာကနေ သကြားအဖြစ်ကို ဖြိုခွဲပေးလိုက်ပြီး လောင်စာအနေနဲ့ သုံးပါတယ်။

    ဒါပေမယ့် အဆင့်ဆင့်ပြပြင်ထားတဲ့ ကာဘိုဟိုက်ဒရိတ်နဲ့ သကြားကို များများစားမိရင် သွေးတွင်းသကြားဓာတ် တက်လာပါတယ်။ အဲဒီအခါ မုန့်ချိုအိတ်ကနေ အင်ဆူလင်ကို ထွက်လာစေပြီး သကြားဓာတ်နည်းအောင် ပြုလုပ်ပါတယ်။

    သကြားဓာတ်ကို မြင့်တက်စေပြီး ရုတ်တရက်ပြန်လည်ကျစေခြင်းဟာ သင့်ကို ပင်ပန်းနွမ်းနယ်စေပါတယ်။ အဲဒီအခါ ထပ်စားချင်စိတ်ပေါ်လာပြီး ထပ်စားခဲ့ရင် သံသရာလည်နေမှာ ဖြစ်ပါတယ်။

    ၂။ အထိုင်များပြီး လှုပ်ရှားမှုနည်းခြင်း

    မလှုပ်မရှားဘဲ အထိုင်များခြင်းကလည်း နွမ်းနယ်ခြင်းရဲ့ အကြောင်းအရင်း ဖြစ်နိုင်ပါတယ်။ လူအများစုဟာ လေ့ကျင့်ခန်းလုပ်ဖို့ဆိုရင် ပင်ပန်းတယ်ယူဆပြီး ရှောင်ကြပါတယ်။ တကယ်တော့ ဒီပြဿနာဟာ လေ့ကျင့်ခန်းလုံးဝမလုပ်လို့ဖြစ်တဲ့ ပြဿနာပဲ ဖြစ်ပါတယ်။ လေ့ကျင့်ခန်းကို ပုံမှန်ပြုလုပ်ပေးခြင်းဟာ ကျန်းမာသန်စွမ်းပြီး စိတ်ရွှင်လန်းစေနိုင်ပါတယ်။ လေ့ကျင့်ခန်း တကူးတက မလုပ်နိုင်သူတွေအနေနဲ့လည်း နေ့စဉ်ပုံမှန် လှုပ်ရှားသွားလာတဲ့ကြားထဲက လုပ်သွားနိုင်ပါတယ်။ ဥပမာ ရုံးခန်းပေါ် ဓာတ်လှေကားနဲ့ မတက်ဘဲ လှေကားကနေတက်ပါ။ ကားကို သွားမယ့်နေရာ ခပ်လှမ်းလှမ်းမှာရပ်ပြီး လမ်းလျှောက်သွားပါ။

    ၃။ အိပ်ရေးမဝခြင်း

    သင်အိပ်ပျော်နေစဉ်မှာ သင့်ကိုယ်ခန္ဓာဟာ နားမနေပါဘူး။ မှတ်ဉာဏ်များ သိုလှောင်ခြင်း၊ ဇီဝဖြစ်ပျက်မှုကို ထိန်းညှိဖို့အတွက် ဟော်မုန်းများထုတ်လုပ်ပေးခြင်း စတာတွေကို ပြုလုပ်ပေးပါတယ်။ ကောင်းကောင်းအိပ်စက်ပြီးချိန်မှာတော့ သင့်အနေနဲ့ လန်းဆန်းပြီး အားအင်ပြည့်နေမှာ ဖြစ်ပါတယ်။

    သုတေသနတွေအရ အရွယ်ရောက်ပြီးသူတွေဟာ တညကို ၇ နာရီခန့် အိပ်စက်သင့်ပါတယ်။ အရေးကြီးတာက ဦးနှောက်အနေနဲ့ အိပ်စက်ခြင်းဖြစ်စဉ်ကို ကောင်းစွာစီမံနိုင်ဖို့ အနှောက်အယှက်ကင်းကင်းနဲ့ အိပ်စက်နိုင်ဖို့ လိုပါတယ်။ ဒါမှမဟုတ်ရင်တော့ သင့်ရဲ့တနေ့တာမှာ စွမ်းအင်မပြည့်ဝဘဲ နွမ်းနယ်နေပါလိမ့်မယ်။

    ၄။ ကယ်လိုရီလုံလောက်စွာ မစားခြင်း

    တနေ့တာ စားသောက်ရာမှာ ကယ်လိုရီနည်းပါးလွန်းခြင်းဟာလည်း ပင်ပန်းနွမ်းနယ်ခြင်းရဲ့ အကြောင်းတရပ် ဖြစ်ပါတယ်။ ကိုယ်ခန္ဓာဟာ ရွေ့လျားလှုပ်ရှားဖို့၊ ကိုယ်ခန္ဓာရဲ့အပူချိန်ကို ထိန်းသိမ်းနိုင်ဖို့ စတာတွေအတွက် စွမ်းအင်လိုအပ်ပြီး ဒီအတွက် ကယ်လိုရီကို သုံးစွဲပါတယ်။

    ကယ်လိုရီနည်းပါးချိန်မှာ ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်ပျက်မှုဟာ နှေးကွေးသွားပါတယ်။ အကျိုးဆက်အနေနဲ့ ပင်ပန်းနွမ်းနယ်ခြင်းအဖြစ်ကို ဦးတည်သွားစေပါတယ်။ လူအများစုအတွက် ကယ်လိုရီလိုအပ်မှုဟာ ပျမ်းမျှအားဖြင့် ၁၂၀၀ ကယ်လိုရီဖြစ်ပါတယ်။

    ၅။ အိပ်ချိန်မှားခြင်း

    အိပ်ချိန်မှားယွင်းခြင်းဟာ စွမ်းအင်လျော့ကျစေပါတယ်။ ညအချိန်အိပ်ရမယ့်အစား နေ့ဖက်မှာ အိပ်ခြင်းဟာ ဇီဝနာရီကို အပြောင်းအလဲဖြစ်စေပါတယ်။ အိပ်စက်မှုပုံစံ ပျက်ယွင်းပြီး ပင်ပန်းနွမ်းနယ်နေတတ်ပါတယ်။ ဒီပြဿနာဟာ ညပိုင်းအလုပ်ဆင်းသူတွေမှာ တွေ့ရတတ်ပါတယ်။

    ၆။ ပရိုတိန်းလုံလောက်စွာ မစားခြင်း

    တနေ့တာ စားသောက်ဖွယ်ရာတွေမှာ ပရိုတိန်းဓာတ် လုံလောက်စွာ မပါရင်လည်း ပင်ပန်းနွမ်းနယ်တတ်ပါတယ်။ ပရိတိန်းဓာတ်ဟာ ကာဘိုဟိုက်ဒရိတ်နဲ့ အဆီဓာတ်ထက်စာရင် ဇီဝဖြစ်ပျက်နှုန်းကို မြှင့်တင်ပေးနိုင်ပါတယ်။ ပရိုတိန်းကြွယ်ဝတဲ့ အသားငါး၊ ဥအမျိုးမျိုး၊ ပဲအမျိုးမျီုးကို လုံလောက်စွာ စားသုံးရင် ဇီဝဖြစ်ပျက်မှုနှုန်း မြန်ဆန်ပြီး မောပန်းနွမ်းနယ်ခြင်းကနေ ကာကါယ်ပေးနိုင်ပါတယ်။

    ၇။ ရေဓာတ်လုံလောက်စွာမရခြင်း

    ကိုယ်ခန္ဓာစွမ်းအင်ပြည့်ဝဖို့ဆိုရင် ရေဟာ အရေးကြီးပါတယ်။ ရေဓာတ်ဆုံးရှုံးတဲ့အခါ ကိုယ်ခန္ဓာထဲမှာ ဇီဝဓာတုဖြစ်ပျက်မှုတွေ အများအပြားဖြစ်ပေါ်နိုင်ပါတယ်။ အားအင်လည်း ကုန်ခမ်းစေပါတယ်။

    သုတေသနတခုမှာ ဖော်ပြချက်အရ ပြေးစက်ပေါ်မှာ အပြေးလေ့ကျင့်ပြီး ကိုယ်ခန္ဓာရဲ့ ရေဓာတ် ၁% ဆုံးရှုံးသွားသူ အမျိုးသားတွေမှာ ပင်ပန်းနွမ်းနယ်မှုဖြစ်ပေါ်ပြီး ပုံစံတူလေ့ကျင့်ခန်းပြုလုပ်ပြီး ရေဓာတ်ဖြည့်တင်းသူများမှာတော့ ထပ်တူမခံစားခဲ့ရဘူးလို့ ဆိုလိုပါတယ်။

    တနေ့ကို ပျမ်းမျှအားဖြင့် ရေ ၈ ခွက် ( ၂၃၀ မီလီလီတာခန့်) သောက်သုံးသင့်တယ်ဆိုပေမယ့် သင့်ရဲ့ ကိုယ်အလေးချိန်၊ အသက်အရွယ်၊ ကျား/မကွဲပြားမှု၊ လှုပ်ရှားမှုပုံစံပေါ် မူတည်ပြီး ကွာခြားချက်ရှိနိုင်ပါတယ်။

    ၈။ စွမ်းအားဖြည့်အချိုရည်များပေါ် မှီခိုလွန်းခြင်း

    စွမ်းအားဖြည့်အချီုရည်တွေမှာ ပါဝင်တာတွေကတော့ ကဖိန်း၊ သကြား၊ အမိုင်နိုအက်ဆစ်၊ ဗီတာမင်ဘီ စတာတွေ ဖြစ်ပါတယ်။ ၎င်းတို့အနက် ကဖိန်းနဲ့သကြား ပါဝင်မှုများပြားတဲ့အတွက် သောက်သုံးပြီးပြီးချင်းမှာ စွမ်းအင်ပြည့်ဝသွားသလို ခံစားရပါတယ်။ ဒါပေမယ့် ကဖိန်းနဲ့သကြားဓာတ်ရဲ့ အာနိသင်တွေပြယ်သွားချိန်မှာတော့ ပင်ပန်းနွမ်းနယ်ခြင်းဟာ ပြန်ပြီး ပေါ်လာနိုင်ပါတယ်။

    စွမ်းအားဖြည့်အချိုရည်တဘူးမှာ ကဖိန်းဟာ ၃၅၀ မီလီဂရမ်ထိ ပါဝင်နိုင်ပါတယ်။ ကော်ဖီတခွက်မှာ ၁၅၀ မီလီဂရမ်ထိသာ အများဆုံး ပါဝင်ပါတယ်။ ဒါကြောင့် စွမ်းအားဖြည့်အချိုရည်တွေကို အလွန်အကျွံသောက်သုံးခြင်းကနေ ရှောင်ကြဉ်သင့်ပါတယ်။

    ၉။ စိတ်ဖိစီးမှုများလွန်းခြင်း

    စိတ်ဖိစီးခြင်းဟာ နေ့စဉ်ကြုံတွေ့ရတတ်တဲ့ အရာဖြစ်ပေမယ့် ဖိစီးမှုဖြစ်နေတဲ့ ကာလရှည်ကြာလာတာနဲ့အမျှ ရုပ်ပိုင်းဆိုင်ရာကိုပါ ထိခိုက်လာပြီး နွမ်းနယ်လာတတ်ပါတယ်။ ဒါ့အပြင် စိတ်ဖိစီးမှုကို ဘယ်လိုတုံ့ပြန်သလဲဆိုတာကပါ သင့်ကိုဘယ်လောက်ထိ ပင်ပန်းစေသလဲ ဆိုတာပေါ် မူတည်ပါတယ်။

    တကယ်တော့စိတ်ဖိစီးမှုဆိုတာ ရှောင်ရှားလို့ လွတ်နိုင်တဲ့ အခြေအနေမဟုတ်ပါဘူး။ ဘယ်လိုဖြေရှင်းမလဲဆိုတာကပဲ အရေးကြီးပါတယ်။ တရားထိုင်ခြင်း၊ ယောဂကျင့်ခြင်း စတာတွေဟာ စိတ်ဖိစီးမှုကို လျော့ပါးသက်သာစေပါတယ်။

    နိဂုံး

    သင့်ကို ပင်ပန်းနွမ်းနယ်ပြီး အားအင်ကုန်ခမ်းစေနိုင်တဲ့ အကြောင်းအရာ ပေါင်းစုံရှိပါတယ်။ များသောအားဖြင့် နေထိုင်မှုပုံစံပေါ်မူတည်ပြီး အနည်းငယ် အပြောင်းအလဲလုပ်ပေးရင် အဆင်ပြေပါတယ်။ နောက်ခံရောဂါတစုံတရာရှိမရှိကိုတော့ ဆရာဝန်နဲ့ တိုင်ပင်ရမှာ ဖြစ်ပါတယ်။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thant Zin မှ ရေးသားသည်။ · 12/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement