backup og meta

မီးဖွင့် ပြီး အိပ်တာ ကျန်းမာရေးအတွက် ကောင်းလား။


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 15/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မီးဖွင့် ပြီး အိပ်တာ ကျန်းမာရေးအတွက် ကောင်းလား။

    လူတိုင်းအတွက် အိပ်စက်ခြင်းဟာ ခဏတာ အတွက်ရော၊ ရေရှည် အတွက်ပါ အရေးပါတဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပြီး ကောင်းမွန်တဲ့ အိပ်စက်ခြင်းရမှသာ စိတ်ရော၊ လူပါ အမြဲ ကျန်းမာရွှင်လန်းနေနိုင်မှာ ဖြစ်ပါတယ်။ လူတစ်ယောက်နဲ့ တစ်ယောက် မတူညီတဲ့အတွက် တချို့ကတော့ မီးပိတ်ပြီးမှ အိပ်တတ်တယ်၊ တချို့ကတော့ မီးဖွင့်ထားမှ အိပ်ပျော်တယ် စသည်ဖြင့် အိပ်တာနဲ့ ပတ်သတ်ပြီး အမျိုးမျိုး ကွဲပြားနေကြပါတယ်။ ဒီဆောင်းပါးလေးမှာတော့ မီးဖွင့်ပြီး အိပ်ခြင်းနဲ့ ကျန်းမာတဲ့အိပ်စက်ခြင်း ဘယ်လို ဆက်နွယ်နေတယ်ဆိုတာလေးကို မျှဝေပေးသွားချင်ပါတယ်။

    (၁) ကျန်းမာတဲ့ အိပ်စက်ခြင်းဟာ လူတိုင်းအတွက် ဘာ့ကြောင့် အရေးပါသလဲ။

    ကျန်းမာတဲ့ အိပ်စက်ခြင်းဟာ

    ၁။ ခန္ဓာကိုယ်နဲ့ ဦးနှောက်ကို ထိန်းသိမ်းပြုပြင်ပေးနိုင်ခြင်း။

    ၂။ ဖျားနာခြင်းတွေနဲ့ နာတာရှည်ရောဂါတွေကို တိုက်ထုတ်ပေးနိုင်ခြင်း။

    ၃။ စိတ်ခံစားမှုကို တိုးတက်ကောင်းမွန်စေနိုင်ခြင်း။

    ၄။ ကြွက်သားတွေ ပင်ပန်းနွမ်းနယ်မှုကို ပြန်လည် သန်စွမ်းလာအောင် ကူညီပေးနိုင်ခြင်း စတဲ့ ကောင်းကျိုးတွေ အပြင်

    ၅။ ကလေးငယ်တွေအတွက်လည်း ဖွံ့ဖြိုးကြီးထွားလာအောင် အများကြီး အထောက်အကူပြုနိုင်ပါတယ်။

    (၂) မီးဖွင့် ပြီး အိပ်မယ်ဆိုရင် ကျန်းမာတဲ့ အိပ်စက်ခြင်းမျိုးရနိုင်လား။

    မီးဖွင့်ပြီး အိပ်ခြင်းဟာ သင့်အတွက် ကျန်းမာတဲ့ အိပ်စက်ခြင်းမျိုးကို မရစေနိုင်ပါဘူး။ မအိပ်ခင် (သို့) အိပ်နေတဲ့ အချိန်မှာ အလင်းရောင်နဲ့ ထိတွေ့တဲ့အခါ သင့်ဦးနှောက်က melatonin လို့ခေါ်တဲ့ သင့်ကို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေနိုင်မယ့် ဟော်မုန်းလေးတွေကို သိပ်မထုတ်တော့ပါဘူး။ ဒါ့အပြင် ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ် တစ်ခုဖြစ်တဲ့ sleep-wake cycle ကိုနှောင့်ယှက်နိုင်ပါတယ်။ အဲဒီအတွက် အိပ်စက်ခြင်းမှာ အဟန့်အတား တစ်ခုဖြစ်လာစေပါတယ်။ အလင်းရောင်မှာ အခန်းမီး၊ လမ်းမီး တွေမှ မဟုတ်ပါဘူး။ တီဗွီ ၊ ဖုန်း၊ ကွန်ပြူတာ စတဲ့ လျှပ်စစ်ပစ္စည်းတွေက နေထွက်တဲ့ blue light လို့ခေါ်တဲ့ အလင်းတန်းတွေကလည်း သင့်အတွက် ကောင်းမွန်တဲ့ အိပ်စက်ခြင်းမျိုးမရအောင် နှောက်ယှက်နိုင်ပါတယ်။ ဒါ့ကြောင့် မီးဖွင့်ပြီး အိပ်လေ့ရှိတဲ့ သူတွေမှာ

    ၁။ စိတ်ဓာတ်ကျခြင်း၊ စိတ်ခံစားချက် မကောင်းခြင်း။

    ၂။ အာရုံစူးစိုက်နိုင်မှု အားနည်းလာခြင်း။

    ၃။ အဝလွန်ခြင်း။

    ၄။ သွေးတိုး၊ နှလုံး နဲ့ ဆီးချို စတဲ့ နာတာရှည်ရောဂါများ အဖြစ်များခြင်း။

    ၅။ တစ်နေကုန် ပင်ပန်းနွမ်းနယ်နေခြင်း၊ အားမရှိခြင်း။

    ၆။ ကလေးများတွင် ဉာဏ်ရည်နှင့် ခန္ဓာကိုယ်ဖွံ့ဖြိုးမှု အားနည်းခြင်း စတဲ့ ဆိုးကျိုးတွေ ဖြစ်လာစေပါတယ်။

    (၃) တကယ်လို့ သင်က မီးဖွင့် ထားမှ အိပ်ပျော်တယ်၊ အိပ်တတ်တယ် ဆိုရင် ဘယ်လိုလုပ်ကြမလဲ။

    မီးဖွင့်ပြီး အိပ်စက်ခြင်းက ကျန်းမာရေးဆိုးကျိုးတွေကို ဖြစ်စေနိုင်တဲ့ အတွက် ဖြစ်နိုင်ရင်တော့ မီးပိတ်ပြီးအိပ်ဖို့ အကြံပေးချင်ပါတယ်။ တချို့တော့ မီးဖွင့်ပြီး အိပ်နေတာအကျင့် တစ်ခုလို ဖြစ်နေတာ (သို့) အမှောင်ကြောက်တာ ဆိုရင်တော့ စစချင်း အနေနဲ့ မီးသီးအသေးလေးတွေ၊ ညအိပ်မီးသီးတွေကို အသုံးပြုပြီး အိပ်ဖို့ ကြိုးစားကြည့်ပါ။ ညအိပ်မီးသီး အသေးလေးတွေကို ရွေးချယ်တဲ့ နေရာမှာ blue light ပိုများတဲ့ LED အမျိုးအစားတွေကို ရှောင်ပြီး အနီရောင် မှိန်ပြပြ မီးသီးလေးတွေကို ရွေးချယ်သင့်ပါတယ်။ အဲလို ညအိပ်မီးသီးလေးတွေ အသုံးပြုရင်း အမှောင်ကို နေသားကျလာတဲ့အခါ ညအိပ်မီးသီးလေးတွေပါ မသုံးဘဲ အိပ်ဖို့ အဆင်ပြေလာနိုင်ပါတယ်။ လေ့ကျင့်ခန်းပုံမှန်လုပ်တာ၊ အရက် နဲ့ ကော်ဖီ စတာတွေ ရှောင်တာ ၊ နေ့စဉ် အချိန်မှန်အိပ်တာ မျိုးတွေကလည်း ကောင်းကောင်းအိပ်ပျော်ဖို့ အကူညီပေးနိုင်ပါတယ်။

    ဒါ့အပြင် ကျန်းမာတဲ့ အိပ်စက်ခြင်းမျိုးရဖို့ အတွက်

    ၁။ မိမိအိပ်ခန်းက လမ်းမီးတွေတိုက်ရိုက် ကျနေတဲ့ နေရာဖြစ်မယ်ဆိုရင်လည်း တတ်နိုင်သလောက် အဲဒီမီးကို အခန်းထဲ မရောက်အောင် လိုက်ကာဖြစ်ဖြစ် အကာအကွယ်တစ်ခုခု တပ်ဆင်ခြင်း (သို့) မျက်လုံးအကာ အသုံးပြုခြင်းတွေ လုပ်နိုင်ပါတယ်။

    ၂။ ဖုန်း၊ laptop ၊ ကွန်ပြူတာ ၊ တီဗွီစတဲ့ လျှပ်စစ်ပစ္စည်းလေးတွေကိုလည်း အိပ်တဲ့ အချိန်မှာ အိပ်ခန်းထဲမှာ မထားဖို့၊ တတ်နိုင်သလောက် အိပ်မယ့်နေရာနဲ့ ဝေးဝေးမှာ ထားဖို့ အကြံပြုချင်ပါတယ်။

    ၃။ ဖုန်းကို အိပ်ယာ အနီးနားမှာထားပြီး ဖုန်းနှိုးစက်နဲ့ ထတဲ့သူတွေအနေနဲ့ ဖုန်းအစား နာရီ နှိုးစက်မျိုးကို ပြောင်းသုံးသင့်ပါတယ်။

    ၃။ မအိပ်ခင် ၂နာရီ၊ ၃နာရီလောက်မှာ ဖုန်း၊ ကွန်ပြူတာ စတဲ့ ပစ္စည်းတွေ အသုံးပြုခြင်းကို ဂရုတစိုက်ရှောင်ကြဉ်သင့်ပါတယ်။

    ကျန်းမာကြပါစေ။

    ရေးသားသူ- Khine Phoo Ngon

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 15/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement