backup og meta

လိင်ဆက်ဆံတဲ့ အိပ်မက်တွေ မက်တာ ဘာကြောင့်လဲ

Written by Htet Htet Zaw Win · အထွေထွေရောဂါကုဆရာဝန် · HHG


2 ပတ် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လိင်ဆက်ဆံတဲ့ အိပ်မက်တွေ မက်တာ ဘာကြောင့်လဲ

    အိပ်မက်ဆိုတာမျိုးက ကိုယ်ထိန်းချုပ်လို့ရတာ မဟုတ်တဲ့အတွက် သူမက်ချင်တာ မက်မှာပါ။ အိပ်မက်တွေက သိပ္ပံနယ်ပယ်မှာ ခုထက်ထိ ဖြေရှင်းရခက်တဲ့ ပုစ္ဆာတွေ ဖြစ်နေတုန်းပါပဲ။ အိပ်မက်ထဲမှာ ပျော်စရာတွေ၊ ဝမ်းနည်းစရာတွေ၊ ကြောက်စရာတွေ အကုန်ကြုံရနိုင်ပါတယ်။ ဒီလိုပဲ လိင်ဆက်ဆံတဲ့ အိပ်မက်တွေလည်း မက်တတ်ပါသေးတယ်။

    လိင်ဆက်ဆံတဲ့ အိပ်မက်တွေ မက်တာ ဘာကြောင့်လဲ။

    လူတစ်ယောက်က တစ်ညကို ၂နာရီလောက် အိပ်မက်တတ်ကြပါတယ်။ ဒါပေမယ့် အများစုက မမှတ်မိကြပါဘူး။ လိင်ဆက်ဆံတဲ့ အိပ်မက်တွေကလည်း ဒီအိပ်မက်တွေထဲက တစ်ခုပါပဲ။ လူတိုင်း မမက်တတ်ကြပေမယ့် မက်ကြတဲ့သူကလည်း မနည်းလှပါဘူး။

    လိင်ဆက်ဆံတဲ့ အိပ်မက်တွေနဲ့ ပတ်သက်ပြီး လေ့လာချက်တွေ ရှိနေပေမယ့် ဒါတွေက ဘာလို့မက်တာလဲ။ ဘာအဓိပ္ပာယ်လဲဆိုတာကိုတော့ သေချာမသိကြသေးပါဘူး။

    တချို့သီအိုရီတွေမှာ လူသားတွေ ဖြစ်ချင်တာကို မက်တယ်လို့ ပြောကြပါတယ်။ တချို့ကလည်း ဒါက ဦးနှောက်က သူသိမ်းထားတဲ့ မှတ်ဉာဏ်အပိုင်းအစတွေကို ဆက်ချင်သလို ဆက်တာ ဒါမှမဟုတ် ဖြစ်နိုင်တာတွေကို မက်ပြတာလို့ ဆိုပါတယ်။ တချို့ကျပြန်တော့လည်း ဒါက ခံစားနေရတဲ့ စိတ်ဒဏ်ရာတွေ၊ စိတ်ဖိစီးမှုတွေကို ကျော်လွန်ဖို့ ခန္ဓာကိုယ်က တုံ့ပြန်တဲ့ နည်းတစ်ခုလို့ ပြောကြပါတယ်။

    လိင်ဆက်ဆံတဲ့ အိပ်မက်တွေ မက်နေတာ ပုံမှန်ဟုတ်ရဲ့လား။

    လိင်ဆက်ဆံတဲ့အိပ်မက်မယ်တယ်လို့ ဘယ်သူမှ ထုတ်ဖော်မပြောကြတဲ့အတွက် ကိုယ်ပဲ ဖြစ်နေတာလား။ လိင်စိတ်တွေ တအားဖြစ်နေတာလားလို့ ထင်မိစရာ ရှိပါတယ်။

    လိင်ဆက်ဆံတဲ့ အိပ်မက်တွေ မက်တာက ပုံမှန်ပါ။ ၇၀%လောက်က ဘဝမှာ တစ်ခါလောက် လိင်ဆက်ဆံတဲ့ အိပ်မက်ကို မက်ဖူးကြပါတယ်။ အိပ်မက်ဆိုတဲ့အတိုင်း မက်ချင်ရာ မက်တာဖြစ်တဲ့အတွက် အိပ်မက်ထဲမှာ ကိုယ့်အထက်လူကြီး ဒါမှမဟုတ် ကိုယ့်သူငယ်ချင်းနဲ့ လိင်ဆက်ဆံတာကို မက်ချင်လည်း မက်မှာပါ။ ဒီလိုမက်လို့ သူတို့အပေါ်မှာ တစ်ခုခု ခံစားချက်ရှိနေတယ်လို့ ပြောလို့မရပါဘူး။ အိပ်မက်တွေကို ကိုယ်မှ ထိန်းချုပ်လို့မှ မရတာ။

    ဒီလိုအိပ်မက်တွေက ကိုယ်နဲ့ ရင်းနှီးတဲ့သူတွေနဲ့ မက်တတ်တာ များပါတယ်။ ဒါကလည်း မထူးဆန်းပါဘူး။ ခဏခဏတွေ့တဲ့သူ၊ နေ့စဉ်ပြောဆိုဆက်ဆံနေတဲ့သူတွေက အိပ်မက်ထဲရောက်လာတတ်တာ သဘာဝပါပဲ။

    ဒါကြောင့် လိင်ဆက်ဆံတဲ့အိပ်မက်တွေ မက်တာနဲ့ ပတ်သက်ပြီး ကိုယ့်ကိုယ်ကို ပုံမှန်မဟုတ်ဘူးလို့ မထင်သင့်ပါဘူး။

    လိင်ဆက်ဆံတဲ့ အိပ်မက်တွေက ထူးခြားတဲ့ အဓိပ္ပာယ်ရှိသလား။

    ပြင်ပမှာတော့ အိပ်မက်တွေနဲ့ ပတ်သက်ပြီး အစွဲတွေ၊ အယူတွေ ရှိနိုင်ပါတယ်။ သိပ္ပံပညာရပ်မှာတော့ လိင်ဆက်ဆံတဲ့အိပ်မက်တွေနဲ့ ပတ်သက်ပြီး လေ့လာနေဆဲပဲ ရှိပါတယ်။ ဒီလိုဖြစ်ရတာကလည်း အိပ်မက်တွေကို မက်တဲ့သူက ပြန်ပြောရတာဖြစ်ပြီး အများစုကလည်း သေသေချာချာ မမှတ်မိကြပါဘူး။

    ဒါကြောင့် လိင်ဆက်ဆံတဲ့ အိပ်မက်တွေက တစ်ခုခုကို ညွှန်းဆိုနေတယ်လို့ ပြောဖို့ခက်ပါတယ်။

    ဘယ်လိုလိင်ဆက်ဆံတဲ့ အိပ်မက်မျိုးတွေ မက်တတ်သလဲ။

    အိပ်မက်ထဲမှာ လိင်ဆက်ဆံတာအပြင် နမ်းရှုံ့တာ၊ အာသာဖြေတာ စတာတွေလည်း မက်တတ်ပါသေးတယ်။ အများစုမက်တတ်တဲ့ အိပ်မက်တွေကတော့

    • ရည်းစားဟောင်းနဲ့ အတူနေတာ

    အတွဲရှိတဲ့သူတွေက လက်ရှိအတွဲ ဒါမှမဟုတ်  ရည်းစားဟောင်းနဲ့ အတူနေတာကို မက်တတ်ကြပါတယ်။ ဒါက လက်ရှိအချစ်ရေးနဲ့ ပတ်သက်ပြီး တစ်ခုခု ခံစားနေရတာ ဒါမှမဟုတ် ရည်းစားဟောင်းကို မမေ့နိုင်သေးတာလည်း ဖြစ်ပါတယ်။ FAလေးတွေရော ဘာတွေမက်ကြလဲ။ ဒီနေရာမှာ အတွဲမရှိတဲ့ FAလေးတွေကတော့ သူတို့ ဒိတ်လုပ်ထားတဲ့ သူတွေနဲ့ အတူနေတယ်လို့ မက်တာ ရှားပါတယ်တဲ့။

    • သူစိမ်းနဲ့ အတူနေတာ

    ကိုယ်မသိတဲ့ သူစိမ်းနဲ့ အတူနေတယ်လို့ မက်တာကလည်း ဖြစ်တတ်ပါတယ်။ ဒါက ပုံမှန်လိင်စိတ်ပဲ ဖြစ်ပါတယ်။ ဒီလိုမက်လို့ ကိုယ့်ရဲ့ လက်ရှိအတွဲကို ဖောက်ပြန်ချင်တာ၊ ဖောက်ပြန်ဖို့ စိတ်ကူးနေတာလို့ ပြောလို့မရပါဘူး။

    • ကိုယ်က ဖောက်ပြန်နေတယ်လို့ မက်တာ

    အိပ်မက်ထဲမှာ ဖောက်ပြန်တာနဲ့ အပြင်မှာ ဖောက်ပြန်နိုင်တယ်လို့ သတ်မှတ်လို့ မရပါဘူး။ ဒီလို မက်ရတာာ လက်ရှိအတွဲကို သဝန်တိုနေတာ ဒါမှမဟုတ်  အနေဝေးနေတာကြောင့် ဖြစ်နိုင်ပါတယ်။

    • အထက်လူကြီးနဲ့ မက်တာ

    ကိုယ့်သူဌေး၊ အထက်အရာရှိနဲ့ အတူနေတယ်လို့ မက်တာက သူတို့နဲ့ နေ့တိုင်း အတူအလုပ်လုပ်နေရတာ၊ သူတို့ဆီက တစ်ခုခု ခွင့်ပြုချက်တောင်းစရာ ရှိတာ၊ သူတို့နဲ့ အလုပ်လုပ်ရတာ စိတ်ဖိစီးပြီး အချိန်တိုင်း သူတို့အကြောင်းပဲ တွေးနေရရင်ဖြစ်တတ်ပါတယ်တဲ့။

    ဒါတွေအပြင် ဆွေမျိုးသားချင်းနဲ့ အတူနေတာ၊ လိင်တူဆက်ဆံတာ၊ လူအများကြီးနဲ့ ဆက်ဆံတာ စသဖြင့် မျိုးစုံမက်တတ်ပါသေးတယ်။ အိပ်မက်တွေက ထိန်းချုပ်လို့ မရတဲ့အတွက် သူမက်ချင်ရာ မက်မှာပါ။ ဒါတွေကို လက်တွေ့ဘဝထဲထိ ခေါ်လာပြီး မခံစားဖို့ လိုပါတယ်။

    အများစုက အကြာကြီးနေမှ တစ်ခါမက်တတ်ကြတဲ့အတွက် ပြီးရင် မေ့မေ့ပျောက်ပျောက် ဖြစ်သွားကြပါတယ်။ ဒါပေမယ့် ခဏခဏမက်နေရင်၊ ဒီလို အိပ်မက်တွေကြောင့် စိတ်အနှောင့်အယှက်ဖြစ်ရရင် စိတ်ကျန်းမာရေးပညာရှင်နဲ့ ဆွေးနွေးသင့်ပါတယ်။

    လိင်ဆက်ဆံတဲ့ အိပ်မက်တွေ မက်တဲ့အခါ

    လိင်ဆက်ဆံတဲ့အိပ်မက်တွေ မက်တတ်တာ ပုံမှန်ပါ။ ဒါနဲ့ ပတ်သက်ပြီး ကိုယ့်ကိုယ်ကို ထူးဆန်းတယ်လို့ မတွေးလိုက်ပါနဲ့။
    အိပ်မက်တွေက ထိန်းချုပ်လို့ မရတာကြောင့် မက်ချင်တာ မက်မှာပါ။ နိုးလာရင် မေ့မေ့ပျောက်ပျောက် ဖြစ်သွားမှာပါ။
    ဒီအိပ်မက်တွေက လက်တွေ့ဘဝမှာ သက်ရောက်မှုမရှိတာကြောင့် ပြင်ပဘဝထိ လိုက်မခံစားဘဲ အိပ်မက်ထဲမှာပဲ ထားခဲ့ဖို့ အကြံပေးပါရစေ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    Written by

    Htet Htet Zaw Win

    အထွေထွေရောဂါကုဆရာဝန် · HHG


    2 ပတ် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement