backup og meta

သင့်ခြေထောက်သွေးပြန်ကြောမှာ ဘယ်လိုရောဂါတွေ ဖြစ်နိုင်လဲ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 09/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင့်ခြေထောက်သွေးပြန်ကြောမှာ ဘယ်လိုရောဂါတွေ ဖြစ်နိုင်လဲ။

    ခြေထောက်သွေးပြန်ကြောဆိုတာ လူ့ခန္ဓာကိုယ်ရဲ့ ဒုတိယနှလုံးပါပဲ။ ရင်ဘတ်ထဲက နှလုံးက သွေးညှစ်ပြီး ခန္ဓာကိုယ်တစ်ခုလုံးကို သွေးတွေ ပို့ပေးရသလိုပဲ ခြေထောက်က ခြေသလုံးကြွက်သားတွေကလည်း မြေဆွဲအားကို ဆန့်ကျင်ပြီး သွေးပြန်ကြောတွေကတဆင့် နှလုံးကို သွေးပြန်ပို့ပေးရပါတယ်။ ဒါကြောင့် ခြေထောက်ရဲ့ သွေးပြန်ကြောတွေကို အထူးဂရုစိုက်ဖို့ လိုပါတယ်။ ဒါပေမယ့် အကြောင်းကြောင်းကြောင့် ခြေထောက်သွေးပြန်ကြောတွေ ထိခိုက်လာတဲ့အခါ ခုနက သွေးပြန်ပို့တဲ့ အလုပ်ကို ထိခိုက်လာပြီး ခြေထောက်မှာ သွေးစုတာကစလို့ တခြားသွေးပြန်ကြော ရောဂါတွေ ဝင်လာပါတော့တယ်။ ဒါတွေကို စုပေါင်းပြီး ခြေထောက်သွေးပြန်ကြောရောဂါများလို့ အမည်တပ်လိုက်ပါတယ်။

    ခြေထောက်သွေးပြန်ကြောရောဂါဆိုတာ

    ခြေထောက်သွေးပြန်ကြောမှာ တစ်လမ်းသွား အဆို့ရှင်လေးတွေ ရှိပါတယ်။ ပုံမှန်ဆို ခြေထောက်ကြွက်သားတွေက ညှစ်လိုက်တဲ့အခါ သွေးတွေက အပေါ်ကို တက်သွားပြီး အောက်ပြန်မကျအောင် ဒီအဆို့ရှင်လေးတွေက ပိတ်ထားပေးပါတယ်။ ဒါကြောင့် အပေါ်ရောက်ပြီးသားသွေးက အောက်ကို ပြန်မကျတော့ပါဘူး။ ရောဂါတစ်ခုခုဖြစ်လို့ ဒီအဆို့ရှင်လေးတွေ ပျက်စီးသွားတဲ့အခါ သွေးတွေက အပေါ်ကို ညှစ်ပေမယ့် အောက်ကို ပြန်ကျကျလာပါတယ်။ ဒါကြောင့် ကြာလာတဲ့အခါ  ခြေထောက်မှာ သွေးတွေအိုင်လာပြီး ခြေထောက်တင်းတာ၊ ရောင်တာ၊ နာတာတွေ ဖြစ်လာပါတယ်။ ဒီတိုင်းထားရင် တခြားနောက်ဆက်တွဲ ဆိုးကျိုးတွေပါ ဝင်လာပါတတ်ပါတယ်။

    ခြေထောက်သွေးပြန်ကြောရောဂါကို ဖြစ်စေတဲ့အကြောင်းရင်းတွေ

    အဓိကကတော့ ၂ချက်ပါပဲ။ သွေးခဲပိတ်တာနဲ့ သွေးကြောထုံးတာပါ။

    သွေးခဲပိတ်တာ – သွေးပြန်ကြောက အဆို့ရှင်တွေမှာ သွေးခဲလေးတွေ ပိတ်တဲ့အခါ ပိတ်တဲ့နေရာရဲ့ အောက်မှာ သွေးတွေ အိုင်လာပါလိမ့်မယ်။ ဒီလိုနဲ့ ကြာလာရင် သွေးပြန်ကြောတွေ  ထိခိုက်လာပါလိမ့်မယ်။

    သွေးကြောထုံးတာ – ထုံးတယ်ဆိုပေမယ့် တကယ်တော့ သွေးကြောတွေ တွန့်ခေါက်နေတာပါ။ အပြင်က ကြည့်ရင် ထုံးနေတဲ့ အဖုအထစ်တွေနဲ့ တူပါတယ်။ တွန့်ခေါက်နေတဲ့နေရာက အဆို့ရှင်တွေ ပျက်စီးသွားပြီး သွေးတွေ ပြန်စိမ့်ကျလာတဲ့အတွက် ကြာလာရင် ခြေထောက်မှာ သွေးတွေ ပုံလာမှာပါ။

    တစ်ခါတလေတော့ ဒီနှစ်မျိုးလုံးကြောင့်မဟုတ်ဘဲ ခြေသလုံးကြွက်သားတွေ ကောင်းကောင်းမညှစ်နိုင်လို့ သွေးကရှေ့ကို မရောက်ဘဲ နောက်ပြန်ပုံတာလည်း ရှိပါတယ်။

    Cleveland Clinicအဆိုအရ သွေးပြန်ကြောရောဂါတွေက အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ပိုတွေ့ရပါတယ်။ အသက်၅၀ကျော်လာရင် ပိုပြီး ဖြစ်နိုင်ခြေများပါတယ်။ တခြားဖြစ်နိုင်ခြေကို များစေတဲ့ အကြောင်းတွေကတော့

    • အဝလွန်တာ
    • ကိုယ်ဝန်ဆောင်တာ
    • ဆေးလိပ်သောက်တာ
    • ခြေထောက်ထိခိုက်ဒဏ်ရာရတာ
    • ကင်ဆာရောဂါရှိတာ
    • သွေးပြန်ကြောတွေ ရောင်ရမ်းတာ
    • မျိုးရိုးထဲမှာ သွေးပြန်ကြောရောဂါရှိတာ
    • အချိန်အကြာကြီး ထိုင်နေတာ၊ မတ်တပ်ရပ်တာ
    • အိပ်ရာထဲမှာ အကြာကြီး လဲနေတာ စတာတွေပဲ ဖြစ်ပါတယ်။

    ဘယ်လိုလက္ခဏာတွေ ခံစားရမှာလဲ။

    • ခြေထောက်မှာ သွေးတွေ စုနေတဲ့အတွက် ဖောလာပါမယ်။
    • တဖြည်းဖြည်းနဲ့ ရောင်လာပြီး မတ်တပ်ရပ်ရင် ပိုနာပါတယ်။ ခြေထောက်ကို နည်းနည်းမြှောက်ထားရင် သက်သာပါတယ်။
    • ခြေထောက်က တဆစ်ဆစ်နဲ့ ကိုက်နေတာ၊ ခဲဆွဲထားသလို လေးလံနေတာမျိုး ခံစားရတတ်ပါတယ်။
    • ခြေထောက်ကြွက်တက်ပါတယ်။
    • ခြေထောက်ယားတာ၊ အရေပြားထူလာတာ၊ အရေပြားအရောင်ပြောင်းတာဖြစ်ပါတယ်။
    • ခြေထောက်တွေ အားပျော့လာမယ်။
    • အနာတွေ ပေါက်လာမယ်။
    • ခြေသလုံးမှာ တင်းကြပ်ကြပ်ခံစားလာရပါမယ်။

    မကုဘဲထားမယ်ဆိုရင်

    မကုဘဲထားလိုက်ရင် ခြေထောက်ထဲက တင်းအားကြောင့် ဆံချည်မျှင်သွေးကြောလေးတွေ ပေါက်ထွက်သွားတတ်ပါတယ်။ ဒါမျိုးဖြစ်လာရင်တော့ အပေါ်ယံအရေပြားက နီညိုရောင် ပြောင်းလာပြီး ထိလိုက်တာနဲ့ ကြွေကျသွားလောက်အောင် အထိမခံနိုင်ဖြစ်သွားပါတယ်။

    အနည်းဆုံးတော့ ဆံချည်မျှင်သွေးကြောလေးတွေ ပေါက်သွားတဲ့အတွက် အတွင်းက တစ်ရှူးတွေ ရောင်ရမ်းပျက်စီးတာဖြစ်တတ်ပါတယ်။ အဆိုးဆုံးကတော့ ခုနကပြောတဲ့ အနာလေးတွေ ဖြစ်သွားတာပါ။ သွေးပြန်ကြောရောဂါကြောင့် ဖြစ်တဲ့အနာက ကုရခက်ပြီး ပိုးဝင်လွယ်ပါတယ်။ ကောင်းကောင်းမကုနိုင်ရင် ဘေးကို ပြန့်သွားပြီး  cellulitisဆိုတဲ့ ပိုဆိုးတဲ့ အရေပြားရောင်ရမ်းနာ ဖြစ်သွားနိုင်ပါတယ်။ သာမန်လူတွေထက် ဆီးချိုရှိတဲ့သူတွေက ဒီလိုအခြေအနေထိရောက်သွားရင် ကုရပိုခက်ပြီး ပျောက်ဖို့အချိန်လည်း ကြာပါတယ်။ အနာက ပိုးဝင်ပြီး သွေးဆိပ်သင့်တာအထိ ဖြစ်သွားနိုင်ပါတယ်။

    ဘယ်လိုကုသလို့ရလဲ။

    ကုသနည်းတွေကတော့

  • ခြေအိတ်ဝတ်တာ

  • သာမန်ခြေအိတ်မဟုတ်ဘဲ သွေးပြန်ကြောရောဂါတွေအတွက် ထုတ်ထားတဲ့ခြေအိတ်ရှိပါတယ်။ ဆရာဝန်တိုင်ပင်ပြီး ဝတ်နိုင်ပါတယ်။

  • ဆေးဝါးတွေ

  • ဆေးဝါးတွေကတော့ ခြေထောက်သွေးပြန်ကြောရောင်တာ သက်သာစေတဲ့ဆေးတွေ၊ သွေးခဲမဖြစ်အောင် သောက်ရတဲ့ဆေးတွေ၊ ခြေထောက်အနာအတွက် သောက်ရတဲ့ဆေးတွေ စသဖြင့် ရှိပါတယ်။ ဆရာဝန်ညွှန်ကြားချက်နဲ့ သောက်နိုင်ပါတယ်။

    • ခွဲစိတ်နည်း

    ဒါတွေနဲ့မှ မသက်သာဘူးဆိုရင်တော့ လိုအပ်တဲ့ ခွဲစိတ်မှုတွေ လုပ်ပြီး ကုသမှု ခံယူရမှာပါ။

    ဘယ်နည်းလမ်းနဲ့ ကုရမလဲဆိုတာကတော့ လူနာရဲ့ အသက်၊ ရောဂါအခြေအနေနဲ့ တခြားရောဂါတွေ ရှိမရှိကို ထည့်သွင်းစဉ်းစားရမှာပါ။

    ကာကွယ်နိုင်တဲ့နည်းလမ်းများ

    သွေးပြန်ကြောရောဂါကို ကာကွယ်ဖို့ဆိုရင်

  • လှုပ်လှုပ်ရှားရှားနေပါ။

  • အကြာကြီး မတ်တပ်ရပ်တာ၊ ထိုင်တာမျိုး မလုပ်ပါနဲ့။ ကြာကြာထိုင်ရမယ်ဆိုရင် ခြေထောက်ကို အကွေးအဆန့်လုပ်တာ၊ ခါတာမျိုး လုပ်ပေးပါ။ အကြာကြီး မတ်တပ်ရပ်ပြီးရင်လည်း ခဏတဖြုတ်ထိုင်ပြီး ခြေထောက်ကို နည်းနည်းမြှင့်ထားပါ။ ဒါမှ ခြေထောက်မှာ သွေးတွေ ပုံမနေမှာပါ။

    ဘာမှမလုပ်နိုင်ရင်တောင် လမ်းတော့ လျှောက်ပေးပါ။ အနည်းဆုံး ခြေထောက်တွေ သန်မာပြီး သွေးလည်ပတ်မှုကောင်းပါလိမ့်မယ်။

    • ဆေးလိပ်မသောက်ပါနဲ့။ သောက်နေရင် ဖြတ်လိုက်ပါ။ အထူးသဖြင့် သင့်မိသားစုမှာ ခြေထောက်သွေးပြန်ကြောရောဂါရှိရင်ပေါ့။
    • အဝမလွန်အောင် ထိန်းပါ။ ဝတာက ခြေထောက်ကို ဝိတ်ပိပြီး ပိုဖောစေနိုင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 09/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement