backup og meta

အစာမကြေရင်ပူခြင်းနှင့် နှလုံးထိခိုက်ခြင်း ဘာကွာခြားသလဲ


Dr. Thant Zin မှ ရေးသားသည်။ · 21/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အစာမကြေရင်ပူခြင်းနှင့် နှလုံးထိခိုက်ခြင်း ဘာကွာခြားသလဲ

    အစာမကြေရင်ပူခြင်း (Heartburn) နဲ့ နှလုံးထိခိုက်ခြင်း (heart attack) ဟာ ကွဲပြားတဲ့ အခြေအနေတွေ ဖြစ်ပေမယ့် ကြုံတွေ့ရတဲ့ လက္ခဏာဟာ အတော်လေးဆင်တူပါတယ်။ နှစ်မျိုးစလုံးမှာ ရင်ဘတ်အောင့်တတ်ပါတယ်။ အဲဒီအခြေအနေကြုံလာရင် နှလုံးရောဂါကြောင့်ဆိုပြီး အရေးပေါ်ဆေးဝါးကုသမှု ခံယူရမလား အစာအိမ်လေဆေးလောက် သောက်ရုံနဲ့ ပြီးသွားမလားဆိုပြီး ဆုံးဖြတ်ရခက်ပါတယ်။

    အဆိုပါအခြေအနေနှစ်မျိုးစလုံးမှာ ရင်ဘတ်အောင့်ခြင်း ဘာကြောင့်ဖြစ်လာရသလဲ နားလည်ရအောင် နှစ်မျိုးစလုံးရဲ့ နောက်ကွယ်က အကြောင်းအရင်းတွေကို သိရှိထားဖို့ လိုအပ်ပါတယ်။

    နှလုံးထိခိုက်ခြင်း (Heart attack)

    နှလုံးထိခိုက်ခြင်းဆိုတာကတော့ နှလုံးမှာရှိတဲ့ အဓိကနှလုံးသွေးကြောတွေမှာ သွေးလည်ပတ်မှု လျော့ကျသွားလို့ ဖြစ်ပါတယ်။ အကျိုးဆက်အနေနဲ့ နှလုံးမှာ သွေးနဲ့အောက်ဆီဂျင် ရရှိမှု နည်းသွားပါတယ်။ ဒီအခြေအနေကို နှလုံးသွေးငတ်ခြင်းလို့ ခေါ်ပါတယ်။

    နှလုံးထိခိုက်မှုဖြစ်ချိန်မှာ နှလုံးကြွက်သားတွေမှာ သွေးရရှိမှုနည်းသွားပြီး ရင်ဘတ်အောင့်ခြင်း အပါအဝင် တခြားဝေဒနာတွေ ကြုံနိုင်ပါတယ်။

    အစာမကြေရင်ပူခြင်း

    အစာမကြေရင်ပူခြင်းဆိုတာကတော့ အစာအိမ်ထဲက အက်ဆစ်များဟာ အစာရေမျိုထဲကို (တခါတရံမှာ ပါးစပ်ထဲအထိ) ရောက်လာချိန်မှာ ဖြစ်ပေါ်တတ်ပါတယ်။ အစာအိမ်ထဲက အက်ဆစ်များဟာ အစာကို မချေနိုင်တော့တဲ့အတွက် ဖြစ်ပါတယ်။

    အစာအိမ်နံရံတွေဟာတော့ အက်ဆစ်ဒဏ်ကို ခံနိုင်ရည်ရှိတဲ့အတွက် ထိရောက်မှုမရှိပေမယ့် အစာရေမျိုနံရံကတော့ အက်ဆစ်ဒဏ်ကို မခံနိုင်ပါဘူး။ ဒါကြောင့် ပူလောင်တဲ့ ခံစားချက်ဖြစ်ပေါ်စေပြီး ရင်ဘတ်အောင့်ခြင်း၊ မအီမသာဖြစ်ခြင်းများ ဖြစ်ပေါ်စေပါတယ်။

    လက္ခဏာများ နှိုင်းယှဉ်ချက်

    နှလုံးထိခိုက်ခြင်း

    ရင်ဘတ်အောင့်ခြင်းဟာ နှလုံးထိခိုက်ခြင်းရဲ့ အဓိကလက္ခဏာ ဖြစ်ပါတယ်။ တခြားတွေ့ရနိုင်တဲ့ လက္ခဏာတွေကတော့

    • မူးဝေခြင်း

    • သတိလစ်ချင်သလိုဖြစ်ခြင်း

    • ပျို့အန်ခြင်း

    • လည်ပင်း၊ မေးရိုး၊ နောက်ကျောသို့ နာကျင်မှုပျံ့သွားခြင်း

    • အသက်ရှူကြပ်ခြင်း

    ချွေးထွက်ခြင်း

    • ပင်ပန်းနွမ်းနယ်ခြင်း စတာတွေပဲ ဖြစ်ပါတယ်။

    အစာမကြေရင်ပူခြင်း

    အစာမကြေရင်ပူခြင်းဟာ အတော်လေးကို မအီမသာဖြစ်ရတဲ့ အခြေအနေဖြစ်ပြီး ရင်ခေါင်းနေရာမှာ ပူလောင်နေပြီး ရင်ဘတ်ဆီပါ ပျံ့သွားစေပါတယ်။ တခြားလက္ခဏာတွေကတော့

    • ပက်လက်လှန်လှဲချိန်တွင် ရင်ဘတ်ထဲပူလာခြင်း

    • အစာစားပြီးချိန်အောင့်ခြင်း

    • နာကျင်ခြင်းကြောင့် ကောင်းကောင်းအိပ်မပျော်ခြင်း (အထူးသဖြင့် အိပ်ရာမဝင်ခင် စားသောက်ခြင်း)

    • ပါးစပ်အတွင်းချဉ်ခြင်း (သို့) အက်ဆစ်အရသာ ခံစားရခြင်း

    အစာမကြေရင်ပူခြင်းဟာ များသောအားဖြင့် အစာအိမ်လေဆေးသောက်ပြီးချိန်မှာ သက်သာသွားတတ်ပါတယ်။

    ရင်ပူခြင်းလား၊ နှလုံးရောဂါလား ခွဲခြားရန်

    ၁။ ဘယ်လိုနေရင် သက်သာလဲ

    အက်ဆစ်တွေပြန်ဆန်တက်လာရင် ထိုင်နေပြီး လေဆေးသောက်ခြင်းဟာ နာကျင်မှုကို သက်သာစေပါတယ်။ ပက်လက်လှဲခြင်း၊ အရှေ့ကိုခါးကိုင်းထားခြင်း စတာတွေဟာ ပိုဆိုးစေပါတယ်။ နှလုံးထိခိုက်ခြင်းကတော့ ထိုင်ပြီး လေဆေးသောက်ရုံနဲ့ မသက်သာပါဘူး။ လှုပ်ရှားရင် ပိုဆိုးပါတယ်။

    ၂။ စားတာနဲ့ဆိုင်လား

    ရင်ပူခြင်းဟာ စားသောက်ပြီး တနာရီနှစ်နာရီလောက်နေရင် ဖြစ်ပေါ်လာတတ်ပါတယ်။ နှလုံးရောဂါမှာတော့ လက္ခဏာများပေါ်လာခြင်းဟာ အစားအသောက်နဲ့ သက်ဆိုင်ခြင်း မရှိတတ်ပါဘူး။

    ၃။ နာကျင်မှုဟာ နေရာရွေ့သလား

    အစာမကြေရင်ပူခြင်းမှာ နာကျင်ခြင်းဟာ လည်ချောင်းအထိ ရောက်ပါတယ်။ နှလုံးထိခိုက်ခြင်းမှာတော့ နာကျင်မုှဟာ မေးရိုး၊ နောက်ကျော၊ လက်မောင်းတဖက်ဖက် ဒါမှမဟုတ် နှစ်ဖက်စလုံးကို ပျံ့သွားနိုင်ပါတယ်။

    ၄။ အသက်ရှူကြပ်သလား၊ ချွေးပြန်သလား

    အစာမကြေရင်ပူခြင်းမှာတော့ ဒီပုံစံတွေ သိပ်မတွေ့ရပါဘူး။ နှလုံးပြဿနာမှာတော့ ဒီလက္ခဏာတွေ ဆိုးရွားပြင်းထန်စွာ ကြုံရတတ်ပါတယ်။ နှလုံးသွေးငတ်ခြင်းကြောင့်ဖြစ်ပြီး အရေးပေါ် ဆေးကုသမှုခံယူဖို့ လိုအပ်ပါတယ်။

    ဘာလုပ်သင့်သလဲ

    မိမိအခြေအနေဟာ နှလုံးအောင့်တာလား၊ အစာမကြေရင်ပူတာလား မသေချာရင် အချိန်ဆွဲမနေဘဲ ဆေးရုံဆေးခန်းပြသသင့်ပါတယ်။ နှလုံးထိခိုက်ခြင်းကို သက်သာလိုသက်သာငြား လစ်လျူရှုထားရင် ကြာလာတာနဲ့အမျှ နှလုံးကြွက်သားတွေ ပျက်စီးသွားနိုင်ပါတယ်။ အသက်အန္တရာယ် ရှိပါတယ်။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thant Zin မှ ရေးသားသည်။ · 21/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement