သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

null

အိပ်ဟောက်အသက်ရှူရပ်ရောဂါ(Obstructive Sleep Apnea) သေနိုင်လား။

    အိပ်ဟောက်အသက်ရှူရပ်ရောဂါ(Obstructive Sleep Apnea)  သေနိုင်လား။

    အိပ်ဟောက်အသက်ရှူရပ်ရောဂါ(Obstructive Sleep Apnea) ကခုခေတ်မှာ ခေတ်စားလာပါပြီ။ ဘာလို့ဆို ဝတဲ့သူတွေ များလာလို့ပါ။ သူသူကိုယ်ကိုယ် အိပ်ရင်တော်တော်များကဟောက်တတ်ပါတယ်။ ဒါက သိပ်မထူးဆန်းပေမယ့် ဝတဲ့သူဟောက်ရင် သတိထားပါ။ မသိလိုက်တဲ့ အချိန်မှာ အသက်ရှူရပ်ပြီး အသက်ဆုံးရှုံးတတ်ပါတယ်။ ဒီတော့ စောစောသိရအောင် ဒီအချက်တွေကို သတိထားလိုက်ပါ။

    လက္ခဏာများ

    -ဟောက်ပါတယ်။

    -အိပ်နေရင်းကြားထဲမှာ အသက်ရှူရပ်သွားတတ်ပါတယ်။

    -အိပ်နေရင်း ချွေးထွက်တတ်ပါတယ်။

    -အိပ်နေရင်း ရုတ်တရက် သီးပြီး အသက်ရှူကြပ်ပြီး လန့်နိုးတတ်ပါတယ်။ ပါးစပ်ခြောက်တာ၊ လည်ပင်းနာတာမျိုးဖြစ်တတ်ပါတယ်။

    -မနက်မိုးလင်းရင် ခေါင်းကိုက်တတ်ပါတယ်။

    -အိပ်ရေးမဝတဲ့အတွက် တစ်နေကုန် ခေါင်းမကြည်ပါဘူး။

    -တစ်နေကုန် အာရုံစိုက်လို့မရပါဘူး။

    စိတ်ကျတာ၊ စိတ်ဆတ်တာ ဖြစ်ပါတယ်။

    -သွေးတိုးတာ

    လိင်စိတ်လျော့နည်းတာတွေ ဖြစ်တတ်ပါတယ်။

    ဘယ်အချိန်မှာ ဆရာဝန်နဲ့ ပြမလဲ။

    သင်ကိုယ်တိုင်ပဲဖြစ်ဖြစ် သင်နဲ့ အတူနေတဲ့သူပဲဖြစ်ဖြစ် အောက်မှာပြောထားတဲ့အချက်တွေဖြစ်နေပြီဆိုရင် ဆရာဝန်နဲ့ပြသင့်ပါတယ်။

    -ဟောက်သံကျယ်လွန်းလို့ သူများတွေနိုးကုန်တာ

    -အသက်ရှူကြပ်ပြီး သီးပြီး ရုတ်တရက် လန့်နိုးလာတာ

    -အိပ်နေရင်းကြားထဲမှာ အသက်ရှူရပ်သွားတာ

    -နေ့ဖက်တွေမှာ ခေါင်းမကြည်တာ၊ ကားမောင်းရင်း၊ အလုပ်လုပ်ရင်း၊ TVကြည့်ရင်း ငိုက်ပြီး အိပ်ပျော်သွားတာ စတာတွေရှိနေရင် ပြသင့်​နေပါပြီ။

    လူတွေက ဟောက်တာကို အန္တရာယ်ရှိတယ်လို့ မမြင်ကြပါဘူး။ OSAလူနာတိုင်းကလည်း မဟောက်ကြပါဘူး။ ဒါပေမယ့် ခုနကပြောခဲ့သလို အိပ်ရင်း အကျယ်ကြီး ဟောက်တယ်။ ဟောက်ရင်းနဲ့အသက်ရှူရပ်သွားတယ်။ ပက်လက်အိပ်ရင် ပိုဟောက်တယ်။ ဘေးစောင်းအိပ်ရင် သိပ်မဟောက်တော့ဘူး။ ဒါမျိုးဆိုရင်တော့ OSAဖြစ်နိုင်တာကြောင့် ဆရာဝန်နဲ့ ပြသင့်ပါတယ်။ ဒါ့ပြင် နေ့ဖက်တွေမှာ အကြောင်းရင်းမရှိဘဲ နုန်းနေတယ်။ အိပ်ငိုက်တယ်။ စိတ်ဆတ်နေမယ်ဆိုရင် တခြား အိပ်စက်ခြင်း ပြဿနာဖြစ်တဲ့ narcolepsyလိုမျိုး ရုတ်တရက်အိပ်ပျော်တဲ့ ရောဂါမျိုးကိုလည်း သတိထားသင့်ပါတယ်။

    ဘယ်သူတွေမှာဖြစ်တတ်လဲ။

    OSAက လည်ပင်းမှာရှိတဲ့ ကြွက်သားတွေ လျော့တွဲပြီး အသက်ရှူလမ်းကြောင်းကို သွားပိတ်လို့ပါ။ အဖြစ်များတဲ့ သူတွေကတော့

    အဝလွန်တဲ့သူတွေ : OSAရှိတဲ့သူတွေတိုင်းက မဝပါဘူး။ လည်ပင်းပတ်ချာလည်မှာ အဆီစုတွေသူတွေက ပိုဖြစ်တာပါ။ တခြားရောဂါတွေဖြစ်တဲ့ သိုင်းရွိုက်ဟော်မုန်းနည်း ရောဂါရှိသူတွေ၊ PCOSလို့ခေါ်တဲ့ သားဥအိမ် အရည်အိတ်တည်တဲ့သူတွေက အဝလွန်နိုင်တဲ့အတွက် OSAဖြစ်နိုင်ပါတယ်။

    ဒီမှာတစ်ခုပြောချင်တာက ဝတဲ့သူတိုင်း OSAဖြစ်တာမဟုတ်ပါဘူး။ အဲ့လိုပဲ ပိန်တဲ့သူတွေ OSAမဖြစ်နိုင်တာမျိုး မဟုတ်ပါဘူး။

    -လေပြွန်ကျဉ်းခြင်း : မွေးကတည်းက လေပြွန်ကျဉ်းတာ ဖြစ်နိုင်သလို အာသီးရောင်တာ၊ လည်ပင်းက ပြန်ရည်ကြိတ်တွေကြီးတာကြောင့်လည်း လေပြွန်ကျဉ်းတတ်ပါတယ်။

    ​-သွေးတိုးခြင်း : OSAက သွေးတိုးတဲ့သူတွေမှာ ပိုတွေ့ရပါတယ်။

    -နာတာရှည် နှာရည်ယို နှာပိတ်ခြင်း : နာတာရှည် နှာရည်ယို နှာပိတ်သူတွေမှာ OSAဖြစ်နိုင်ချေက ၂ဆပါ။ အကြောင်းက လေပြွန်ကျဉ်းစေလို့ပါတဲ့။

    -ဆေးလိပ်သောက်ခြင်း

    -ဆီးချိုရောဂါရှိခြင်း

    -သွေးမဆုံးခင်မှာ အမျိုးသမီးတွေက အမျိုးသားတွေလောက် OSAမဖြစ်ပါဘူး။ သွေးဆုံးပြီးနောက်ပိုင်းမှာတော့ OSAဖြစ်နိုင်ချေက အမျိုးသမီးတွေမှာ ပိုပိုပြီးတက်လာပါတယ်။

    -မိသားစုထဲမှာ မျိုးရိုးရှိရင်လည်း ဖြစ်နိုင်ပါတယ်။

    -ပန်းနာရင်ကြပ်ရှိရင်လည်း ဖြစ်နိုင်ပါတယ်။

    နောက်ဆက်တွဲပြဿနာများ

    -နေ့ဖက်မှာ နုန်းပြီး အိပ်ငိုက်တတ်ပါတယ်။ လူကြီးတွေဆိုရင် လုပ်ငန်းခွင်ထိခိုက်မှုတွေ၊ ကားအက်စီးဒင့်တွေ ဖြစ်တတ်ပါတယ်။ ကလေးတွေဆိုရင်လည်း ကျောင်းမှ အိပ်ငိုက်နေတာကြောင့် ကျောင်းစာမလိုက်နိုင်တာမျိုးဖြစ်တတ်ပါတယ်။

    -နှလုံးနဲ့ ပတ်သတ်တဲ့ ရောဂါတွေဖြစ်တတ်ပါတယ်။ OSAကြောင့် သွေးထဲမှာ အောက်စီဂျင်နည်းသွားပြီး သွေးတိုးတာ၊ သွေးကြောကျဉ်းတာ၊ heart attackနဲ့ လေဖြတ်တာတွေ ဖြစ်တတ်ပါတယ်။ ပိုဆိုးတာက နှလုံးစည်းချက်မမှန်တာ၊ ရုတ်တရက်သေဆုံးတာတွေ ဖြစ်တတ်ပါတယ်။

    -OSAဖြစ်တတ်တဲ့သူတွေက ခွဲစိတ်မှုလုပ်မယ်ဆိုရင်လည်း သူများတွေထက်ပိုခက်ပါတယ်။ ခွဲစိတ်ဖို့ မေ့ဆေးပေးမယ်ဆိုရင်လည်း လည်ပင်းကြွက်သားတွေ ပိုပျော့သွားတတ်လို့ OSAကို ပိုဆိုးစေပါတယ်။ ဒါ့ပြင် ခွဲဖို့ ပက်လက်လန်လိုက်မယ်ဆိုရင်လည်း လည်ပင်းကြွက်သားတွေ အိကျလာလို့ OSAကို ပိုဆိုးစေပါတယ်။ ပြီးတော့ ခွဲစိတ်တာရဲ့ နောက်ဆက်တွဲ ဆိုးကျိုးကိုလည်း ပိုခံရပါတယ်။ ဒါကြောင့် ခွဲစိတ်ဖို့ လိုလာပြီဆိုရင် ကိုယ့်မှာ OSAရောဂါရှိကြောင်း ဆရာဝန်ကို ကြိုပြောပြထားပါ။

    -လေ့လာချက်တွေအရ OSAနဲ့ ရေတိမ် ဆက်စပ်မှုရှိပါတယ်တဲ့။

    -ဟောက်သံကြောင့် အတူအိပ်တဲ့သူကိုလည်း အနှောင့်အယှက်ဖြစ်စေလို့ ကြာလာရင် လူမှုဆက်ဆံရေးကို ထိခိုက်နိုင်ပါတယ်။

    -ဒါ့ပြင် OSAရှိတဲ့သူတွေက မှတ်ဉာဏ်ပြဿနာ၊ နေ့ဖက်မှာ ခေါင်းကိုက်တာ၊ စိတ်အတက်အကျဖြစ်တာ၊ စိတ်ကျတာ၊ ညဖက်မှာ ဆီးခဏခဏသွားတာ စတဲ့ ပြဿနာတွေ ဖြစ်တတ်ပါတယ်။

    ကုသနည်းများ

    OSAလူနာတွေကို အခုအခါမှာ CPAPလို့ခေါ်တဲ့ အသက်ရှူစက်တွေတပ်ပြီး ကုသလို့ရနေပါပြီ။ OSAသိပ်မဆိုးရင်တော့ mouth pieceလို့ ခေါ်တဲ့ ကိရိယာလေးတွေ တပ်ပြီး လေပြွန်မပိတ်အောင် လုပ်ထားလို့ရပါတယ်။ ဒါတွေကတော့ ဆရာဝန်နဲ့ တိုင်ပင်ပြီး လုပ်ရမှာပါ။

    ကိုယ်တိုင်လုပ်နိုင်တာတွေကတော့

    -အဝလွန်နေရင် ဝိတ်ချပါ။

    -လေ့ကျင့်ခန်းပုံမှန်လုပ်ပါ။

    -အရက်လျှော့သောက်ပါ။ အိပ်ခါနီး အရက်မသောက်ပါနဲ့။

    -ဆေးလိပ်ဖြတ်ပါ။

    -နှာခေါင်းပိတ်နေရင် ကုသပါ။

    -ပက်လက်မအိပ်ပါနဲ့။

    -အိပ်ဆေးတွေ၊ စိတ်ငြိမ်ဆေးတွေကို ကိုယ့်သဘောနဲ့ကိုယ် မသောက်ပါနဲ့။

    မေးခွန်းကို ပြန်ဖြေရရင် အိပ်ဟောက်အသက်ရှူရပ်ရောဂါ (Obstructive Sleep Apnea) သေနိုင်ပါတယ်။ ဒါကြောင့်ဂရုစိုက်ပါ။ ဟောက်လည်း ဟောက်တတ်တယ်။ အိပ်နေရင်းနဲ့ အသက်ရှူရပ်ရပ်သွားတယ်။ နေ့ဖက်မှာလည်း အိပ်ငိုက်တတ်တယ်ဆိုလို့ရှိရင် OSAလားဆိုပြီး သတိထား စစ်ဆေးဖို့ မမေ့ပါနဲ့။

    Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    health-tool-icon

    ခန္ဓာကိုယ် ထုထည်ညွှန်းကိန်း တွက်ချက်ခြင်း (BMI) ။

    ခန္ဓာကိုယ် ထုထည်ညွှန်းကိန်း တွက်ချက်ခြင်း (BMI) ကို အသုံးပြုပြီး ကျန်းမာတဲ့ ကိုယ်အလေးချိန် ရှိရဲ့လားဆိုတာကို တွက်ချက်ပါ။ ဒီကျန်းမာရေး ကိရိယာကို အသုံးပြုပြီး ကလေးရဲ့ (BMI) ကိုလည်း တွက်ချက်လို့ ရပါတယ်။

    အမျိုးသား

    အမျိုးသမီး

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    စာရေးသူ ဓာတ်ပုံbadge
    Dr. Htet Htet Zaw Win မှ ရေးသားသည်။ 06/07/2022 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
    Dr. Thurein Hlaing Win မှ အချက်အလက် စစ်ဆေးထားပါသည်။