home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

အိပ်နေတဲ့အချိန်မှာ ဟောက် တာကို ဘယ်လိုကာကွယ်၊လျှော့ချ ကြမလဲ။

အိပ်နေတဲ့အချိန်မှာ ဟောက် တာကို ဘယ်လိုကာကွယ်၊လျှော့ချ ကြမလဲ။ 

အိပ်နေစဉ် ဟောက် တတ်ခြင်းဟာ အခြားသူကို အိပ်ရေးပျက်စေ၊ စိတ်အနှောင့်အယှက် ဖြစ်စေနိုင်ပြီး ကိုယ်တိုင်အတွက်လည်း အိပ်ရေးမဝဘဲ နှုံးနေသလိုခံစားရခြင်း၊ အာရုံစိုက်ရာတွင် ခက်ခဲခြင်း စတဲ့ဆိုးကျိုးတွေ အများကြီးဖြစ်လာစေနိုင်ပါတယ်။ ဒါ့အပြင် မကြာခဏဟောက်တတ်တဲ့ သူတွေမှာ အဆုတ်လမ်းကြောင်းဆိုင်ရာ ရောဂါ၊ နှလုံး၊ သွေးတိုးရောဂါတွေ ပိုပြီးဖြစ်နိုင်တာကို တွေ့ရပါတယ်။ အတူတူအိပ်တဲ့ မိသားစု(အထူးသဖြင့် ခင်ပွန်း(သို့) ဇနီး) နဲ့လည်း အဆင်မပြေဖြစ်စေနိုင်တဲ့ အတွက် အိမ်ထောင်ရေးပြဿနာတွေလည်း အများကြီးဖြစ်လာစေနိုင်ပါတယ်။ ဒါ့ကြောင့် ဒီဆောင်းပါးလေးမှာတော့ ဟောက်တတ်တဲ့ သူတွေရဲ့ ပြသနာတွေကို ကာကွယ်လျော့ချဖို့ ကူညီပေးနိုင်မယ့် အချက်လေးတွေကို ပြောပြပေးသွားမှာပါ။

() အိပ်တဲ့ ပုံစံ အနေအထားကိုပြောင်းလဲပါ။

အိပ်နေတုန်း ရှုသွင်းလိုက်တဲ့ လေတွေဟာ နှာခေါင်းမှ တစ်ဆင့် လည်ချောင်း၊လေပြွန်ထဲကို လွပ်လွပ်လပ်လပ် မဝင်သွားနိုင်ဘဲ ဝင်သွားမယ့် လမ်းကြောင်းမှာ အကြောင်းအမျိုးမျိုးကြောင့် အတားအဆီးဖြစ်နေတဲ့အခါမှာ ဟောက်သံ ဖြစ်လာပါတယ်။ ပက်လက်အိပ်မယ်ဆိုရင် လျှာရဲ့အောက်ခြေက လည်ပင်း၊ လေပြွန်တွေကို ပိမိနိုင်စေတဲ့အတွက် ဟောက်သံကို ဖြစ်စေနိုင်ပါတယ်။ ဒါ့ကြောင့် အိပ်တဲ့အခါမှာ ဘေးတစောင်းလေး သတိထားပြီး အိပ်ဖို့ အကြံပေးချင်ပါတယ်။ ခေါင်းကို မြင့်အောင်ထားခြင်းက အသက်ရှုရတာကို ပိုပြီးသက်တောင့်သက်သာ ဖြစ်စေနိုင်တဲ့အတွက် ခေါင်းအုံး မြင့်မြင့်(သို့) ခေါင်းအုံးအပိုတွေ ဆင့်ပြီး အိပ်တာကလည်း ဟောက်တာကို သက်သာစေမှာပါ။

()ကိုယ်အလေးချိန်လျော့ပါ။

ဒီအချက်လေးကတော့ အရင်ပိန်တဲ့ အချိန်မှာ မဟောက်ဘဲ ဝလာပြီးမှ ဟောက်တဲ့သူတွေ အတွက် နည်းလမ်းလေးပါ။ အဲဒီလို လူတွေမှာ ကိုယ်အလေးချိန်တက်လာတဲ့ အခါ လည်ပင်းပတ်ပတ်လည်မှာလည်း ဝလာပြီး လည်ချောင်း၊လေပြွန်ကို ဖိမိ၊ ညှစ်မိသလို ဖြစ်စေနိုင်တဲ့အတွက် ဟောက်တာကို ဖြစ်လာစေပါတယ်။ ဒါ့ကြောင့် ကိုယ်အလေးချိန်ပြန်ကျအောင် လျှော့ချပေးဖို့လည်း အကြံပေးချင်ပါတယ်။

() နှာခေါင်း ပိတ်နေတာ မျိုးရှိရင် သေသေချာချာကုသပါ။

လေပြွန်ထဲရောက်အောင် ရှုဖို့ စစချင်းဖြတ်ရတာက နှာခေါင်းဖြစ်တဲ့ အတွက် ဖျားလို့ နှာပိတ်တာမျိုးပဲ ဖြစ်ဖြစ်၊ အခြားဓါတ်မတည့်တာ တစ်ခုခုကြောင့် နှာပိတ်နေတာမျိုးပဲ ဖြစ်ဖြစ် ဟောက်တာကို ပိုဖြစ်စေနိုင်ပါတယ်။ ဒါ့ကြောင့် နှာပိတ်နေတာမျိုးရှိရင် နှာခေါင်းထဲ အစက်ချတဲ့ ဆေးရည်သုံးတာမျိုးဖြစ်ဖြစ်၊ နှာပိတ်သက်သာအောင် ဆရာဝန်ညွှန်ကြားတဲ့ ဆေးတစ်ခုခုဖြစ်ဖြစ် အသုံးပြုနိုင်ပါတယ်။ ဓာတ်မတည့်တာမျိုး ရှိရင်လည်း အိပ်မယ့်နေရာ၊ ခေါင်းအုံး၊ အခန်း စတဲ့နေရာတွေမှာရှိတဲ့ ဖုန်တွေ၊ အကောင်တွေ၊ နောက်ပြီး ဓာတ်မတည့်စေမယ့် အရာတွေကို ဖယ်ရှားဖို့က အရေးကြီးပါတယ်။

() ရေဓာတ်ပြည့်ဝအောင်နေပါ။

သင့်ရဲ့ ခန္ဓာကိုယ်က ရေဓာတ်ခမ်းခြောက်တဲ့အခါမှာ နှာခေါင်းနဲ့ အာခေါင်စတဲ့ နေရာတွေမှာရှိတဲ့ အရည်တွေက ပိုပြစ်လာပြီး ပိုဟောက်စေနိုင်ပါတယ်။ ဒါ့ကြောင့် ရေများများသောက်ပေးပါ။

() အိပ်ချိန်မှန်မှန် အိပ်ပြီး မအိပ်ခင် အရက်သောက်ခြင်း ကို ရှောင်ပါ။

အရက်သောက်ခြင်းဟာ လည်ပင်းတဝိုက်မှာ ရှိတဲ့ ကြွက်သားတွေအတွက်လိုအပ်တဲ့ တင်းအားကို လျော့ကျစေနိုင်ပါတယ်။ ဒါ့ကြောင့် မအိပ်ခင် ၄နာရီ၊ ၅ နာရီ အတွင်းမှာ အရက်သောက်တာမျိုးကို ရှောင်ကြဉ်ပေးသင့်ပါတယ်။

() ဆေးလိပ်ဖြတ်ပါ။

ဆေးလိပ်သောက်တတ်တဲ့ သူတွေမှာ မသောက်တဲ့သူတွေထက် ဟောက်နိုင်ခြေ ပိုများပါတယ်။ ဆေးလိပ်မှာပါတဲ့ပစ္စည်းတွေဟာ အသက်ရှုလမ်းကြောင်းတစ်လျှောက်လုံးကို ယားယံစေပြီး လေပြွန်တွေကို ပိတ်စေနိုင်တဲ့ အတွက် ဆေးလိပ်ဖြတ်ဖို့လည်း လိုအပ်ပါတယ်။

ဒီဆောင်းပါးလေးဖတ်ပြီး အားလုံးပဲ ဟောက်ခြင်းကင်းဝေးတဲ့ ညလေးတွေနဲ့ သာယာတဲ့ မိသားစုလေးတွေ ဖန်တီးနိုင်ကြပါစေ။

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Dr. Htet Htet Zaw Win မှ ရေးသားသည်။ 11/05/2020 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။