brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

အိပ်ရာထနောက်ကျပေမယ့် နေ့စဉ်ဘဝမှာ အလုပ်ဖြစ်စေဖို့

အိပ်ရာထ နောက်ကျတာကြောင့် မနက်ဆို အုတ်အော်သောင်းနင်းနဲ့ ဂယက်ထတာတွေ ဖြစ်ဖူးပါသလား။ အိပ်ရာထနောက်ကျလို့ မနက်စာလွတ်တာ၊ ရုံးနောက်ကျတာတွေရော ကြုံဖူးပါသလား။ မနက်ကို စောစောထဖို့ ကြိုးစားပေမယ့် ဘယ်လိုမှ မအောင်မြင်ဘဲ ညဆို မအိပ်ချင် မနက်ဆို မထချင်တဲ့ သံသရာထဲမှာ လည်နေတယ်ဆိုရင် ကြာလာရင် ကိုယ့်ကိုယ်ကို စိတ်ပျက်လာမှာပါ။ အိပ်ရာထနောက်ကျပေမယ့် နေ့စဉ်ဘဝမှာ အလုပ်ဖြစ်စေဖို့ နည်းလမ်းလေးတွေ ရှိပါသေးတယ်။

အိပ်ရာထနောက်ကျပေမယ့် နေ့စဉ်ဘဝမှာ အလုပ်ဖြစ်စေဖို့

စောစောထနိုင်ရင်တော့ အကောင်းဆုံးပါ

ကျန်းမာရေးရှုထောင့်အရ ကြည့်ကြည့်၊ လူမှုဘဝရှုထောင့်ကနေ ကြည့်ကြည့် စောစောအိပ်ပြီး စောစောထတာက အကောင်းဆုံးပါ။ ဒါပေမဲ့ ဒီနေ့ခေတ်ကြီးမှာ စောစောအိပ် စောစောထဖို့ဆိုတာ လွယ်တဲ့ ကိစ္စမှ မဟုတ်တာပဲ။

တစ်နေကုန် ပင်ပန်းထားတဲ့အတွက် ညဘက်မှ အပန်းဖြေတဲ့ အနေနဲ့ ဂိမ်းဆော့ချင် ဆော့မယ်၊ ရုပ်ရှင်ကြည့်ချင် ကြည့်မယ်။ ဒါမှမဟုတ် အလုပ်မှာ overtime ဆင်းရတာတွေ ရှိမယ် စသဖြင့်ပေါ့။

ဒီနေ့ခေတ်ရဲ့ နေထိုင်မှုအရ အများစုက ည ၁၂နာရီ၊ ၁ချက်ထိုးလောက်မှ အိပ်ဖြစ်ကြတယ်လေ။ မနက်ကျတော့ ၆နာရီ၊ ၇နာရီလောက် ပြန်ထ၊ တစ်ခါတလေ မနက်စာမစား၊ ရေမချိုးဘဲ ပိုအိပ်လိုက်မိကြတာပေါ့။

ညဘက်ကို စောစောအိပ်မယ်ကြံတော့လည်း ကိုယ်က ညဆို မျက်လုံးက ပြူးကျယ်နေရော။ မနက်ကျတော့လည်း မထချင်။ ကြာလာတော့ ကိုယ့်ကိုယ်ကို မသိမသာနဲ့ အပြစ်တင်စိတ်လေး ဖြစ်လာတာပေါ့။

ငါဘာဖြစ်လို့ အမြဲအိပ်ရာထ နောက်ကျတာလဲ။ ရုံးချိန်မီအောင် မနည်းသွားနေရတာလဲ။ သူများတွေလို မနက်စာစားဖို့၊ လေ့ကျင့်ခန်းလုပ်ဖို့ အချိန်လည်း မရှိ။ ကိုယ့်ကိုယ်ကိုလည်း တိုးတက်အောင် မလုပ်နိုင်။ ညနောက်ကျမှအိပ်တဲ့ အကျင့်ဆိုးကို ဘာလို့ မပြင်နိုင်တာလဲ ဆိုပြီးတော့ပေါ့။

ဒီအတွက်ကြောင့်နဲ့တော့ ကိုယ့်ကိုယ်ကို အပြစ်မတင်လိုက်ပါနဲ့။ ကိုယ့်ရဲ့ အချိန်စီမံခန့်ခွဲမှုကို ပြန်ပြီး ချိန်ညှိလိုက်ရုံနဲ့ မနက်နောက်ကျမှ ထတာတောင် productive ဖြစ်အောင်လုပ်လို့ ရပါသေးတယ်။

အိပ်ရာထနောက်ကျပေမယ့် နေ့စဉ်ဘဝမှာ အလုပ်ဖြစ်စေဖို့

မနက်အိပ်ရာထ နောက်လို့ ကိုယ့်ကိုယ်ကို productive မဖြစ်ဘူးလို့ မတွေးပါနဲ့တော့။ ခုပြောတဲ့ နည်းတွေနဲ့ တစ်နေ့တာကို စတင်လိုက်ရအောင်ပါ။

  • ညတည်းက တတ်နိုင်သမျှ အဆင်သင့်ပြင်ထားပါ။

မနက်ကျရင် ဝတ်မယ့်အင်္ကျီ၊ စီးမယ့် ဖိနပ်၊ ရုံးကို ယူသွားမယ့် စာရွက်စာတမ်း စတာတွေကို အဆင်သင့်ပြင်ထားပါ။ မဖြစ်မနေ ယူသွားဖို့ လိုတဲ့အရာတွေကို ကိုယ်မြင်နိုင်ပြီး လက်လှမ်းမီတဲ့ နေရာမှာ ထားပါ။

ဒါဆိုရင် မနက်ကျ မေ့ကျန်တာ၊ ဗရုတ်သုတ်ခနဲ့ ရှိတာကောက်စွပ်ပြီး ရုံးသွားရတဲ့ ဒုက္ခကင်းသွားမှာပါ။

  • လုပ်လို့ ရတဲ့ ရုံးအလုပ်တွေ ကြိုလုပ်ထားပါ။

အိမ်မှာ ရုံးအလုပ်တွေ မလုပ်ချင်ဘူးဆိုပေမယ့် productiveဖြစ်ဖို့ဆိုရင် ရိုးရိုးရှင်းရှင်းနဲ့ လွယ်လွယ်ကူကူပြီးနိုင်မယ့် အလုပ်တွေကို ကြိုလုပ်ထားသင့်ပါတယ်။

အနည်းဆုံးတော့ နောက်ရက် လုပ်ရမယ့် ရုံးအလုပ်တွေကို listလုပ်ထားရင် နောက်နေ့ ရုံးတက်တဲ့အခါ အလုပ်ရှုပ်သက်သာမှာပါ။

အလုပ်က ပြန်လာရင် ကိုယ့်မှာ လေ့ကျင့်ခန်း လုပ်ဖို့၊ gymသွားဖို့ အချိန်ရှိပါသလား။ အချိန်ရှိရင်တော့ ဒီအဆင့်ကို ကျော်သွားနိုင်ပါတယ်။ မဟုတ်ရင်တော့ မနက်ကို ၅မိနစ် လေ့ကျင့်ခန်း လုပ်ဖို့ ပြင်ဆင်ပါ။

၅မိနစ်လောက် အချိန်ရှိရင် အနည်းဆုံးတော့ အကြောလျှော့လို့ ရပါတယ်။ ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုချင်းစီ ဥပမာ ခေါင်း၊ ခါး၊ ခြေ၊ လက် စသဖြင့် အကြောလျှော့ပါ။ ၅မိနစ်စာလောက်ဆို ရပါပြီ။ စစချင်းမှာ ၅မိနစ်ထိ မသွားနိုင်သေးရင် ၁မိနစ်၊ ၂မိနစ် စသဖြင့် တိုးပြီး လုပ်သွားပါ။

ဘာမှမလုပ်ဖြစ်တာထက်စာရင် ၅မိနစ်လောက် လုပ်နိုင်လဲ မဆိုးဘူးမလား။

  • အလွယ်တကူ စားနိုင်တဲ့ မနက်စာတွေ ပြင်ထားပါ။

ညတည်းက မနက်မှာ စားဖို့ မနက်စာကို ကြိုပြင်ထားလို့ ရပါတယ်။ ဥပမာ overnight oat ပြင်ထားမလား၊ ပေါင်မုန့်ယိုသုတ်နဲ့ ကော်ဖီနဲ့ သောက်မလား စသဖြင့်ပေါ့။ ကိုယ်က မုန့်ဟင်းခါး၊ အသုပ် စားတတ်တာဆိုရင်တော့ ရုံးသွားရင်းနဲ့ လမ်းမှာစားဖို့ အချိန်တစ်ခု ဖယ်ထားပါ။

ထမင်းချိုင့်ထည့်သူဆိုရင်လည်း ညတည်းက ဟင်းကို လုံးပြီး မနက်ကျ မြန်မြန်ပြန်နွေးပြီး ထည့်သွားလို့ ရပါတယ်။ ဒီနည်းနဲ့ စားဖို့ သောက်ဖို့ အချိန်အများကြီး မပေးရအောင် လုပ်နိုင်ပါတယ်။

  • အလုပ်ချိန်မီဖို့ ကြိုးစားပါ။

ကိုယ်က မနက်ကို စောစောထသည်ဖြစ်စေ၊ နောက်ကျမှ ထသည်ဖြစ်စေ အလုပ်ကိုတော့ အချိန်မီ သွားရမှာပါ။ ကိုယ်က ဘတ်စ်ကားနဲ့ သွားတာလား၊ ဆိုင်ကယ်နဲ့ သွားတာလား၊ လမ်းတွေက ဘယ်အချိန်မှာ ပိတ်တတ်လဲ စတာတွေကို လေ့လာထားပါ။

တစ်ခါတလေမှာ ၁၀မိနစ်လောက် စောထွက်မိတာက ရုံးကို အချိန်မီအောင် ကူညီပေးနိုင်ပါတယ်။

  • ညနေနဲ့ ညပိုင်းတွေမှာ အလုပ်ပိုလုပ်ပါ။

ကိုယ်က မနက်ပိုင်းကို မထနိုင်ဘူး။ ညကိုတော့ နောက်ကျမှ အိပ်လည်း ရတယ်ဆိုရင် ကိုယ့်ရဲ့ အလုပ်တွေ၊ အစီအစဉ်တွေကို ညဘက်ကို ရွှေ့ထားပါ။ ဥပမာ ကိုယ်တက်ချင်တဲ့ သင်တန်းတွေကို ရုံးဆင်းချိန် ရွှေ့ထားတာ၊ ညဘက်တွေမှာ စာကျက်တာ စသဖြင့်ပေါ့။

မနက်မှာ မထနိုင်ဘူးဆိုရင် ညဘက်မှာ အချိန်ပိုလုပ်ပြီးဖြစ်ဖြစ် ကိုယ့်ကိုယ်ကို တိုးတက်အောင် လုပ်ရမှာပါ။ ဒီလိုမှ ကိုယ့်ကိုယ်ကို အပြစ်တင်စိတ်တွေ နည်းသွားမှာပါ။

  • တစ်နေ့တာလုပ်စရာတွေကို ချရေးထားပါ။ ပြန်သုံးသပ်ပါ။

ကိုယ်တစ်နေ့တာမှာ လုပ်ရမယ့် အလုပ်တွေ၊ ဖြစ်ချင်တာတွေကို ချရေးထားပါ။ ဘယ်အလုပ်က မနက်မှာ လုပ်ကို လုပ်ရမှာလဲ။ ဘယ်ဟာတွေကတော့ ညနေဘက်၊ ညပိုင်းမှာ လုပ်လို့ အဆင်ပြေလဲဆိုတာကို ရွေးပါ။

တစ်နေ့တာ ကုန်သွားတဲ့အခါ ကိုယ်အလုပ်ဘယ်နှခုပြီးလဲ။ ဘာတွေ ပြုပြင်ဖို့လိုလဲဆိုတာ သုံးသပ်ပါ။ ဒါဆို ကိုယ့်ရဲ့ အချိန်ကို ပိုပြီး စီမံခန့်ခွဲတတ်လာမှာပါ။

ညစောစောအိပ်ပြီး မနက်စောစောထနိုင်ဖို့

မနက်နောက်ကျမှာ နိုးသူအများစုက ဖြစ်နိုင်ရင် ညစောစောအိပ်ပြီး မနက်စောစောထချင်ကြသူတွေချည်းပါပဲ။ ကိုယ့်ရဲ့ အခြေအနေကြောင့် မပြောင်းလဲတာ ဖြစ်နိုင်သလို ဘယ်လိုပြင်ပြင် ပြင်မရတော့လို့လည်း ဖြစ်နိုင်ပါတယ်။

တကယ်လို့ ညစောစောအိပ်ပြီး မနက်စောစောထဖို့ အစီအစဉ်ရှိတယ်ဆိုရင် ဒီအချက်တွေကိုလိုက်နာကြည့်ပါ။

  • ကိုယ့်အိပ်ရာကို အိပ်ချင်စဖွယ်ဖြစ်အောင် ပြင်ဆင်ပါ။ အေးမြပြီး တိတ်တိတ်ဆိတ်ဆိတ် အိပ်လို့ရတဲ့ နေရာမျိုးပေါ့။
  • မအိပ်ခင်မှာ ကိုယ့်ကို သက်သောင့်သက်သာဖြစ်စေမယ့် အလုပ်တွေ လုပ်ကြည့်ပါ။ ဥပမာ အသက်ရှူလေ့ကျင့်ခန်းလုပ်တာ၊ စာဖတ်တာ
  • မအိပ်ခင်မှာ ကော်ဖီ၊ ဆေးလိပ်၊ အရက်တွေ မသောက်ပါနဲ့။
  • နေ့လယ်ခင်းမှာ အကြာကြီး မအိပ်ပါနဲ့။
  • မအိပ်ခင် နာရီဝက်၊ ၁နာရီလောက် ဖုန်းသုံးတာကို ရပ်လိုက်ပါ။
  • အိပ်ချိန် ထချိန် မှန်အောင်လုပ်ပါ။
  • မနက်စောစော မထနိုင်သေးရင် လက်ရှိ နိုးတဲ့အချိန်ထက် တစ်ရက်ကို ၅-၁၀ မိနစ် စောထကြည့်ပါ။ တဖြည်းဖြည်းချင်း အချိန်ကို ရှေ့တိုးသွားပါ။

မနက်စောစော မထနိုင်သေးရင် ခုပြောခဲ့တဲ့ နည်းလမ်းတွေနဲ့ ကိုယ့်ရဲ့ တစ်နေ့တာကို productiveဖြစ်အောင် ကြိုးစားပါ။ တစ်ချိန်တည်းမှာပဲ စောစောအိပ် စောစောထဖို့ ကြိုးစားကြည့်ပါလို့ အကြံပြုချင်ပါတယ်။

Htet Htet Zaw Win
Htet Htet Zaw Win · အထွေထွေရောဂါကုဆရာဝန် · HHG · ပြန်လည်သုံးသပ်သူ မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 26/01/2024 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။